ဂျေရုစလင်ဆိုင်ရာ အမေရိကန်ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံက ဝေဖန်

ဂျေရုစလင်ဆိုင်ရာ အမေရိကန်ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၄ နိုင်ငံက ဝေဖန်
Published 10 December 2017

အစ္စရေး၏ လေကြောင်းမှတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ ဟားမားစ်၏ စစ်သုံးအဆောက်အအုံပျက်စီးနေမှုကို ကြည့်ရှုနေကြသူများ (Photo: AFP)

ဂျေရုစလင်အား အစ္စရေး၏မြို့တော်အဖြစ် တရားဝင်အသိအမှတ်ပြုခဲ့သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၄ နိုင်ငံက ဒီဇင်ဘာ ၈ ရက်တွင် အရေးပေါ်အစည်းအဝေးတစ်ခု၌ ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ကုလသမဂ္ဂတွင် ၎င်း၏အဓိကမဟာမိတ် အစ္စရေးအား ကာကွယ်ရာတွင် အမေရိကန်က တစ်နိုင်ငံတည်း ရပ်တည်ခဲ့ရမှုသည် ယင်းအကြိမ်သည် ပထမဆုံးအကြိမ်မဟုတ်ခဲ့ဘဲ ပြီးခဲ့သော ဆယ်စုနှစ်များစွာအတွင်း အစ္စရေးအားထိခိုက်စေနိုင်သည်ဟု ရှုမြင်သော လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အများအပြားကို အမေရိကန်က ဗီတိုအာဏာသုံး၍ ကာကွယ်ပေးခဲ့သည်။

အမေရိကန်သည် ငြိမ်းချမ်းရေးအတွက် မည်သည့်အခါကမျှနှင့်မတူ ပို၍ကတိပြုထားပြီး ယင်းငြိမ်းချမ်းရေးရည်မှန်းချက်သည် မည်သည့်အခါကမျှနှင့်မတူ ပို၍နီးကပ်လာနေပြီဟု ၎င်းတို့ကယုံကြည်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက ပြောကြားခဲ့သည်။ သို့သော် ပါလက်စတိုင်း သံအမတ်ရီယက်မန်ဆာက ထရန့်အစိုးရ၏ ဆုံးဖြတ်ချက်သည် အမေရိကန်ကို အရှေ့အလယ်ပိုင်းတွင် ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းသူနေရာအဖြစ်မှ လျှောကျစေပြီး ယင်းနေရာနှင့် မသင့်တော်တော့ကြောင်း ပြောကြားခဲ့သည်။

တာဝန်ခံမှုမရှိသော အမေရိကန်၏ ယင်းဆုံးဖြတ်ချက်အား ကန့်ကွက်ရှုတ်ချရန်နှင့် ဂျေရုစလင်၏အဆင့်အတန်းကို အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများမှတစ်ဆင့်သာ ဆုံးဖြတ်သင့်ကြောင်း ထပ်မံအတည်ပြုရန်အတွက် မန်ဆာက လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့သည်။ အစ္စရေးသံအမတ် ဒန်နီဒါနွန်ကမူ ထရန့်၏သတ္တိအားဂုဏ်ပြုခဲ့ပြီး နိုင်ငံအားလုံးသည် အမေရိကန်ဆုံးဖြတ်ချက်အတိုင်း ဂျေရုစလင်အား အစ္စရေး၏မြို့တော်အဖြစ် အသိအမှတ်ပြုကြရန် တိုက်တွန်းခဲ့သည်။

ဗြိတိန်၊ ပြင်သစ်၊ ဆွီဒင်၊ အီတလီနှင့် ဂျပန်တို့အပါအဝင် လုံခြုံရေးကောင်စီတွင် အမေရိကန်၏ အစဉ်အလာမဟာမိတ်များက ထရန့်၏ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ကြသည်။ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ဆွီဒင်နှင့် ဗြိတိန်တို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး ထရန့်၏ဆုံးဖြတ်ချက်သည် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များနှင့်မကိုက်ညီဘဲ ဒေသတွင်း၌ ငြိမ်းချမ်းရေးအတွက် အလားအလာများကို အထောက်အပံ့မဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အစ္စရေးနှင့် ဂါဇာတွင် တိုက်ခိုက်မှုများ ဖြစ်ပွား

ပါလက်စတိုင်း ဂါဇာကမ်းမြောင်နယ်မြေမှ ပစ်ခတ်လိုက်သော ရော့ကတ်တစ်ခုသည် အစ္စရေးတောင်ပိုင်း Sderot မြို့ကို ဒီဇင်ဘာ ၈ ရက်ညတွင် ကျရောက်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က ထုတ်ပြန်ခဲ့သော်လည်း သေဆုံးထိခိုက်မှုအခြေအနေကို မထုတ်ပြန်ခဲ့ပေ။ ယင်းရော့ကတ်သည် မပေါက်ကွဲခဲ့ဘဲ ထိခိုက်မှုမရှိခဲ့ဟု အစိုးရရေဒီယိုက ထုတ်ပြန်ခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဂျေရုစလင်ဆိုင်ရာ ကြေညာချက်အပြီး ယင်းသည် ဒီဇင်ဘာ ၈ ရက်တွင် တတိယမြောက် ရော့ကတ်ပစ်ခတ်မှုနှင့် ဒုတိယညမြောက်ပစ်ခတ်မှုဖြစ်ခဲ့သည်။

ပါလက်စတိုင်းဘက်မှ ပစ်ခတ်လိုက်သော ရော့ကတ်တစ်စင်းကို Iron Dome ဒုံးခွင်းစနစ်က ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း အစ္စရေးစစ်ဘက်က အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ဒုတိယမြောက်ဒုံးအား ထောက်လှမ်းနိုင်ခဲ့သော်လည်း အစ္စရေးပိုင်နက်ထဲသို့ ကျရောက်ခဲ့သည့် မည်သည့်အရိပ်အယောင်မျှ မတွေ့ခဲ့ရဟုဆိုသည်။