ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ပိတ်ထားခဲ့ရသည့် မောင်တောမြို့ပေါ်မှ စာသင်ကျောင်းအချို့ စက်တင်ဘာ ၁၉ ရက် (ယနေ့) ပြန်လည် ဖွင့်လှစ်မည်

ARSA ဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ပိတ်ထားခဲ့ရသည့် မောင်တောမြို့ပေါ်မှ စာသင်ကျောင်းအချို့ စက်တင်ဘာ ၁၉ ရက် (ယနေ့) ပြန်လည် ဖွင့်လှစ်မည်
Published 19 September 2017

မောင်တောမြို့ မြို့မဘုန်းကြီးကျောင်းတွင် ခိုလှုံနေသော နံသာတောင်ကျေးရွာမှ ကျောင်းသူ ကျောင်းသားများအား စာသင်ကြားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - သားရွှေဦး)

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ပိတ်ထားခဲ့ရသည့် မောင်တောမြို့ပေါ်မှ စာသင်ကျောင်းအချို့ စက်တင်ဘာ ၁၉ ရက်တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

“မနက်ဖြန်ကျရင် မြို့ပေါ်ကျောင်းတွေ ဖွင့်ပါမယ်။ မောင်တောမှာ မူလွန် တစ်၊ နှစ်၊ သုံး၊ လေး၊ အထက (၁) ကျောင်းနဲ့ ကျီးကန်းပြင်ကျောင်း အားလုံး ခုနစ်ကျောင်းလောက် ဖွင့်ပါမယ်။ ဘူးသီးတောင်မြို့နယ်မှာတော့ စာသင်ကျောင်း ၂၀ ဖွင့်ထားပြီးပါပြီ။ ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားတဲ့ဟာကိုလည်း ကယ်ဆယ်ရေးစခန်းတွေကို အထက (၁) ကို ပြောင်းတယ်။ ကယ်ဆယ်ရေးစခန်းမှာကို မူလရှိတဲ့ ကျောင်းသားတွေကို ပြန်သင်တယ်။ ကယ်ဆယ်ရေးစခန်းက ကျောင်းသားတွေလည်း သူ့ကျောင်းသူ သွားတက်ပေါ့”ဟု မောင်တောခရိုင် ပညာရေးမှူး ဦးအုန်းမြင့်က ပြောကြားသည်။

သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သော ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် မောင်တောမြို့နယ်အတွင်း စာသင်ကျောင်းအားလုံး ပိတ်ထားခဲ့ရပြီး ဆရာ ဆရာမများမှာလည်း အကြမ်းဖက်အန္တရာယ်ကို စိုးရိမ်ကာ တာဝန်ကျရာဒေသမှ ရွှေ့ပြောင်းမှုများ ရှိခဲ့ကြောင်းနှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ရခိုင်ပြည်နယ် အစိုးရဖွဲ့၏ လမ်းညွန်မှုဖြင့် ပြည်နယ် ပညာရေးမှူးရုံးမှ သင်ကြားရေး ဆရာ ဆရာမများအား စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထား၍ မိမိတို့ တာဝန်ကျရာ ဒေသများတွင် သွားရောက် တာဝန်ထမ်းဆောင်ကြရန် အသိပေးချက် ထုတ်ပြန်ထားပြီးဖြစ်ရာ လက်ရှိတွင် တာဝန်ထမ်းဆောင်ရန် ရောက်ရှိ သတင်းပို့သည့် ဆရာ ဆရာမများလည်း ရှိနေပြီဖြစ်ကြောင်း သိရသည်။

မောင်တောမြို့ပေါ်နှင့် ကျေးရွာအများစုမှ ကျောင်းသူ ကျောင်းသားများ အပါအဝင် ဒေသခံ တိုင်းရင်းသားများမှာ မောင်တော၊ ဘူးသီးတောင်၊ စစ်တွေနှင့် တခြားမြို့နယ်များသို့ နေရပ်စွန့်ခွာကာ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံလျက် ရှိနေရာ လက်ရှိအချိန်တွင် နေရပ်သို့ ပြန်လည်ရောက်ရှိလာသူ နည်းပါးနေသေးပြီး အများစုမှာ ပြန်မရောက်သေးကြောင်း သိရသည်။ လတ်တလောတွင် လုံခြုံရေး စိတ်ချရသည့် မောင်တောမြို့ပေါ်ရှိ ကျောင်းများကို ဖွင့်လှစ် သင်ကြားမည်ဖြစ်ပြီး ဒေသ အခြေအနေအပေါ် မူတည်ကာ ဆက်လက် ကျောင်းများ တိုးချဲ့ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း စာသင်ကျောင်းအချို့ကို ဖွင့်လှစ်ထားပြီ ဆိုသော်လည်း မြို့ပေါ်ကျောင်းများတွင် ကျောင်းတက်သူ မရှိဖြစ်နေသေးကြောင်း သိရသည်။

“ကျောင်းဖွင့်ဖို့အတွက် စာသင်ကျောင်းမှာ ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းကို ဘုန်းတော်ကြီးကျောင်းတွေကို ရွှေ့လိုက်ပြီ။ အခုထိတော့ ကျောင်းတက်တာ မတွေ့သေးဘူး။ ကျောင်းတွေကို သန့်ရှင်းရေး လုပ်နေတာတွေတော့ တွေ့တယ်။ နေရပ်စွန့်ခွာ သွားသူတွေထဲမှာ ကျောင်းသား ကျောင်းသူ အများဆုံးဖြစ်နေတော့ သူတို့ပြန်ရောက်ဖို့ လိုသေးတယ်” ဟု ဘူးသီးတောင်မြို့မှ ကျောင်းသားမိဘ တစ်ဦးက ပြောကြားသည်။

မောင်တောမြို့နယ်အတွင်း ကျောင်းပေါင်း ၁၈၃ ကျောင်း ရှိပြီး တာဝန်ထမ်းဆောင်နေသည့် သင်ကြားရေး ဆရာ ဆရာမဦးရေ ၁၃၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။ ထို့ပြင် အကြမ်းဖက်ဖြစ်စဉ်ကြောင့် မောင်တောမြောက်ပိုင်းတွင် ပိတ်မိနေသည့် ပညာရေးဝန်ထမ်း ဆရာများမှာလည်း စက်တင်ဘာလဆန်းပိုင်းမှ နေရပ်သို့ ပြန်ခဲ့ရကြောင်း သိရသည်။

မောင်တောမြို့ပေါ်ရှိ မြို့မဘုန်းကြီးကျောင်းတွင် ရောက်ရှိ ခိုလှုံနေကြသည့် တောင်ပြိုနယ်စပ် နံ့သာတောင်ကျေးရွာ အခမဲ့ ပရဟိတဘုန်းတော်ကြီးသင်ကျောင်းမှ ပြောင်းရွှေ့လာကြသည့် ပဉ္စမတန်းမှ ဒသမတန်းအထိ ကျောင်းသား ကျောင်းသူ ၃၇၅ ဦးတို့အား ရှိသည့်ဆရာများဖြင့် လက်ရှိတွင် စာသင်ကြားနေပြီ ဖြစ်ကြောင်း နံ့သာတောင်ဆရာတော်က မိန့်ကြားသည်။