ဂေါ်ရင်ဂျီကျွန်း၊ မိကျောင်းခေါင်းကျွန်းများဖြင့် လူသိများလာသည့် ငရုတ်ကောင်းဒေသ လူထုအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် သယ်ယူပို့ဆောင်ရေးညံ့ဖျင်းမှုနှင့် အစိုးရကတည်ဆောက်မည့် ရေနက်ဆိပ်ကမ်း၊ ကမ်းလွန်ထောက်ပံံ့ရေးစခန်းများက အဟန့်အတားဖြစ်နေ

ဂေါ်ရင်ဂျီကျွန်း၊ မိကျောင်းခေါင်းကျွန်းများဖြင့် လူသိများလာသည့် ငရုတ်ကောင်းဒေသ လူထုအခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် သယ်ယူပို့ဆောင်ရေးညံ့ဖျင်းမှုနှင့် အစိုးရကတည်ဆောက်မည့် ရေနက်ဆိပ်ကမ်း၊ ကမ်းလွန်ထောက်ပံံ့ရေးစခန်းများက အဟန့်အတားဖြစ်နေ
Published 5 October 2017

ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်းဒေသရှိ ဂေါ်ရင်ဂျီကျွန်းကို အပေါ်စီးမှ တွေ့ရစဉ်

ဂေါ်ရင်ဂျီကျွန်း၊ မိကျောင်းခေါင်းကျွန်းများဖြင့် လူသိများလာသည့် ငရုတ်ကောင်း ဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် သယ်ယူပို့ဆောင်ရေးညံ့ဖျင်းမှုအပြင် အစိုးရကတည်ဆောက်မည့် ရေနက်ဆိပ်ကမ်းနှင့် ကမ်းလွန်ထောက်ပံ့ရေးအခြေ စိုက်စခန်းများက အဟန့်အတားဖြစ်ပေါ်နေကြောင်း Another Development အဖွဲ့က ထုတ်ပြန်သည့် “ပူးပေါင်း လုပ်ဆောင်နိုင်မှုကို ဘယ်အရာတွေက ကန့်သတ်နေလဲ” သုတေသနစာတမ်း၌ ဖော်ပြထားမှုအရ အောက်တိုဘာ ၄ ရက်တွင် သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ဂျပန်၊ အိန္ဒိယကုမ္ပဏီများပူးပေါင်းကာ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ထောင်ရန်စီစဉ်မှုနှင့်၊ ဒေသခံပြည်သူများ စုပေါင်း၍ အဆိုပါစီမံကိန်းကို ဆန့်ကျင်မှုအကျိုးဆက်များကြောင့် စီမံကိန်းရပ်တန့်ခဲ့ရ သည့်အဖြစ်ကြောင့် လူသိများလာသည့် ငရုတ်ကောင်းဒေသ၏ အားနည်းချက်များအဖြစ် လူထုအခြေပြုခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများကို ဒေသခံများအနေဖြင့် နားလည်မှုအားနည်းနေသည်ဟု စစ်တမ်းက ဆိုသည်။

ထို့ပြင် ဒေသအတွင်းရှိ မြေယာအများစုကို ရောင်းချထားခြင်း၊ ဒေသအတွင်းရှိ ကျေးရွာများအကြား ချိတ်ဆက်ထားသည့်လမ်းများ ကောင်းမွန်မှုမရှိခြင်း၊ ဆက်သွယ်ရေးကွန်ရက်များကို ကျေးရွာများအားလုံးမှ လက်လှမ်းမမှီခြင်းတို့ ရှိကြောင်း စစ်တမ်းတွင် ဖော် ပြထားသည်။

ထို့ပြင် ငရုတ်ကောင်းရှိ ကျေးရွာများတွင် လျှပ်စစ်မီးရရှိရန်အတွက် မီးစက်များကိုသာ အသုံးပြုနေရခြင်း၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း လည်ပတ်ရန်အတွက် လူသားအရင်းအမြစ် လုံလောက်မှုမရှိခြင်း၊ လက်ရှိ ခရီးသွားလုပ်ငန်းမူဝါဒမှ အပြည်ပြည်ဆိုင်ရာ ခရီးသွားများကိုကျေးရွာများတွင် ညအိပ်တည်းခိုခြင်းအား ကန့်သတ်ထားခြင်း၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း လည်ပတ်ရန်အတွက် ငွေကြေးထောက်ပံ့မှုများကို ကျေးရွာများမှ လက်လှမ်းမမီခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်ရန် ကန့်သတ်မှုများရှိ နေခြင်းတို့မှ အဓိက အားနည်းချက်များ ဖြစ်နေသည်။

ထို့ပြင် အဟန့်အတားများအဖြစ် ရေနက်ဆိပ်ကမ်းနှင့် အခြားသောစက်မှုလုပ်ငန်းများ တည်ဆောက်ရန် အလားအလာရှိခြင်း၊ တိုင်းဒေသကြီးလွှတ်တော်မှ ငရုတ်ကောင်းဒေသအတွင်း ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်းတည်ဆောက်ရန် အကဲ ဖြတ်စစ်ဆေးနေခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်ခြင်းများ ကြုံတွေ့နေရကြောင်း သိရသည်။

ငရုတ်ကောင်းဒေသ လူထုအခြေပြုခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် အဟန့် အတားဖြစ်စေမည်ဟု Another Development အဖွဲ့က သုံးသပ်ထားသည့် ကမ်းလွန်ထောက်ပံ့ရေးစခန်းကို လက်ရှိတွင် MPRL E&P Group of Companies ၏ အဖွဲ့ဝင်ကုမ္ပဏီ တစ်ခုဖြစ်သော Myint & Associates Offshore Supply Base Ltd (M&AOSB) အနေဖြင့် ကမ်းလွန်ရေနံလုပ်ကွက်များ အတွက် ကမ်းလွန်ထောက်ပံ့ရေး အခြေစိုက်စခန်းတစ်ခုကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ငရုတ်ကောင်း မြို့နယ်ခွဲ၊ နံ့သာပုကျေးရွာအုပ်စုရှိ ကုမ္ပဏီပိုင်မြေဧက ၃၀ ပေါ်တွင်  တည်ဆောက်ရန် အဆိုပြုချက်အား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးအမှတ်စဉ် (၈/ ၂၀၁၇) ဖြင့် သဘောတူခွင့်ပြုပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။