အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် မေတ္တာရပ်ခံကြောင်းနှင့် ပင်လုံညီလာခံ အောင်မြင်ရေးမှာလည်း အရေးပါသောကိစ္စ ဖြစ်ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင် ပြောကြား

အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် မေတ္တာရပ်ခံကြောင်းနှင့် ပင်လုံညီလာခံ အောင်မြင်ရေးမှာလည်း အရေးပါသောကိစ္စ ဖြစ်ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင် ပြောကြား
Published 5 April 2018

ပုဒ်မ သုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အား ဧပြီ ၄ ရက်က ရှစ်ကြိမ်မြောက် ရုံးထုတ်တွင် တွေ့ရစဉ်

အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် မေတ္တာရပ်ခံကြောင်းနှင့် ပင်လုံညီလာခံ အောင်မြင်ရေးမှာလည်း အရေးပါသောကိစ္စ ဖြစ်ကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အား ဧပြီ ၄ ရက်က ရှစ်ကြိမ်မြောက် ရုံးထုတ်စဉ် ဒေါက်တာအေးမောင်က ပြောကြားသည်။

“ကျွန်တော်တို့က ပြည်ထောင်စု ငြိမ်းချမ်းရေးကို သွားချင်တယ်။ ကျွန်တော်တို့ပြောတာ အားလုံးလည်းပဲ အမျိုးသားရင်ကြားစေ့ရေး ဖြစ်တယ်။ ရသေ့တောင်မှာ ပြောတာကလည်း ကျွန်တော်တို့ ဖိတ်လို့ သွားခဲ့တာ။ ၂၅ မိနစ်လောက် ပြောခဲ့တဲ့အထဲမှာလည်း ပြည်ထောင်စုကို ငြိမ်းချမ်းရေးကိုပဲ ပြောခဲ့တာ။ စွပ်စွဲထားသလိုမျိုး မဟုတ်ဘူး။ နောက် အမျိုးသားရင်ကြားစေ့ရေးကို သွားတာဖြစ်တယ်။ နိုင်ငံရေး အကျဉ်းသားတွေ စောင့်မျှော်နေကြတယ်။ ဒီသြင်္ကန် မတိုင်ခင်လေးမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးနိုင်ပါစေလို့ မေတ္တာပို့တယ်။ သြင်္ကန်မတိုင်ခင် ပြည်သူတွေကို မေတ္တာပေးပါ။ ပြည်သူတွေဆီကလည်း မေတ္တာပြန်ရပါလိမ့်မယ်။ သုံးနှစ်တာ ကာလမှာ ကျွန်တော်တို့ ပြည်တွင်းစစ်ကြီး ရပ်ဖို့အတွက်လည်း ပင်လုံဟာ အရေးကြီးတယ်။ အားလုံးပါဝင်တဲ့ အခင်းအကျင်း ဖြစ်မှသာလျှင် ပြည်ထောင်စုကြီးဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို ရမယ်။ ၃၇ ချက် ရပြီးပြီ။ အဲဒီမှာပါတဲ့ အချက်တွေကို လူထုကို ပြောပြခဲ့ပြီးပြီ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရမယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့် ဆိုတာ ပြည်ထောင်စုက ပေးရမယ့် တာဝန်။ ဒါ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ထောင်စုကြီးကို ပြန်တည်ဆောက်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည် ကြိုးစားနေတယ်။ အဖေ့ရဲ့တာဝန်ကို သမီးက ပြန်ပြီး တည်ဆောက်နေတာ ကျွန်တော်တို့ ပါဝင်ချင်တယ်။ အစ်မကြီးနဲ့ဆိုရင် ကျွန်တော်တို့ အများကြီး ရင်းနှီးပါတယ်။ ကားနဲ့ သွားတုန်းက ပြောခဲ့တာ ရှိတယ်။ ကိုအေးမောင်ရေ အချိန်တွေ နှမြောဖို့ ကောင်းလိုက်တာ။ ကျွန်တော်တို့ဟာ အချိန်တစ်ခုကို ထိထိမိမိ သုံးချင်တယ်။ စည်းလုံးညီညွတ်ဖို့အတွက် တိုင်းရင်းသား တစ်မျိုးချင်းစီရဲ့ ခံစားချက်ကို ပြည်ထောင်စုကြီးက နားလည်ရမယ်။ ရှမ်းရဲ့ ခံစားချက်ကို ရခိုင်က နားလည်ရမယ်။ ရခိုင်ရဲ့ ခံစားချက်ကို ဗမာက နားလည်ရမယ်။ ကျွန်တော်တို့ဆိုရင် ထောင်ထဲမှာ ရက်ပေါင်း ၇၇ ရက်လောက် ရှိပါပြီ။ အမ်းက လူထု တစ်သိန်းကျော်ရဲ့ကိုယ်စား ကျွန်တော် ဘာမှပြောခွင့် မရှိဘူး။ ကျွန်တော်တို့ကို စွပ်စွဲထားတဲ့ အချက် သုံးချက်ဟာလည်း ဘာမှ ကျွန်တော်တို့နဲ့ မပတ်သက်ဘူး။ နိုင်ငံတော်ကို တည်ဆောက်နေတယ်။ နိုင်ငံတော်ကို ပုန်ကန်ခြားနားမှာ မဟုတ်ဘူး။ အကြည်ညိုပျက်အောင်လည်း မလုပ်ဘူး။ ကျွန်တော်တို့ ပြောတာ အားလုံးဟာ လူထုကို အခြေပြုပြီးမှ နိုင်ငံရေးလုပ်တာ ဖြစ်တယ်” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် (၂၃၃) နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောမှုဖြင့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ) ၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စာရေးဆရာ ဝေဟင်အောင်အား နေအိမ်မှ ခေါ်ယူ ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီ ၁၈ ရက်တွင် ဒေါက်တာအေးမောင်အား စစ်တွေမြို့ရှိ ၎င်း၏ နေအိမ်မှ ဖမ်းဆီးခဲ့သည်။

“သမ္မတသစ် ဦးဝင်းမြင့် လက်ထက်မှာ ထောင်ထဲက လူတွေအများကြီးက လွတ်ငြိမ်းချမ်းသာခွင့်အတွက် အများကြီး မျှော်နေကြတယ်။ စစ်တွေထောင်မှာ လူတစ်ထောင်လောက် ဆံ့ပေမယ့် ထောင့်ငါးရာလောက် ဖြစ်နေတယ်။ တစ်ယောက်နေရာမှာ သုံးယောက် ဝင်အိပ်နေရတယ်။ အကျဉ်းသားတွေ အတွက်လည်း အခွင့်အရေး ချိုးဖောက်ခံနေရသလို ဖြစ်နေတယ်။ နိုင်ငံတော်အတွက်လည်း ဘတ်ဂျက်တိုးပြီး ကုန်ရာရောက်နေတဲ့ အတွက်ကြောင့် အဲဒီလူတွေ ဦးဝင်းမြင့်ဆီက လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်နေကြတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အချိန်တန်ပြီလို့လည်း ကျွန်တော်မြင်တယ်” ဟု စာရေးဆရာ ဝေဟင်အောင်က ရုံးထုတ်စဉ် ပြောကြားသည်။

ထို့ပြင် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါဝင်မှ ဖက်ဒရယ် ပြည်ထောင်စုကို သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားပါတီ အားလုံးက မေတ္တာရပ်ခံခဲ့ကြောင်း၊ ပြည်ထောင်စုလွှတ်တော်ကို တက်ပေးရန်၊ ကျမ်းကျိန်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ ယင်းအတွက် တိုင်းရင်းသားပါတီ အားလုံးပါဝင်မှ အမျိုးသား ရင်ကြားစေ့ရေးကို ရမည်ဆိုသည့် သဘောနှင့် လုပ်ဆောင်ခဲ့ကြောင်း၊ အားလုံးအနေဖြင့် ဖယ်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရအောင် နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ မေတ္တာရပ်ခံကြောင်း ဒေါက်တာအေးမောင် က ပြောကြားသည်။

ရှစ်ကြိမ်မြောက် ရုံးထုတ်မှုနှင့် ပတ်သက်၍ စာရေးဆရာ ဝေဟင်အောင် အမှုအား လိုက်ပါ ဆောင်ရွက်ပေးသူ ရှေ့နေ ဒေါ်အေးနုစိန်က “ဒီနေ့ စစ်တွေခရိုင် တရားရုံးချိန်းကတော့ စစ်တွေမြို့နယ်မှာ ရှိနေတဲ့ အမှုနှစ်ခုကို စစ်တွေခရိုင်မှာ တစ်ပေါင်းတည်း စစ်ဆေးပေးဖို့ လျှောက်ထားတာကို အမိန့်ချဖို့ ဖြစ်ပေမယ့် ခရိုင်တရားရုံးက မူလအမှုတွဲကို ရခိုင်ပြည်နယ် တရားလွှတ်တော်က ခေါ်ယူသွားပြီ ဖြစ်တဲ့အတွက် အမိန့်မချနိုင်ဘူး ဆိုတာကို ကြားရပါတယ်။ မြို့နယ်မှာ အဲဒီအတိုင်းပဲ ရခိုင်ပြည်နယ် တရားလွှတ်တော်က ခေါ်ယူသွားပြီ ဖြစ်တဲ့အတွက် မြို့နယ်ရုံးမှာလည်း စစ်ဆေးတာ မလုပ်နိုင်ခဲ့ဘူး။ ဧပြီ ၁၈ ရက်ကို ပြန်လည် ချိန်းဆိုလိုက်ပါတယ်။ အမှုချေဖျက်တယ် ဆိုတာဟာ အမှုတစ်ခုလုံးကို ချေဖျက်ဖို့ တက်တာလည်း ဖြစ်ပါတယ်။ ဘယ်သူပဲ တက်တက် ချေဖျက်ဖို့ အကြောင်းခြင်းရာနဲ့ ဥပဒေညီညွတ်ခဲ့ရင် ချေဖျက်ပေးမှာပဲ။ ပေးလိုက်လို့ ရှိရင် ဝေဟင်အောင်လည်း အဲဒီအမှုမှာ အတူတူဖြစ်တဲ့အတွက် ချေဖျက်ခံရတဲ့အထဲ ပါသွားမှာပါ။ ဒါပေမဲ့ ကျွန်မဘက်ကတော့ အချိန်နည်းနည်း လိုသေးတယ်လို့ ယူဆတဲ့အတွက် ကျွန်မက တစ်ပေါင်းတည်း မတင်တာ ဖြစ်ပါတယ်။ အချိန်လိုသေးတယ်လို့ ယူဆတယ်” ဟု ပြောကြားသည်။

ဒေါက်တာ အေးမောင်၏ ရှေ့နေများက အမှုသုံးခုစလုံးကို ချေဖျက်ပေးရန် လျှောက်ထားသဖြင့် တရားလွှတ်တော်က မူလအမှုတွဲကို ခေါ်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။

“စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ရသွားရင် ကျွန်တော်တို့ အားလုံး ဖြေရှင်းပြီး ဖြစ်လိမ့်မယ်။ ကျွန်တော်တို့က အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို သွားတယ်။ ၂၀ ရာစုမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားဟာ တိုင်းရင်းသား အားလုံးရဲ့ရင်ထဲမှာ ရှိတယ်။ အဲဒီတော့ လက်နက်ကိုင် ပဋိပက္ခကို ဖြေရှင်းနိုင်ရမယ်။ အမျိုးသား ရင်ကြားစေ့ရေးကို သွားနိုင်ရမယ်။ အဲဒါဟာ ကျွန်တော်တို့ရဲ့ ၂၁ ရာစုပင်လုံမှာ ဒေါ်အောင်ဆန်းစုကြည် လုပ်ရမယ့် တာဝန်ပဲ။ ၂၁ ရာစုပင်လုံရဲ့ အကြွေးကို ဒေါ်အောင်ဆန်းစုကြည် ပြန်လည် တည်ဆောက်နိုင်ရမယ်။ အဲဒါဟာ ၂၁ ရာစုပင်လုံရဲ့ အောင်ပွဲ ဖြစ်တယ်။ နောက်ပြီး ဟိုဘက်က စွပ်စွဲချက်နဲ့ ကျွန်တော်ပြောတာနဲ့ မတူဘူး။ စာသား ပြန်ပြင်ထားတာ။ အဲဒါလေးကို ဦးညီပု ပြန်ဖတ်ရင် စိတ်ကောင်းမှာ မဟုတ်ဘူး။ ကျွန်တော်လည်း စိတ်မကောင်းဘူး။ စွပ်စွဲချက်တွေ အားလုံးဟာ လိုရာဆွဲပြီးမှ စာသား ပြန်စီထားတဲ့ အခါကျတော့ ဒါလေးတွေကို စဉ်းစားစေချင်တယ်။ ကျွန်တော် ပြောခဲ့သလိုပေါ့။ အမျိုးသား ရင်ကြားစေ့ရေးကိုလည်း သွားဖို့လိုတယ်။ နောက်တစ်ခုက ကျွန်တော်တို့ပြောတာ အားလုံးက Prossess တွေကိုပဲ ပြောခဲ့တာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုအောက်မှာ နိုင်ငံရေးပါတီ ထောင်တယ်။ ဖက်ဒရယ် ပြည်ထောင်စုမှာ ရအောင်ယူမယ် ဆိုတာကို ဘာညာအဓိပ္ပာယ် ဖွင့်လိုက်တာကတော့ လွဲနေတယ်” ဟု ဒေါက်တာအေးမောင်က မတ် ၁၄ ရက် ရုံးထုတ်စဉ် ပြောကြားသည်။

“ကျွန်တော်တို့ အခုဆိုရင် တရားလိုတွေရဲ့ စွပ်စွဲချက်တွေ အားလုံးဟာ သက်သေခံ ဥပဒေနဲ့ ကင်းကွာနေကြတာ ရှိတယ်။ အမှုမမြောက်နိုင်ဘူး ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိကြတာပေါ့ဗျာ။ မြောက်ဦးပဋိပက္ခနဲ့ ကျွန်တော် လုံးဝပတ်သက်မှု မရှိဘူး။ ကျွန်တော်တို့ဟာ ရသေ့တောင်မှာ ဖြစ်တာ။ မိုင်ပေါင်း ဆယ်ကျော် ဝေးတဲ့နေရာမှာ ဖိတ်ကြားထားလို့ ကျွန်တော်တို့က သွားပြီး တရားဟောခဲ့တာ။ အဲဒီလိုမျိုးဟောခဲ့တာ လေးနှစ် ငါးနှစ်လောက် ရှိပြီ။ ဒါက သမိုင်းအရ ပြောနေတဲ့အခါကျတော့ ဒါကိုအားလုံးက သဘောပေါက်ဖို့ လိုတယ်” ဟု ဒေါက်တာအေးမောင်က မီဒီယာများအား မတ် ၁၉ ရက်က ပြောကြားခဲ့သည်။