နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အိုးဘိုနှင့်အင်းစိန် အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူ အကျဉ်းသားခုနစ်ဦးအား ပထမဆုံးအဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေး

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အိုးဘိုနှင့်အင်းစိန် အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူ အကျဉ်းသားခုနစ်ဦးအား ပထမဆုံးအဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေး
Published 8 August 2017


လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေးအိုးဘိုထောင်မှ ပြန်လည်လွတ်မြောက်လာသူများကို တာဝန်ရှိသူများက သြဝါဒပေးနေစဉ်

နိုင်ငံတော်သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေး အိုးဘိုထောင်နှင့် အင်းစိန်ဗဟိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူ အကျဉ်းသား ခုနစ်ဦးအား သြဂုတ် ၇ ရက်က ပထမဆုံးအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောကြားသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့သူများမှာ မန္တလေးအိုးဘိုထောင်မှ သုံးဘာသာဂုဏ်ထူးရှင်တစ်ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် လေးဦး၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ တစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦးတို့ဖြစ်ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ခြင်းဖြစ်သည်။

အိုးဘိုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများမှာ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ကျခံနေရသည့် သုံးဘာသာဂုဏ်ထူးရှင် မရွှန်းလဲ့ဝေကျော်၊ လူသေစေမှုဖြင့် ထောင်ဒဏ်သုံးနှစ် ကျခံနေရသည့် တစ်ဘာသာဂုဏ်ထူးရှင် မောင်ထွဋ်ခေါင်မြင့်အောင်၊ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ကျခံနေရသည့် တစ်ဘာသာဂုဏ်ထူးရှင် မောင်ဟိန်းထက်အောင်၊ မူးယစ်မှုဖြင့် ထောင်ဒဏ်ရှစ်နှစ် ကျခံနေရသည့် တစ်ဘာသာဂုဏ်ထူးရှင် မောင်လှိုင်မင်းဦး၊ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်လေးနှစ်ကျခံနေရသည့် တစ်ဘာသာဂုဏ်ထူးရှင် မောင်အောင်ချမ်းမင်းတို့ဖြစ်ကြောင်း သိရသည်။

အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူနှစ်ဦးတွင် ယခင်နှစ်က တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူ တစ်ဦးပါဝင်ပြီး ကျန်တစ်ဦးမှာ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံနေရသူဖြစ်သည်။

“ဒီလိုဂုဏ်ထူးနဲ့အောင်ပြီး လွှတ်ပေးတာ အရင်တုန်းက မရှိခဲ့ပါဘူး။ ဒါက ပထမဆုံးဖြစ်ပါတယ်” ဟု အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောကြားသည်။

“သမီးလုံး၀ ထင်မှတ်မထားပါဘူး။ ဂုဏ်ထူးမပါဘဲ ရိုးရိုးအောင်မြင်ခဲ့တဲ့ သူငယ်ချင်းတွေအတွက်တော့ အရမ်းစိတ်မကောင်း ဖြစ်မိပါတယ်။ ခုလိုသမီးတို့ ပညာဆက်သင်ခွင့်ရအောင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ သမ္မတကြီးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြန်လည်လွတ်မြောက်လာသည့် သုံးဘာသာဂုဏ်ထူးရှင် မရွှန်းလဲ့ဝေကျော်က ပြောကြားသည်။

“သူတို့လေးတွေက ပညာတစ်ပိုင်းတစ်စနဲ့ ဆက်ပြီးတော့ အပြင်မှာ ပညာသင်ကြားလို့လည်းရအောင် နောက်ပြီးတော့ အကျဉ်းထောင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လိုက်နာတာပေါ့” ဟု အင်းစိန်ဗဟိုအကျဉ်းထောင်၊ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြောကြားသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်မှ ၂၀၁၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော အကျဉ်းသားကိုးဦးနှင့် စာသင်ကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ဇူလိုင် ၁၅ ရက်က အင်းစိန် ဗဟိုအကျဉ်းထောင်တွင် ပြုလုပ်ခဲ့ပြီး ၎င်းတို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

Writer : အောင်မျိုးသန့်၊ ယဉ်မျိုးသွယ်

Most Recent