အဂတိလိုက်စားမှုများ ယခုအထိ မလျော့ကျသေးဘဲ ဆိုးဆိုးရွားရွား လက်ရဲဇက်ရဲ ဖြစ်နေဆဲဖြစ်ပြီး သတင်းပေးတိုင်ကြားသူများအား အပြည့်အ၀ ကာကွယ်မှုပေးရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

အဂတိလိုက်စားမှုများ ယခုအထိ မလျော့ကျသေးဘဲ ဆိုးဆိုးရွားရွား လက်ရဲဇက်ရဲ ဖြစ်နေဆဲဖြစ်ပြီး သတင်းပေးတိုင်ကြားသူများအား အပြည့်အ၀ ကာကွယ်မှုပေးရန်လိုကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး
Published 14 March 2018

အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမမှ ပြန်လည်ထွက်ခွာလာသော လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ်

အဂတိလိုက်စားမှုများ ယခုအထိ မလျော့ကျသေးဘဲ ဆိုးဆိုးရွားရွား လက်ရဲဇက်ရဲဖြစ်နေဆဲဖြစ်ပြီး သတင်းပေးတိုင်ကြားသူများအား အပြည့်အဝကာကွယ်မှုပေးရန်နှင့် ကော်မရှင်မှ မညွှန်ကြားမချင်း ဌာနဆိုင်ရာများအနေဖြင့် အမှုတွဲအား ကြိုတင်စစ်ဆေးအရေးယူခြင်း မပြုရဆိုသည့်စကားရပ် ထည့်သွင်းသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးခဲ့သည်။

မတ်လ ၁၃ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဒေါက်တာခွန်ဝင်းသောင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္တအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာခွန်ဝင်းသောင်းက “အဂတိလိုက်စားမှုတွေ ခုထက်ထိမလျော့ကျသေးဘဲ ဆိုးဆိုးရွားရွား လက်ရဲဇက်ရဲဖြစ်နေပါတယ်။ တိုင်ကြားချက်သတင်းတွေအရ ကျူးလွန်သူ ၁၂ ဦး ထက်မနည်းက ထွက်ပြေးလွတ်မြောက်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိရောက်အောင် ဆောင်ရွက်ကြဖို့ အားလုံးမှာတာဝန်ရှိပါတယ်။ သတင်းပေးရဲအောင် သတင်းပေးပို့သူတွေကို အပြည့်အ၀ ကာကွယ်မှုပေးနိုင်တဲ့ အစီအစဉ်တွေ၊ သာမန်ဝန်ထမ်းကနေ မတန်မရာ ကြီးပွားလာမှုဖြစ်လာရင် လုပ်ပိုင်ခွင့်ရ ဝန်ထမ်းတွေအနေနဲ့ လျှမ်းလျှမ်းတောက်ဖြစ်လာရင် လေ့လာစောင့်ကြည့်အဖွဲ့တွေ သီးခြားဖွဲ့ပြီး အရပ်သား CSO တွေနဲ့ပူးပေါင်းကာ ဖော်ထုတ်နိုင်စေခြင်းငှာ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တိုးမြှင့်ပေးထားတဲ့ ပုဒ်မ ၂၃ ကို အသက်ဝင်အောင် အကောင်အထည်ဖော်နိုင်ဖို့ အကြံပြုလိုပါတယ်” ဟု ဆွေးနွေးခဲ့သည်။

လက်ရှိအနေအထားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ကြုံတွေ့နေရသည့် အခက်အခဲတစ်ခုမှာ တိုင်ကြားမှုကို သက်ဆိုင်ရာဌာနသို့ မိတ္တူပေးပို့ရာမှာ ဌာနတွင်းအစီအမံဖြင့် တိုင်ကြားခံရသူကို ကြိုတင်စစ်ဆေးခြင်း၊ အရေးယူခြင်းများကို ဦးစွာလုပ်လိုက်သည့်အတွက် ကျူးလွန်သူများကို အပြစ်လျော့ပေါ့ သက်သာရာရသွားစေခြင်းမျိုးရှိသည့်အပြင် ဝိုင်းဝန်းဖုံးဖိကြပြီး တိုင်ကြားမှုမခိုင်မာသလိုနှင့် တိုင်ကြားသူကို ပြန်ပြီးစွပ်စွဲခြိမ်းခြောက်ခြင်း၊ နောက်လူများမတိုင်ကြား၊ မတိုင်ပြဝံ့အောင် တွန့်ဆုတ်သွားစေသည့် အခြေအနေမျိုးများရှိနေကြောင်း ဒေါက်တာခွန်ဝင်းသောင်းက ဆွေးနွေးခဲ့သည်။

ဒေါက်တာခွန်ဝင်းသောင်းက ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့် ပုဒ်မ ၁၆ ပုဒ်မခွဲ ၄ တွင် အစားထိုးထားသည့် စကားရပ်နောက်တွင် “တိုင်ကြားခံရသူများကို ကော်မရှင်က မညွှန်ကြားမချင်း၊ မိတ္တူလက်ခံရရှိသည်နှင့် ဆိုင်ရာဌာနများမှ ယင်းအမှုကို ကြိုတင်စစ်ဆေးအရေးယူခြင်း အဆောတလျင်မပြုစေရ” ဆိုသည့်စကားရပ်ကို ဖြည့်စွက်လိုကြောင်း ဆွေးနွေးခဲ့သည်။

“မြန်မာ့ရေးရာ လေ့လာရေးစင်တာက ရန်ကုန်တိုင်းဒေသကြီးအတွင်း စစ်တမ်းကောက်ယူရာမှာ အဂတိလိုက်စားမှု အများဆုံးဖြစ်လေ့ရှိတဲ့ ဌာနတွေအဖြစ် ရဲ၊ လဝက၊ စည်ပင်၊ တရားရေးတို့ဖြစ်ပြီး ပညာရေးနဲ့ ကျန်းမာရေးက အနည်းဆုံးဖြစ်နေပါတယ်။ ဒါကြောင့် လူထုနဲ့ထိတွေ့ဆက်ဆံရလေလေ အဂတိလိုက်စားမှု အများဆုံးဖြစ်ပေါ်လေလေလို့ ကောက်ချက်ချနိုင်ပါတယ်။ အကျင့်ပျက်ခြစားမှုကနေ အကာအကွယ်ပေးနိုင်တဲ့အထိ ဥပဒေအသစ်ကိုပြဋ္ဌာန်းပြီး ကော်မရှင်အနေနဲ့ ပြည်သူတွေနဲ့အတူ အဂတိလိုက်စားမှုတရားခံတွေကို ဖော်ထုတ်နိုင်ပါစေ” ဟု ဒေါက်တာခွန်ဝင်းသောင်းက ဆိုသည်။

ထို့ပြင် ယခုဥပဒေအား ပြင်ဆင်စရာမလိုသည်အထိ ပြည့်စုံသထက်ပြည့်စုံအောင် ယခုကတည်းက ဝိုင်းဝန်းကြိုးစားရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစီအမံနည်းနာသစ်များနှင့် ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့် ဖော်ဆောင်နေရာတွင် အဂတိလိုက်စားမှုလျော့ကျရန် များစွာအရေးကြီးကြောင်း၊ အဂတိလိုက်စားမှု မြင့်မားသည်နှင့်အမျှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နည်းပါးခြင်းသည် ဆက်စပ်နေကြောင်း၊ အဂတိတရားတိုးပွားနေပါက တိုင်းပြည်ဘဏ္ဍာအခွန် လျော့ပါးစေကြောင်း၊ ဖွံ့ဖြိုးရေးပရောဂျက်ကြီးများတွင် အရည်အသွေးကျဆင်းပြီး နောက်ဆက်တွဲ ပြုပြင်ထိန်းသိမ်းကုန်ကျစရိတ်များ ထပ်မံဖြည့်ဆည်းရခြင်း စသည်ဖြင့် သမင်မွေးရင်း ကျားစားရင်း ဖြစ်နေကြောင်း ၎င်းက ပြောကြားသည်။

ဒေါက်တာခွန်ဝင်းသောင်းက “ကျွန်တော်ဆွေးနွေးတဲ့အထဲမှာ ပုဒ်မ ၂၃ ကို အကောင်အထည်ဖော်ဖို့ ပါပါတယ်။ ဗဟိုကနေပဲ ဆောင်ရွက်နေရင် လိုချင်တဲ့အဖြေမရနိုင်သေးဘူး။ အောက်ခြေအင်အားတွေယူပြီးလုပ်မှ အဂတိလိုက်စားမှုကို တိုက်ဖျက်နိုင်မှာ။ ကျွန်တော်တို့နယ်မြေမှာဆိုရင် မြင်နေရတာပဲလေ။ ဥပဒေပြဋ္ဌာန်းရုံနဲ့တော့မရဘူး။ အခုဖွဲ့ထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သူတို့တကယ်လုပ်ချင်တဲ့ စေတနာရှိတယ်။ ဒါပေမဲ့သူတို့ချည်းပဲမနိုင်နိုင်ဘူး။ အခုက ကော်မရှင်ကို လုပ်ပိုင်ခွင့်ပေးထားတာပဲ။ လုပ်နိုင်ဖို့ပဲလိုတာ။ ပေးထားတဲ့အခွင့်အရေး၊ လုပ်ပိုင်ခွင့်တွေကို အပြည့်အ၀ အကောင်အထည်ဖော်နိုင်အောင် လုပ်ဖို့ပဲလိုတယ်။ ပုဒ်မ ၂၃ မှာ ကော်မရှင်ကို အဖွဲ့တွေဖွဲ့ ပြီးလုပ်ဖို့ အခွင့်အရေးတွေပေးထားတယ်။ သူတို့မလုပ်သေးတာ” ဟု သတင်းထောက်များအား ပြောကြားသည်။

ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက “ဒီဥပဒေမှာ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့ အတိုက်အခံဆွေးနွေးခဲ့ရပါတယ်။ ကော်မရှင်အသစ်ရဲ့ လုပ်ပိုင်ခွင့်တွေ တကယ်တမ်းလုပ်လို့ရအောင် အခြေခံပြီး ဆွေးနွေးခဲ့ရပါတယ်။ မြေပြင်ကို ကွင်းဆင်းတဲ့အခါမှာ ပြည်သူတွေတင်ပြတာက တရားရေး၊ လဝက၊ မြေစာရင်း၊ ရဲ အဲဒီက လာဘ်ပေးလာဘ်ယူတွေကိုတိုင်တာ။ အဲဒါတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့အတွက် ပုဒ်မ ၄၃ (ခ) ကိုပြင်ပေးဖို့ ဆွေးနွေးခဲ့တာ။ ဆွေးနွေးခဲ့တဲ့ရလဒ်ကတော့ ပုဒ်မ ၄၃ (ခ) မှာဆိုရင် မည်သူမဆို ဆိုတဲ့စကားရပ်ကို ပြင်ထားပါတယ်။ ကော်မရှင်အသစ်က ကော်မရှင်အဟောင်းထက် အများကြီးအလုပ်လုပ်တယ်။ အခု ၁၂ ဦး ကြေညာထားတယ်။ တစ်ဦးကိုဖမ်းမိတယ် စသဖြင့်ပေါ့။ ပြောချင်တာက မြန်မြန်ဆန်ဆန် အလုပ်လုပ်နေတယ်ဆိုတာတော့ ငြင်းလို့မရပါဘူး” ဟု သတင်းထောက်များအား ပြောကြားသည်။