EMG ၏ မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံခံရမှု တစ်နှစ်ပြည့်ပြီဖြစ်သော်လည်း အမှုမှန်မပေါ်ပေါက်သေးသည့်အတွက် အမှုမှန်ဖော်ထုတ်ပေးရန် မုံရွာမြို့တွင် စုဝေးတောင်းဆို

EMG ၏ မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံခံရမှု တစ်နှစ်ပြည့်ပြီဖြစ်သော်လည်း အမှုမှန်မပေါ်ပေါက်သေးသည့်အတွက် အမှုမှန်ဖော်ထုတ်ပေးရန် မုံရွာမြို့တွင် စုဝေးတောင်းဆို
Published 14 December 2017

ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် ကျန်ရစ်သူမိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဖက်များ အမှုမှန်ဖော်ထုတ်ပေးရေး စုဝေးတောင်းဆိုစဉ်

Eleven Media Group ၏ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု တစ်နှစ်ပြည့်ခဲ့သော်လည်း အမှုမှန်မပေါ်ပေါက်သေးသဖြင့် အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးရန် ဒီဇင်ဘာ ၁၃ ရက် ညနေ ၄ နာရီက မုံရွာမြို့ ကန်သာယာ ကျောက်တိုင်ကွင်း၌ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်များနှင့် မြို့ခံများက စုဝေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။

Eleven Media Group ၏ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု တစ်နှစ်ပြည့်ခဲ့သော်လည်း ကျူးလွန်ခဲ့သူ တရားခံအား ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့်အပေါ် ၎င်း၏မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်များနှင့် မြို့ခံများက ဝေဖန်မှုများပြုလုပ်ခဲ့ကြသည်။

သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ် ခံရချိန်တွင် ကျန်ရစ်ခဲ့သည့် အသက်ရှစ်နှစ်ကျော်အရွယ် ၎င်း၏သားငယ်လေးအား တွေ့ရစဉ်

ထို့ပြင် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခြင်းခံရမှု တစ်နှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ် ပြုလုပ်ရာသို့ မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်သတင်းထောက်များ၊ လွှတ်တော်ကိုယ်စားလှယ်အချို့ နှင့် ၎င်း၏မြို့ခံ မိတ်ဆွေများ၊ EMG လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

“ကျွန်မရဲ့သားလေးကို ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ဒီနေ့ဆိုရင် တစ်နှစ်ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့ အခုအချိန်အထိ အမှုမှန်က မပေါ်ပေါက်သေးပါဘူး။ ကျွန်မရဲ့အသက်က ၆၅ နှစ်ကျော်ပါပြီ။ ကျွန်မအသက်ရှိ နေတဲ့ကာလအတွင်းမှာတော့ အမှုမှန်ပေါ်ပေါက်တာ မြင်သွားချင်ပါတယ်။ အမှုမှန်အမြန်ဆုံး ပေါ်ပေါက်အောင် ဝိုင်းဝန်းကူညီပေးကြပါလို့ တောင်းဆိုချင်ပါတယ်”ဟု လုပ်ကြံခံခဲ့ရသူ ကိုစိုးမိုးထွန်း၏ မိခင်ဖြစ်သူက ပြောကြားသည်။

ထို့ပြင် သတင်းထောက် ကိုစိုးမိုးထွန်း၏ ဇနီးဖြစ်သူ မခင်ချိုလတ်က “အမှုက တစ် နှစ်ပြည့်သွားခဲ့ပြီ။ ဒါပေမဲ့ ဘာမှမထူးခြားသေးပါဘူး။ သူ့ရဲ့အမှုကို မေ့ဖျောက်ခံထားရသလားလို့ ကျွန်မ စိုးရိမ်နေမိတယ်။ အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေချင်တယ်။ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားခဲ့သလို ဒီအမှုမှာက  တစ်ဦးတစ်ယောက်ထက် မကဘူး။ နောက်ကွယ်ကနေ ပါဝင်ပတ်သက်နေသူတွေအများကြီး ရှိနေနိုင်ပါတယ်။ အဲဒီ နောက်ကွယ်ကနေ သူတွေကိုပါ ဖော်ထုတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဒီလူသတ်မှုကိုမှ မဖော်ထုတ်နိုင်ရင် ဝန်ကြီးချုပ်ပြောကြားခဲ့သလို မုံရွာမြို့အတွက်သာမက သက်ဆိုင်သူတွေအတွက်ပါ  သိက္ခာကျစေနိုင်ပါတယ်။ ဒါကြောင့် အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု ပြောကြားသည်။

Eleven Media Group ၏ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု တစ်နှစ်ပြည့်အဖြစ် နံနက်ပိုင်းတွင် ၎င်း၏ မိသားစုဝင်များက မုံရွာမြို့ လယ်တီရပ်ရှိ ဧသုဝတီစာသင်တိုက်တွင် နေ့ဆွမ်းဆက်ကပ် အမျှပေးဝေခဲ့ကြသည်။

ညနေ ၄ နာရီခန့်တွင် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခြင်းခံရမှု တစ်နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနှင့် အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးရေးအတွက် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက် သတင်းထောက်များ၊ လွှတ်တော်ကိုယ်စားလှယ်အချို့ အပါအဝင် 'ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုအပေါ် အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးရေးအတွက် အမေ့လျော့ခံ ကိုစိုးမိုးထွန်းအမှု အမြန်ဆုံးဖော်ထုတ်ပေး၊ သတင်းသမားဘဝ  လုံခြုံရေး အပြည့်အ၀ ကာကွယ်ပေး၊ မတရားမှု မှန်သမျှ အလိုမရှိ၊ တရားဥပဒေစိုးမိုးရေး ချက်ချင်း ဆောင်ရွက်ပေး၊ အကြမ်းဖက်သတ်ဖြတ်ခံရမှု မှန်သမျှ အလိုမရှိ' အစရှိသည့် ဗွီနိုင်းဆိုင်းဘုတ်များဖြင့် ကြွေးကြော်ခြင်း၊ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှု အမှုမှန် အမြန်ဆုံးဖော်ထုတ်နိုင်ပါစေ စာသားပါဝင်သည့် ဗွီနိုင်းဆိုင်းဘုတ်များဖြင့် တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။

EMG သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု တစ်နှစ်ပြည့်အထိမ်းအမှတ်တွင် တက်ရောက်လာကြသည့် လုပ်ဖော်ကိုင်ဖက် သတင်းထောက်များက အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးရန် တောင်းဆိုခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်အချို့ကလည်း အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေရန်အတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ဝမ်းနည်းခြင်းအဖြစ် နှစ်မိနစ် ငြိမ်သက်ခြင်း၊ မတရားမှုအလိုမရှိ စာသားစာလုံးကို ဆီမီးဖြင့်ပုံဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် သတင်းထောက် ကိုစိုးမိုးထွန်း၏ သားဖြစ်သူကလည်း အဆိုပါအထိမ်းအမှတ်တွင် အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးရန်အတွက် တောင်းဆိုခဲ့သည်။

Eleven Media Group ၏ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်းမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၂ နာရီ မိနစ် ၂၀ တွင် မုံရွာမြို့ အောင်ချမ်းသာ ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးနံဘေးတွင် ဦးခေါင်းထိပ် ကွဲပြဲဒဏ်ရာနှစ်ချက်၊ ဝဲမျက်ခုံး ကွဲပြဲဒဏ်ရာတစ်ချက်၊ မျက်နှာဖူးရောင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် မှောက်လျက်သေဆုံးနေသည်ကို တွေ့ခဲ့ကြပြီး အဆိုပါအမှုနှင့်ပတ်သက်၍ မုံရွာမြို့မရဲ စခန်းက လူသတ်မှုအမှတ်စဉ် (၁၀/၂၀၁၆)၊ (ပ) ၁၅၆၄/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။