ငြိမ်းချမ်းရေးရရှိရေးအတွက် တရုတ်နိုင်ငံအား ပုံအပ်ပြီး ဆောင်ရွက်၍မရဘဲ ပြည်တွင်းပြဿနာဖြစ်သည့်အတွက် ပြည်တွင်း၌သာ စဉ်းစားရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ပြောကြား

ငြိမ်းချမ်းရေးရရှိရေးအတွက် တရုတ်နိုင်ငံအား ပုံအပ်ပြီး ဆောင်ရွက်၍မရဘဲ ပြည်တွင်းပြဿနာဖြစ်သည့်အတွက် ပြည်တွင်း၌သာ စဉ်းစားရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ပြောကြား
Published 3 December 2017

ဒီဇင်ဘာ ၁ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီး ပထမထပ်၌နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့ တွေ့ဆုံစဉ် (Photo: MSCO)

ငြိမ်းချမ်းရေးရရှိရေးအတွက် တရုတ်နိုင်ငံအား ပုံအပ်ပြီးဆောင်ရွက်၍မရဘဲ ပြည်တွင်းပြဿနာဖြစ်သည့်အတွက် ပြည်တွင်း၌သာ စဉ်းစားရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့ လာသုံးသပ်သူအချို့က ပြောကြားသည်။

ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ဒီဇင်ဘာ ၂ ရက်က DVB သတင်းဌာနက “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်ရဲ့အခန်းကဏ္ဍ ဘယ်လောက်အရေးပါလဲ”ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် Debate ဆွေးနွေးပွဲတွင် ပါဝင် ဆွေးနွေးသူများက ပြောကြားခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးမှာ တရုတ်ရဲ့အခန်းကဏ္ဍကတော့ တရုတ်ရဲ့ ကမ္ဘာနဲ့ချီတဲ့ အခန်းကဏ္ဍမြင့်လာတဲ့အတွက် မြန်မာနိုင်ငံမှာလည်း တရုတ်အခန်းကဏ္ဍ မြင့်လာတယ်ပေါ့နော်။ ငြိမ်းချမ်းရေးမှာ တရုတ်ရဲ့အခန်းကဏ္ဍက အပြုသဘောပါဝင်ဖို့ အရေးကြီးပါတယ်။ အနှောင့်အယှက်မပေးဖို့။ တရုတ်က ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးအဆင်ပြေအောင်လို့ ဝိုင်းဝန်းပံ့ပိုးဖို့လိုတယ်။ ဒါပေမဲ့ သူ့ရဲ့အခန်းကဏ္ဍက ပံ့ပိုးလောက်တဲ့အထိပဲ ကျွန်မတို့မျှော်လင့်လို့ ရနိုင်မယ်။ တရုတ်ကိုပုံအပ်ပြီးမှ ငြိမ်းချမ်းရေးရအောင်လို့ ဒီတရုတ်ကိုမူတည်ပြီးတော့ စဉ်းစားလို့မဖြစ်နိုင်ဘူး။ ဒါက ကျွန်မတို့ ပြည်တွင်းပြဿနာဖြစ်တဲ့အတွက် ပြည်တွင်းမှာပဲ စဉ်းစားရမယ်။ နောက်တစ်ခုက တရုတ်ကို အရမ်းအားကိုးလွန်းရင်လည်း ကျွန်မတို့အနေနဲ့က ကျွန်မတို့ မြန်မာနိုင်ငံအတွက် အားကိုးလွန်းလို့ အဆင်မပြေနိုင်ဘူးပေါ့နော်။ ကျွန်မတို့နိုင်ငံအနေနဲ့ကတော့ ဘယ်နိုင်ငံကိုမှအဓိက အရမ်းကြီးကပ်သွားတာမျိုးမဖြစ်သင့်ဘဲနဲ့ Balance ဖြစ်တဲ့ပေါ်လစီကို ထိန်းထားသင့်တယ်ပေါ့နော်”ဟု မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့မှ တရုတ်ရေးရာသုတေသန တာဝန်ခံ ဒေါ်ခင်ခင်ကျော်ကြီးက ဆိုသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏သဘောထားသည် အရေးကြီးကြောင်း၊ တရုတ်နိုင်ငံမှ အနှောင့်အယှက်မပေးဘဲ ကူညီနေခြင်းသည် အလားအလာကောင်းသည်ဟုဆိုနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးအေးမောင်ကျော် က ပြောကြားသည်။

“တရုတ်ကတော့ ဆက်ပါနေမှာပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်းပါမယ်။ တခြားသောစီးပွားရေး၊ နိုင်ငံရေးကိစ္စတွေမှာ မြန်မာပြည်နဲ့ အိမ်နီးချင်းဆိုတော့ ဒါတွေကတော့ ဆက်ပါနေမှာပဲ။ အဲဒီတော့ အဲဒါတွေက မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ အမှန်အတိုင်းပြောရရင်တော့ ။ အဓိကတော့ ကိုယ့်ရဲ့ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေးအခြေ အနေကိုယ့်ဘာကိုယ်ကျွမ်းကျင်ပြီးတော့ တတ်မြောက်နေတယ်ဆိုရင် ဘာမှစိုးရိမ်စရာမရှိဘူး။ ငြိမ်းချမ်းရေးဆိုတာလည်း ကိုယ့်ပြည်တွင်းအင်အားတွေ ကိုယ့်ဘာကိုယ်ဖြေရှင်းကြ ရမှာပဲ။ ဒါပေမဲ့ တရုတ်ဆိုတာ အင်အားကြီးဖြစ်တဲ့အတွက်ကြောင့် သူက အားပေးတယ်။ ထောက်ခံတယ်။ ကူညီတယ်ဆိုရင် ကိုယ့်အတွက် အားရှိတာပေါ့နော်။ တကယ်လို့သာ အားမပေးဘူး၊ မကူညီဘူး၊ ဘေးကနေနှောင့်ယှက်မယ်ဆိုရင် ကိုယ်ကဒုက္ခရောက်သွားနိုင်တယ်။ သူ့ပေါ်လစီက သူက အားပေးတယ်။ ပေါ်လစီဖြစ်နေတယ်။ ကိုယ့်အတွက်ကောင်းတဲ့ကိစ္စပဲ ဘာမှစိုးရိမ်စရာမရှိပါဘူး။ အဲဒီတော့ အဲဒီ အင်အားကိုအသုံးချပြီးတော့ ကိုယ့် အတွင်းပိုင်း စည်းလုံးညီညွတ်ရေးကို ကိုယ့်ဘာသာတည်ဆောက်ရမှာပေါ့”ဟု ဦးအေးမောင်ကျော်က ပြောကြားသည်။

ထို့အတူ တရုတ်နိုင်ငံသည် ယူနန်ပြည်နယ် ကူမင်းမြို့မှ မြန်မာနိုင်ငံ မန္တလေး-ကျောက်ဖြူ၊ မန္တလေး-ရန်ကုန် စီးပွားရေးစြင်္ကံ လမ်းကြောင်းအား  အကောင်အထည်ဖော်ရန် လိုလားလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးမရှိ သည့်အချိန်၌ပင် ကျောက်ဖြူစီမံကိန်းအား ဆောင်ရွက်ခဲ့သည့် အခြေအနေကို ဥပမာပေး၍ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးရရှိအောင် ကူညီခြင်းထက် စီမံကိန်းများဆောင်ရွက်ရန် တာစူနေကြောင်း ဒေါ်ခင်ခင်ကျော်ကြီးက ပြောကြားသည်။

“အဲဒီတော့ အခုတရုတ်နဲ့ အရမ်းနီးကပ်သွားလို့ရှိရင် စောစောကပြောသလို တရုတ်စီမံကိန်းတွေ တာစူနေတာမျိုးရှိတယ်။ ဝင်လာနိုင်တာမျိုး ရှိတယ်ပေါ့နော်။ အဲဒီတော့ ကျွန်မတို့အနေနဲ့ စီးပွားရေးက ပူးပေါင်းဆောင်ရွက်ရမှာပဲ။ လုပ်ရမှာပဲ။ ဒါပေမဲ့လို့ လုပ်တဲ့အခါမျိုးမှာ ရေရှည် တရုတ်ကိုပဲ မူတည်ပြီး မစဉ်းစားနဲ့။ ကျွန်မတို့ ဘယ်နိုင်ငံတွေ ရွေးချယ်စရာရှိသေးလဲ။ စီးပွားရေးအကျိုးအမြတ်အတွက် မဟုတ်ဘဲပေါ့နော်။ တခြားလူမှုရေး၊ ပတ်ဝန်းကျင်ရေးရာကဏ္ဍတွေမှာပါ ကြည့်ပြီးတော့မှ ရေရှည်မှာ လက်ရှိအခြေအနေ ပြဿနာပြေလည်ဖို့ မစဉ်းစားဘဲနဲ့  နှစ်ငါးဆယ်၊ တစ်ရာ စဉ်းစားပြီးတော့မှ ဆက်ဆံ ရေးတစ်ခုကို မျှတအောင်မူဝါဒတစ်ခုရှိသင့်တယ်” ဟု ဒေါ်ခင်ခင်ကျော်ကြီးက ဆိုသည်။

တရုတ်နိုင်ငံ၏ မူဝါဒသည် မငြိမ်သေးဘဲ ငြိမ်းချမ်းရေးရပါက ၎င်းတို့၏ အကျိုးစီးပွားအတွက် ပိုမိုဖြစ်ထွန်းမည်ဆိုလျှင် ငြိမ်းချမ်းရေးအတွက် ဖိအားပေးမည်ဖြစ်ကြောင်း၊  ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်ပြီးသည့်အချိန်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဥပမာအားဖြင့် တရုတ်နိုင်ငံ၏အကျိုးစီးပွား ဆက်စပ်သည့်ကုန်တင်ကားများအား ပြောက်ကျားဖြင့် တိုက်ခိုက်လာမည့်အခြေအနေမျိုးကိုလည်း ထည့်သွင်းစဉ်းစားထားသဖြင့်  မျှခြေဖြစ်သည့် အစိုးရနှင့် တိုင်းရင်းသားနှစ်ဖက်စလုံးအား အဆင်ပြေသည့်အခြေအနေကို ချမှတ်လုပ်ဆောင်နေကြောင်း၊ လက်ရှိအခြေ အနေတွင် ငြိမ်းချမ်းရေးဘက်မှ အကျိုးစီးပွားရရန် တရုတ်နိုင်ငံအနေဖြင့် မသေချာကြောင်း၊ ၎င်းင်းတို့အောင်မြင်လိုသည်မှာ OBOR စီမံကိန်း ဖြစ်ပြီး ယင်းအပေါ်တွင် အခြေခံစဉ်းစားနေခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွှန်အဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိန်းက ဆိုသည်။

“အရင်တုန်းကဆိုရင် သူ ကျောက်ဖြူ လောက်နဲ့ ကျေနပ်သွားပြီ။ မြစ်ဆုံကိုလက်လျှော့လိုက်တာ။ အခုသူ ရခိုင်ကိစ္စကိုပြောပေးပြီးတော့ မြစ်ဆုံကိစ္စကိုပြန်ပြောလာပြီ။ ဒါ တရုတ်ပဲ။ ကျွန်တော်တို့ သိထားတဲ့တရုတ်ပဲ။ ဒီပုံစံပဲ သူ အမြဲတမ်းရှိနေတယ်” ဟုဦးမျိုးရန်နောင်သိန်းက ပြောကြားသည်။

တရုတ် ဗဟိုအစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံရေး၊ စီးပွားရေး သြဇာတက်ရန် စဉ်းစားလုပ်ဆောင်နေသော်လည်း မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသော ယူနန်ပြည်နယ်အစိုးရ၊ ယူနန်ရှိ စီးပွားရေးလုပ်ငန်းရှင်များမှာ နယ်စပ်ဒေသ မတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံဘက်မှ အကျိုး စီးပွားများစွာရရှိနေသည့် အဆိုပါအခြေအနေကိုလက်လွှတ်မခံလိုသဖြင့် နယ်စပ်ဒေသ တည်ငြိမ်မည့်လုပ်ငန်းများကို ပါဝင်ဆောင်ရွက်ခြင်း မရှိသည့် အခြေအနေများရှိကြောင်း ပါဝင်ဆွေးနွေးသူများက သုံးသပ်သည်။

ဦးအေးမောင်ကျော်က “သူ့အကျိုးစီးပွားက အဓိကလို့ပြောချင်တာ။  ဆိုလိုတာက မြန်မာပြည်ကို စေတနာရှိလှလို့ လုပ်နေတာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးပဲ။ အာဖရိကနဲ့ ဆက်ဆံရင်လည်း သိပ်ဆင်းရဲလွန်းလို့ ကူညီတာဆိုတာတစ်ပိုင်း။ ဒါက အဓိကမဟုတ်ဘူး။ အဓိကက သူ့ပေါ်လစီပဲ။ ဒါကြောင့် နိုင်ငံကြီးတွေဆိုတာ သူတို့မှာ Global Outlook ဆိုတာရှိတယ်။ ကမ္ဘာလုံးဆိုင်ရာအမြင်တွေရှိတယ်။ ဒီပေါ်ကနေ သေနင်္ဂဗျူဟာအမြင်နဲ့ သွားနေတာ။ မြန်မာပြည်ဟာ အဲဒီထဲက အစိတ်အပိုင်းတစ်ခုပဲ။ ဒါပေမဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တယ်။ သူက ကျောက်ဖြူလုပ်တယ်။ ဒါပေမဲ့ ကျောက်ဖြူက တော်တော်ကြီး အောက်ပိုင်းမှာကျတယ်။ ရခိုင်မတည်ငြိမ်ဘူးဆိုပေမဲ့ ကျောက်ဖြူဆိုတာ OBOR စီမံကိန်းအတွက် အေးဆေးပဲ။ သူက ဒါနဲ့ တင်းတိမ်တာမဟုတ်ဘူး။ သူက အများကြီး လုပ်ချင်တာ။ မော်တော်ကားလမ်း ဖောက်ချင်တယ်။ မီးရထားလမ်း ဖောက်ချင်တယ်။ ဒီလိုဟာတွေရှိတယ်။ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး ဝမ်ယိက ဘင်္ဂလားဒေ့ရှ်သွားတယ်။ ပြီးတော့ ဒီကိုလာတယ်။ အချက်သုံးချက်ဆိုပြီးတော့ တင်တယ်။ ဒါပေမဲ့ အဲဒါတွေက ကျွန်တော်တို့ လုပ်နေတဲ့ဟာတွေ၊ လမ်းစဉ်တွေ၊ ဒါပေမဲ့ သူက အရမ်းကိုအရေးပါပြီးတော့ စိတ်ပါဝင်စား တဲ့ပုံနဲ့ချဉ်းကပ်တယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံပေါင်း ၁၂၀ လောက်ရဲ့ ပါတီပေါင်း ၂၀၀ လောက်ရဲ့အစည်းအဝေးမှာ အထူးကိုယ်စားလှယ်အဖြစ်ဖိတ်ပြီးတော့ မိန့်ခွန်းပြောခိုင်းတယ်။ ဒီလိုခြေလှမ်းတွေက ဘာတွေလဲပေါ့နော်” ဟု ပြောကြားသည်။

တရုတ်နိုင်ငံဘက်မှ ဖိအားပေးရုံဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါလာမည်မဟုတ်ဘဲ ပါလာခဲ့ပါကလည်း ဟန်ပြသာဖြစ်ကြောင်း၊  အရေးကြီးသည့်အချက်မှာ တိုင်းရင်းသား အဖွဲ့အစည်းများ သဘောထားပေါ်မူတည် ကြောင်းကို မြန်မာ-ထိုင်းနယ်စပ်တွင်လှုပ်ရှားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) သည် NCA ရေးထိုးခဲ့ခြင်းမှာ ၎င်းတို့၏ နိုင်ငံရေးလမ်းကြောင်းအရ အဓိကဆုံးဖြတ်ချက် နှင့် ထိုင်းနိုင်ငံ၏ ဖိအားတို့တိုက်ဆိုင်သွားချိန်တွင် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းကို ဥပမာပေး ၍ ဦးမျိုးရန်နောင်သိန်းက ပြောကြားသည်။

“ဘာလိုချင်နေတာလဲ။ ကျွန်တော်တို့ တကယ်ကော ပြည်ထောင်စုစစ်စစ်ကို တည်ဆောက်ချင်နေတာလား။ ဒါမှမဟုတ် ကိုယ်အာဏာရထားတာကို ဆက်ထိန်းထားရင်းနဲ့ ဒါကတော့ ဟန်ပြသဘောမျိုးလုပ်နေတာက တော့ ရှင်းရှင်းလင်းလင်းရှိဖို့လိုတယ်ဗျ။ ငြိမ်းချမ်းရေးတော့လုပ်နေတာပဲ။ ဒါ ဘာကြောင့်လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်နေတယ်ဆိုတာ လူကြားကောင်းလို့ပေါ့။ လူကြားကောင်းအောင်လုပ်နေသရွေ့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးလို့မြင်တယ်”ဟု  ဦးမျိုးရန်နောင်သိန်းက ပြောကြားသည်။

ထို့ပြင် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များတွင် “ဝ” သည် ကျန်အဖွဲ့ များ NCA လမ်းကြောင်းတွင် ပါဝင်သွားပြီး ၎င်းတစ်ဖွဲ့တည်းကျန်ခဲ့မည်ကို စိုးရိမ်မှုများရှိနေခြင်းဖြစ်ကြောင်း၊ မတူညီသည့်အခြေခံများနှင့် တူညီသည့်ရပ်တည်ချက်များရှိနေသောကြောင့် စုဖွဲ့ခဲ့ကြခြင်းသာဖြစ်သော်လည်း အကျိုးစီးပွားများ မတူညီကြကြောင်း၊ ထို့ကြောင့် အဆိုပါမြောက်ပိုင်းအဖွဲ့များအား သီးခြားစီအဖွဲ့များခွဲ၍ စဉ်းစားမှသာရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

“မြောက်ပိုင်းဆိုတာကတော့အဓိက “ဝ” ပေါ့။ “ဝ” က ဘာဖြစ်နေလဲဆိုတော့ အင်အားကြီးထွားနေတယ်။ တောင့်တင်းနေတယ် ဆိုတော့ အဲဒီပေါ်မှာ မာနတက်နေတာရှိတယ်။ သွေးနားထင်ရောက်ပြီးတော့ ရည်မှန်း ချက်အရမ်းမြင့်နေတယ်လေ။ အရမ်းမြင့်နေတဲ့အခါကျတော့ ဒီဘက်ကဆွေးနွေးပွဲတွေကလည်း သူကပါခဲ့တာမဟုတ်ဘူး။ မဟုတ်တော့ ဒါတွေကို သူက အခြေအနေအသေးစိတ် သိတာမဟုတ်ဘူး။ သို့သော်လည်း သူရပ်ခံနေတာ NCA ဟာ အလကားဆိုတာမျိုးလောက်ထိ ပြောထားတယ်။ နည်းနည်းဝေးနေတယ်ပေါ့နော်။ ဒါကတော့  အချိန်ယူရမှာပေါ့။ တစ်ချိန်မှာတော့ သူ သဘောပေါက်လာမှာပါ။ ဒီဘက်က အင်အားတွေများလာပြီဆိုရင် သူ သဘောပေါက်လာမယ်။ သူ့ရဲ့ ရည်မှန်းချက်တွေချရလိမ့်မယ်” ဟု ဦးအေးမောင်ကျော်က ပြောကြားသည်။

ထို့အတူ မြန်မာနိုင်ငံဘက်မှ ဝန်ကြီးချုပ်ကဲ့သို့ တာဝန်ရှိသူများသည် မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်ရေးအတွက် အလျဉ်းသင့်သည့်အခါမျိုးတွင် နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင်ပါဝင်ရန် ယူနန်ပြည်နယ်အစိုးရအား တိုက်ရိုက်ပြောဆိုမှုများ ပြုလုပ်သင့်ကြောင်း ဦးအေးမောင်ကျော်က တိုက်တွန်းသည်။

Most Read

Most Recent