အမေရိကန်က ကမ္ဘာ့လူ့အခွင့်အရေးနှင့ ်ပတ်သက်၍ ပိတ်ဆို့မှုအသစ်များ ထုတ်ပြန်ရာ၌ မြန်မာနိုင်ငံမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး ပါဝင်

အမေရိကန်က ကမ္ဘာ့လူ့အခွင့်အရေးနှင့ ်ပတ်သက်၍ ပိတ်ဆို့မှုအသစ်များ ထုတ်ပြန်ရာ၌ မြန်မာနိုင်ငံမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး ပါဝင်
Published 22 December 2017

ဒီဇင်ဘာ ၂၀ ရက်က အိမ်ဖြူတော်တွင် ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတစ်ရပ်သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင် တက်ရောက်နေပုံ (Photo -AFP)

အမေရိကန်ပြည်ထောင်စုသည် ဒီဇင်ဘာ ၂၁ ရက်တွင် ကမ္ဘာတစ်လွှားမှ လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲခံရသူများအပေါ် ပိတ်ဆို့မှုစာရင်းတစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) မွတ်စလင်ရွာသားများအား လူမျိုးစုလိုက် သုတ်သင်မှု စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်ဟု စွပ်စွဲခံရသော မြန်မာနိုင်ငံမှ ဗိုလ်ချုပ်တစ်ဦး ပါဝင်ကြောင်း သိရသည်။

ပထမဆုံးအဖြစ် အကြီးတန်းတာဝန်ရှိ သူ ၁၄ ဦးစာရင်းကို ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး ပါဝင်လာခြင်း ဖြစ်သည်။ ဗိုလ်ချုပ်မောင်မောင်စိုးအား တပ်မတော်အရန်အင်အားအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့လိုက်ပြီး  ၎င်း၏နေရာကို တပ်မတော်ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် စိုးတင့်နိုင်အား အစားထိုးခန့်အပ်ခဲ့ကြောင်း နိုဝင်ဘာ ၁၄ ရက် သတင်းများက ဖော်ပြခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ မဂ္ဂနစ်စကီး လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိမှုအက်ဥပဒေအရ  ချမှတ်သည့် အဆိုပါ အမည်မည်းစာရင်းတွင်  ဗိုလ်ချုပ်မောင်မောင်စိုးနှင့်အတူ ဂမ်ဘီယာ သမ္မတဟောင်း ယာဟွာဂျမ္မားနှင့် ဥဇဘတ် ခေါင်းဆောင်ဟောင်း၏ သမီး ဂူနာရာကာရီမိုဗာတို့လည်း ပါဝင်သည်။

“ဒီကနေ့ အရေးယူမှုတွေဟာ ကျွန်တော်တို့ရဲ့ စံတန်ဖိုးတွေကို တိုးမြှင့်ပြီး အမေရိကန်ပြည်ထောင်စု၊ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေရဲ့ လုံခြုံရေးကို မြှင့်တင်တာပါ”  ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်က  ထုတ်ပြန်ချက်တစ်ရပ်၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ နမူနာအားဖြင့် ဦးဆောင်ရပါမယ်။ ဒီကနေ့ ပိတ်ဆို့မှုတွေ ကြေညာတာဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေနဲ့ ခြစားမှုမှာ ပါဝင်သူတွေအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်ပြီး အရေးပါတဲ့ အကျိုးဆက်တွေခံရအောင် ဆက်လက်လုပ်ဆောင်မယ်လို့ သရုပ်ဖော်ပြလိုက်တာပါပဲ” ဟုလည်း တေလာဆင်က ပြောကြားခဲ့သည်။

ရုရှားအရာရှိများကို ပစ်မှတ်ထားခဲ့သည့် ယခင် အမေရိကန်ဥပဒေတစ်ရပ်ကို အခြေခံလျက် ကမ္ဘာလုံးဆိုင်ရာ အက်ဥပဒေ တစ်ခုအား ၂၀၁၆ ခုနှစ် အနှောင်းပိုင်းတွင် အတည်ပြုခဲ့ပြီး အမေရိကန်သံတမန်များနှင့် ဘဏ္ဍာရေးအရာရှိများသည် ကမ္ဘာပေါ်၌ အဆိုးရွာဆုံး ကျူးလွန်သည်ဟု ယူဆရသူများစာရင်းကို စုဆောင်းရန် တစ်နှစ်အချိန်ယူခဲ့ကြသည်။

Ref ; AFP