'ဝဲ' နှင့် 'Mask' တေးသီချင်းနှစ်ပုဒ်ဖြင့် ပရိသတ် အများအပြားအား ဖမ်းစားထားနိုင်သူ လူငယ်တေးသံရှင် Mary ၏ ငယ်ဘ၀ ဖြတ်သန်းရာ

'ဝဲ' နှင့် 'Mask' တေးသီချင်းနှစ်ပုဒ်ဖြင့် ပရိသတ် အများအပြားအား ဖမ်းစားထားနိုင်သူ လူငယ်တေးသံရှင် Mary ၏ ငယ်ဘ၀ ဖြတ်သန်းရာ
Published 7 September 2017

လူမှုကွန်ရက်အသုံးပြုမှု တွင်ကျယ်လာတာနဲ့အမျှ အနုပညာဖန်တီးမှုတွေ၊ လူငယ်မျိုးဆက်သစ် အနုပညာဖန်တီးသူတွေနဲ့ ခံစားသူပရိသတ်များရဲ့ ထိတွေ့ဆက်စပ်နိုင်မှုက ပိုမိုကျယ်ပြန့်လို့လာပါတယ်။ နေ့စဉ် ဖြတ်သန်းမှု အချိန်နာရီအများစုမှာ လူမှုကွန်ရက် စာမျက်နှာတွေထက် အချိန်ပေးကြတဲ့ အတိုင်းအတာကလည်း မနည်းလှတာကြောင့် လူမှုကွန်ရက်က ပျံ့နှံ့လာတဲ့ အနုပညာဖန်တီးမှုများအား ခံစားအားပေးမယ့် ပရိသတ်တွေဆီ ပိုလို့ လွယ်ကူလျင်မြန်စွာ ရောက်ရှိ လာနိုင်တယ်လို့လည်း ဆိုရမှာပါ။ အသစ်အသစ်သော အနုပညာဖန်တီးမှုတွေကြားထဲမှာ မြန်မာဂီတလောကထဲကို ဖန်တီးမှုအသစ်တစ်ခုနဲ့ စတင်ရောက်ရှိလာသူ လူငယ်တစ်ဦးကတော့ Mary ပဲဖြစ်ပါတယ်။ 'ဝဲ' ဆိုတဲ့တေး သီချင်းလေးတစ်ပုဒ်တည်းနဲ့ ထူးခြားတဲ့အသံ၊ ဆိုဟန်တွေကို သတိပြုနှစ်သက်စေခဲ့တဲ့ လူငယ်မျိုးဆက်သစ် တေးသံရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ တေးသံရှင် Mary ပြောပြတဲ့ ငယ်စဉ်ဘဝရဲ့ အမှတ်တရ ပုံရိပ်တချို့ကို ပြန်လည်လက်ဆင့်ကမ်း ပေးချင်ပါတယ်။

တေးသံရှင် Mary က ၁၉၉၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာမွေးဖွားခဲ့သူဖြစ်ပြီး တစ်ဦးတည်းသောသမီးလေး ဖြစ်ပါတယ်။ နာမည်ရင်းက Mary စိုးဖြစ်ပြီး ငယ်စဉ်ဘဝမှာတော့ မြန်မာနိုင်ငံမှာပဲ ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ သောကြာနေ့မှာ မွေးဖွားခဲ့သူဖြစ်ပေမယ့် စကားနည်းသူတစ်ယောက်ပါလို့ Mary က ဝန်ခံခဲ့ပါတယ်။ မိဘများက ပြည်ပနိုင်ငံမှာ သွားရောက်နေထိုင်နေပေမယ့် ပြည်တွင်းမှာ ပညာသင်ကြားရင်း ကျန်ရစ်ခဲ့သူ Mary က ငါးတန်းအောင်မြင်ပြီးချိန်မှာတော့ ဂျပန်နိုင်ငံမှာနေထိုင်တဲ့ မိခင်ဆီ အလည်သွားရောက်ရာက ပြန်မလာဖြစ်တော့ဘဲ ဆက်လက်နေထိုင် ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ငယ်ရွယ်စဉ်အချိန်မှာ ဘာသာစကား၊ ဓလေ့ထုံးစံမတူ ကွဲပြားတဲ့နိုင်ငံကို သွားရောက်နေထိုင်ခဲ့ရပြီး ပညာဆက်လက် သင်ကြားခဲ့ရတဲ့ Mary က ငယ်စဉ်ဘဝရဲ့အတွေ့အကြုံတွေကို အခုလိုပဲ အမှတ်တရ ဆိုခဲ့ပါတယ်။

Mary က ငါးတန်းအောင်ပြီးမှ ဂျပန်မှာ ရုတ်တရက်သွားနေရတာပါ။ စရောက်ကတည်းက ဖိစီးမှုတွေအများကြီးနဲ့ ရင်ဆိုင် ရတယ်။ စာလိုက်နိုင်ဖို့အတွက်လည်း အများကြီးကြိုးစားခဲ့ရတယ်။ ဟိုမှာလည်း အထက်တန်း ကျောင်းတွေမှာ အုပ်စုဖွဲ့ပြီး အနိုင်ကျင့်ကြတယ် ဆိုတာတွေရှိတယ်။ Mary လည်း အနိုင်ကျင့်ခံရတာမျိုးတွေ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် အနိုင်ကျင့်ခံရတာတွေကို ဘယ်လိုကျော်လွှားမလဲဆိုပြီး စဉ်းစားတဲ့အခါ ကျောင်းစာမှာ ထူးချွန်အောင်လုပ်မှပဲ အဆင်ပြေမယ်လို့ စဉ်းစားမိတယ်။ အဲဒါကြောင့်လည်း အခြားသူတွေထက် ကျောင်းစာပိုတော်အောင် အမြဲတမ်းကြိုးစား ဖြစ်ခဲ့တယ်” လို့ Mary က ဆိုခဲ့ပါတယ်။

အထက်တန်းကျောင်း အောင်မြင်ပြီး တက္ကသိုလ် ဆက်လက်တက်ရောက်ခဲ့တဲ့အထိ ကျောင်းစာ ထူးချွန်အောင်သာကြိုးစားခဲ့သလို ဂီတလုပ်ငန်းတွေလည်း မလုပ်ဖြစ်ခဲ့ဘူးလို့ Mary က ဆိုပါတယ်။ အထက်တန်းအထိ ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းတွေရှိနေပေမယ့် တက္ကသိုလ်ရောက်လာတဲ့အခါ သူငယ်ချင်းတွေ ကွဲကုန်ပြီး တက္ကသိုလ်မှာတော့ သူငယ်ချင်းတွေနည်းသွားတယ်လို့လည်း ဆိုခဲ့ပါတယ်။ Mary ရဲ့ ပထမဆုံး ဂီတဝါသနာ ဖော်ထုတ်မှုအနေနဲ့ Cover Song လေး တွေဆို ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီနောက်မှာတော့ Mary က သူနှစ်သက်တဲ့ တေးသံရှင်တစ်ဦးဖြစ်တဲ့ Lil'Z ရဲ့ ကမ်းလှမ်းမှုနဲ့ 'မငိုပါနဲ့တော့' သီချင်းမှာ ပါဝင်သီဆိုဖို့ လက်ခံခဲ့ပါတယ်။ ဒီသီချင်းအတွက် Mary တစ်ယောက်တည်း သီဆိုမှုတွေကို အသံသွင်းယူပြီး Lil'Z ဆီ ပို့ပေးခဲ့တာပါ။ 'မငိုပါနဲ့တော့' သီချင်းလေးက Mary ကို ပရိသတ်တွေ ပထမဆုံးစပြီး အသိအမှတ်ပြုစေတဲ့ သီချင်းလေး ဖြစ်လာပါတယ်။ ဆက်လက်ပြီးတော့ Mary က သူ့ရဲ့ ပထမဆုံး Single Song 'ဝဲ' ကို ကိုယ်တိုင် ရေးသား သီဆိုခဲ့ပါတယ်။

“ဝဲ သီချင်းက Mary ရဲ့ ပထမဆုံး ဖန်တီးမှုပေါ့။ သူငယ်ချင်းတစ်ယောက်က သူ့ခံစားချက် ရင်လာဖွင့်တာကို ရေးလိုက်တာ။ Mary က မြန်မာစကားလုံးတွေ အရမ်းမကြွယ်ဝတော့ အခက်အခဲ ရှိပါတယ်။ Mary ရေးခဲ့တဲ့ သီချင်းနှစ်ပုဒ်လုံးက ကာရန်ညီတယ် ဆိုတာ မျိုးမရှိဘူးလေ။ သိပ်နားမလည်ဘူးပေါ့။ ခံစားရတဲ့အတိုင်းပဲ ရေးလိုက်တာပါ။ ခံစားချက်ကတော့ Mary ဂျပန်မှာ နေရတဲ့အခါ မိသားစုကလည်း သုံးယောက်တည်း။ သူငယ်ချင်းကလည်းနည်းတော့ အရမ်း အထီးကျန်ပါတယ်။ အထီးကျန်တဲ့ ခံစားချက်ရှိတော့ တစ်ခုခုကိုခံစားမယ်ဆိုရင် လုပ်ယူစရာမလိုဘူး။ သူ့ဘာသာ ခံစားလို့ ရတယ်။ ဂီတကိုဖန်တီးမယ်ဆိုတဲ့ အခါလည်း အဲဒီလိုပဲ ခံစားချက်ကို သွင်းပြီး ဖန်တီးခဲ့တာပါ။ ဂီတ အမျိုးအစားဆိုတာကိုတော့ Mary မသတ်မှတ်ချင်ဘူး။ အဓိကတော့ ကိုယ်တိုင်က သီချင်းအေးအေးနှေးနှေးတွေကို ကြိုက်တယ်။ ကိုယ်တိုင်ဆိုတဲ့အခါလည်း အေးအေးနှေးနှေး ပုံစံတွေဆိုဖြစ်တဲ့ သဘောပါ”လို့ Mary က ပွင့်ပွင့်လင်းလင်း ဆိုခဲ့ပါတယ်။

ကြားနေကျ ဂီတဆိုဟန်တွေနဲ့ ကွဲထွက်နေခဲ့တဲ့၊ ထူးခြားတဲ့ အသံကာလာပိုင်ရှင် ကောင်မလေးရဲ့ 'ဝဲ' တေးသီချင်းကို အားပေးသူ များပြားခဲ့သလို ဝေဖန်တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒီအခြေအနေတွေ ကြုံတွေ့အပြီးမှာတော့ Mary  က Facebook စာမျက်နှာတွေပေါ်က ခဏတာပျောက်ကွယ်သွားပြီး အချိန်ကာလတစ်ခု ဖြတ်သန်းပြီးချိန်မှာ 'Mask' အမည်နဲ့ သီချင်းသစ်တစ်ပုဒ်နဲ့အတူ ပရိသတ်များဆီ တစ်ကျော့ပြန် ရောက်ရှိလို့လာခဲ့ပါတယ်။ Mary ရဲ့ဒုတိယမြောက် တေးသီချင်း 'Mask'က ပရိသတ်အများအပြား ထပ်မံလက်ခံအားပေးမှု ရရှိခဲ့ပါတယ်။

လူမှုကွန်ရက်ကနေ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ တေးသံရှင် Mary က သြဂုတ်လဆန်းမှာတော့ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့ပြီး မီဒီယာစာမျက်နှာတွေထက်ကတစ်ဆင့် ပရိသတ်များနဲ့တွေ့ဆုံခဲ့ပါတယ်။ ဒီနောက်မှာတော့ တတိယမြောက် တေးသီချင်းအတွက် တေးသံရှင်ကျားပေါက်နဲ့အတူ ပူးပေါင်းဖန်တီးခဲ့ကြပါတယ်။ Mary က ပရိသတ်များအတွက် အမှတ်တရတစ်ခုအနေနဲ့ စက်တင်ဘာလ ၂ ရက်မှာ ပရိသတ် အယောက် ၁၀၀ ရွေးချယ်တွေ့ဆုံစေခဲ့ပါတယ်။ တေးသံရှင် Mary က ရှေ့ဆက်လုပ်ဆောင်သွားမယ့် အနုပညာလုပ်ငန်းအနေနဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်တစ်ခွေ ဖန်တီးသွားမှာဖြစ်သလို ဒီအယ်လ်ဘမ်မှာ ကိုယ်တိုင်ရေး သီချင်းတွေအပြင် တခြားတေးရေး ဆရာတွေရဲ့ဖန်တီးမှုတွေကိုလည်း ထည့်သွင်းသွားချင်တယ်လို့ ပြောပြခဲ့ပါတယ်။ ဖျော်ဖြေမှုအနေနဲ့ကတော့ လတ်တလောလုပ်ဖြစ်ဦးမှာ မဟုတ်ဘဲ အချိန်ယူဦးမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ အချိန်ကာလအတွင်းမှာ ပျော်ရွှင်စရာ အမှတ်တရများစွာ ပိုင်ဆိုင်ခွင့်ရခဲ့သလို ပရိသတ်အားပေးမှု များစွာကိုလည်း ထိတွေ့ပိုင်ဆိုင်ခွင့်ရခဲ့တဲ့အတွက် ပျော်ရွှင်ရပါတယ်လို့လည်း Mary က ဆိုပါတယ်။ ဒါ့အပြင် Mary က မွေးရပ်ဇာတိမြေမှာ နေထိုင်နိုင်ဖို့အတွက်လည်း စိတ်ကူးအိပ်မက်ရှိတယ်လို့ ဖြည့်စွက် ပြောဆိုခဲ့ပါသေးတယ်။ လတ်တလောမှာ ပညာသင်ကြားမှု ဆက်လက်ပြုလုပ်ရမှာဖြစ်သလို ဂီတလုပ်ငန်းကိုလည်း ထပ်မံဖန်တီးသွားမှာပါလို့ Mary က ဆိုခဲ့ပါတယ်။  Mary က ပညာဆက်လက် သင်ကြားဖို့အတွက် ဂျပန် နိုင်ငံကို မကြာခင်ပြန်လည် သွားရောက်ရမှာ ဖြစ်ပါတယ်။

 

 

Most Read

Most Recent