ဗြိတိန်နိုင်ငံမှ ပြန်လည်စေလွှတ်သည့် သင်တန်းသားများအား အမြန်ပြန်လည်ခေါ်ယူမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံသို့ သင်တန်းသားများ ထပ်မံစေလွှတ်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်

ဗြိတိန်နိုင်ငံမှ ပြန်လည်စေလွှတ်သည့် သင်တန်းသားများအား အမြန်ပြန်လည်ခေါ်ယူမည်ဖြစ်ပြီး ဗြိတိန်နိုင်ငံသို့ သင်တန်းသားများ ထပ်မံစေလွှတ်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်
Published 21 September 2017

ဗြိတိန်နိုင်ငံတွင် သင်တန်းတက်ရောက်နေသည့် တပ်မတော်သင်တန်းသား အရာရှိများအား ပြန်လည်စေလွှတ် ခြင်းနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် ယင်းသင်တန်းသားများအား မြန်မာနိုင်ငံသို့ အမြန်ပြန်လည် ခေါ်ယူသွားမည်ဖြစ်ကြောင်းနှင့် ယခင်ကကမ်းလှမ်း သဘောတူညီထားသည့် သင်တန်းသားများ အပါအဝင် ဗြိတိန်နိုင်ငံသို့ သင်တန်းသားများ ထပ်မံစေလွှတ်မည် မဟုတ်ကြောင်း တပ်မတော် ကာကွယ်ရး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

တပ်မတော်အနေဖြင့် အိမ်နီချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာ တပ်မတော်များနှင့်ပါ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် တစ်စိုက်မတ်မတ် ကြိုးပမ်းလုပ်ဆောင် လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် မြန်မာ-ဗြိတိန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြားတွင်လည်း ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး လုပ်ဆောင်ခဲ့ရာ မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိ ၅ ဦး ဗြိတိန်နိုင်ငံတွင် သင်တန်းများ တက်ရောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့ရာတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဗြိတိန်ပါလီမန် အမတ်များက ဗြိတိန်နိုင်ငံတွင် သင်တန်းတက်ရောက်နေသော မြန်မာ့တပ်မတော် သင်တန်းသားများအား သင်တန်းဆိုင်းငံ့ပေးရန် တောင်းဆိုမှုအရ အဆိုပါ သင်တန်းသား အရာရှိများအား မြန်မာနိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့ရာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် လန်ဒန်မြို့ရှိ မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ)ရုံး၌ သင်တန်းသားအားလုံး စုစည်းရောက်ရှိ ခဲ့ကြောင်းသိရှိရသည်။