အများပြည်သူ အကျိုးအတွက်ပြောခြင်းဖြစ်သဖြင့် စီးပွား/ ကူးသန်းဝန်ကြီးဌာနက တရားစွဲမည်ဆိုပါက မေတ္တာဖြင့်သာတုံ့ပြန်မည်ဟု မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ရှင်းလင်း

အများပြည်သူ အကျိုးအတွက်ပြောခြင်းဖြစ်သဖြင့် စီးပွား/ ကူးသန်းဝန်ကြီးဌာနက တရားစွဲမည်ဆိုပါက မေတ္တာဖြင့်သာတုံ့ပြန်မည်ဟု မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ရှင်းလင်း
Published 31 December 2017

စီးပွား/ ကူးသန်းဝန်ကြီးဌာနက တရားစွဲမည်ဆိုပါက မေတ္တာဖြင့်သာတုံ့ပြန်မည်ဟုမြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်း ရှင်းလင်းစဉ်

စီးပွား/ ကူးသန်းဝန်ကြီးဌာနက တရားစွဲမည်ဆိုပါက မေတ္တာဖြင့်သာတုံ့ပြန်မည်ဟု မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဒီဇင်ဘာ ၃၀ ရက်က သတင်းစာရှင်းလင်းစဉ်

အများပြည်သူ အကျိုးစီးပွားအတွက် ပြောခြင်းဖြစ်သဖြင့် စီးပွား/ ကူးသန်းဝန်ကြီးဌာနက တရားစွဲဆိုမည်ဆိုပါက မေတ္တာဖြင့်သာတုံ့ပြန်မည်ဟု မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေးအသင်းက ဒီဇင်ဘာ ၃၀ ရက်တွင် အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်း မဟာသုခိတာလမ်းရှိ ယိုးဒယားတောင်ကျောင်း၌ သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်သည်။

“အရပ်ဘက်က စားသုံးသူကာကွယ်ရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့ အစိုးရဘက်က စားသုံးသူရေးရာဦးစီးဌာနနဲ့ အရင်အစိုးရတုန်းက ပေါင်းလုပ်လာခဲ့ပြီးတော့ အခု ပြည်သူ့အစိုးရဆိုပြီး တက်လာတဲ့အချိန်ကျတော့မှ ဒီလိုမျိုး ပြည်သူ့အစိုးရလက်ထက်ကျမှ တရားစွဲမယ်ဆိုတာတော့ မဖြစ်သင့်တဲ့ကိစ္စပေါ့။ ကျွန်တော်က အများအကျိုးအတွက် လုပ်နေတဲ့အတွက် မေတ္တာဖြင့်သာ တ့ုံပြန်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ တောင်းပန်ခြင်းဆိုတာတော့ ကျွန်တော်တို့က မဟုတ်တာလုပ်ရင် တောင်းပန်ရမှာပေါ့။ ကျွန်တော်တို့က ကျွန်တေ်ာတို့အလုပ်ကို ကျွန်တော်တို့ လုပ်တာပါ” ဟု မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံစားသုံးသူကာကွယ် ရေးအသင်းက ၎င်းတို့အပေါ် တရားစွဲဆိုမည် ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ စားသုံးသူပြည်သူများ၊ စာနယ်ဇင်းများ၊ စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပဲကုန်သည်များ၊ ပဲစိုက်တောင်သူများသို့ အသိပေးရှင်းလင်းချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်စာတွင် “၎င်းတို့ ကန့်ကွက်ရခြင်းမှာ ပဲစိုက်တောင်သူများ၊ ပဲကုန်သည်များ ထိခိုက်နစ်နာစေလို၍ မဟုတ်သည့်အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနကို အများပြည်သူ အကြည်ညိုပျက်စေရန်၊ အစိုးရဌာနနှင့် ပြည်သူများအကြား သဘောထားကွဲ စေရန်ရည်ရွယ်၍ ထုတ်ပြန်ရခြင်းမဟုတ်ကြောင်း၊ စားသုံးသူများ ပိုးသတ်ဆေးအန္တရာယ် ကင်းရှင်းစေလိုသော စေတနာနှင့် ပဲစိုက်တောင်သူများအနေဖြင့် မလိုအပ်ဘဲ ပိုးသတ်ဆေးသုံးစွဲမှု၊ သိုလှောင်ရာတွင်လည်း ပိုးသတ်ဆေးမသုံးဘဲ သဘာဝနည်းများဖြင့် သိုလှောင်နိုင်စေရန် ပညာပေးမှုများကျယ် ပြန့်စွာပြုလုပ်စေလိုသည့် စေတနာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း” အစရှိသည်တို့ ပါဝင်သည်။

“နိုင်ငံတော်၏အတိုင်ပင်ခံကိုယ်တိုင်က အစိုးရကို ဝေဖန်ပါ၊ ထောက်ပြပါလို့ ပြောထားတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ ခေါင်းစဉ်အောက်က ကာကွယ်ရမယ့် အလုပ်ကိုလုပ်တာပါ” ဟု မြန်မာနိုင်ငံစားသုံးသူကာ ကွယ်ရေးအသင်းအတွင်းရေးမှူး (၂) စီမံရေးရာ ကော်မတီမှ ဦးကိုကိုနိုင်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးအသင်း၏ အသိပေးရှင်းလင်းချက်တွင် “ဒီဇင်ဘာ ၂၈ ရက်မှစ၍ ပဲကုန်သည်များက ၎င်းတို့ထံ ဆက်သွယ်၍ ပဲစင်းငုံများကို အိန္ဒိယက မဝယ်တော့သဖြင့် ပဲစင်းငုံတန်ချိန် ၇၀၀၀၀ ခန့် စုပြုံနေ၍ မလွဲသာမရှောင်သာ ပိုးမတက်စေရန် အိန္ဒိယမှလာသည့် ပိုးသတ်ဆေးပြားများကို ပိုးမတက်စေရန် ပဲအိတ်များအကြားတွင်ထည့်၍ တာလပတ်များအုပ်ပြီး သိုလှောင်ထားရကြောင်း၊ ယင်းကြောင့် စားသုံးသူ ကာကွယ်ရေးအသင်းသို့ ဆက်သွယ်၍ ပိုးသတ်ဆေးမသုံးဘဲ သဘာဝနည်းများဖြင့် သိုလှောင်သော နည်းစနစ်များရှိပါက အကူအညီပေးပါရန် အကူအညီတောင်းခံထားကြောင်း၊ ပဲများတွင် ပိုးသတ်ဆေးများပါရှိနေခြင်းကို ဓာတ်ခွဲခန်းတွင် စစ်စရာမလိုကြောင်း၊ ပဲစိုက်တောင်သူများ၏ ဝန်ခံပြောပြချက်အရ ပိုးသတ်ဆေးဖြင့် သိုလှောင်ထားသည့် ပဲများကို လာစားသော ကြွက်များ သေဆုံးခြင်း၊ ဂိုဒေါင်ခေါင်မိုးပေါ်တွင် အိပ်နေသော ကြက်များပင် အောက်မှပိုးသတ်ဆေးအငွေ့ကြောင့် သေဆုံးခြင်းများရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းအနေဖြင့် လိုအပ်ပါက ထိုပဲများကို ပြည်ပရှိ ဓာတ်ခွဲခန်းများတွင် ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်းတို့ ပါရှိသည်။

ထို့ပြင် ၎င်းတို့အသင်းသည် ယခင်အစိုးရလက်ထက်ကတည်းက  စားသုံးသူကာ ကွယ်ရေးဦးစီးဌာနနှင့် ပညာပေးဟောပြောခြင်းများ၊ ကျောင်းများ၊ စက်ရုံစစ်ဆေးမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိပြည်သူ့အစိုးရလက်ထက်တွင်မှ တရားစွဲမည်ဆိုခြင်းမှာ ယခုပြဿနာ ပြေလည်သွားမည် မဟုတ်သည့်အပြင် ပြည်သူလူထုနှင့် အစိုးရကြား၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများကြားတွင် ပြဿနာကို ပိုမိုကြီးထွားစေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း၏ အသိပေးရှင်းလင်းစာတွင် ဖော်ပြထားသည်။