Space Jam 2 ဇာတ်ကားအတွက် လီဘရွန်းဂျိမ်းစ်နှင့် Black Panther ဒါရိုက်တာတို့ ပူးပေါင်းမည်

Space Jam 2 ဇာတ်ကားအတွက် လီဘရွန်းဂျိမ်းစ်နှင့် Black Panther ဒါရိုက်တာတို့ ပူးပေါင်းမည်
Published 21 September 2018

ကာလကြာ စောင့်မျှော်နေရသည့် Space Jam ၏ နောက်ဆက်တွဲဇာတ်ကားကို Black Panther ဒါရိုက်တာ Ryan Coogler က စီစဉ်ထုတ်လုပ်ပြီး ဘတ်စကက်ဘောကစားသမား လီဘရွန်းဂျိမ်းစ်က အဓိက ဇာတ်ကောင်အဖြစ် ပါဝင်မည်ဟု လီဘရွန်းဂျိမ်းစ်၏ ထုတ်လုပ်ရေးကုမ္ပဏီ Spring Hill Entertainment က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“Black Panther ဇာတ်ကားအတွက် Coogler ရဲ့ စိတ်ကူးစိတ်သန်းတွေကို ကျွန်တော် သဘောကျခဲ့တယ်” ဟု ဂျိမ်းစ်က Hollywood Reporter သို့ ပြောကြားခဲ့သည်။

ယင်းဇာတ်ကားသည် ဂျိမ်းစ်အတွက်  သရုပ်ဆောင်လောကသို့ ပထမဆုံးအကြိမ် ဝင်ရောက်သည့် ဇာတ်ကားမဟုတ်ပေ။ အသက် ၃၃ နှစ်အရွယ်ရှိ ဂျိမ်းစ်သည် ၂၀၁၅ ခုနှစ်က ဖြန့်ချိခဲ့သည့် Trainwreck ဇာတ်ကားတွင် ဇာတ်ပို့သရုပ်ဆောင်နှင့် ယခုသီတင်းပတ်တွင် ဖြန့်ချိမည့် အန်နီမေးရှင်းဇာတ်ကား Smallfoot တွင် နောက်ခံအသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ဂျိမ်းစ်သည် HBO ရုပ်သံ၏ ဇာတ်လမ်းတွဲ The Shop ကိုလည်း စီစဉ်ထုတ်လုပ်ခဲ့သည်။

Space Jam 2 ဇာတ်ကားအတွက် Random Acts of Flyness ဇာတ်လမ်းတွဲ ရိုက်ကူးသည့် ဒါရိုက်တာ Terence Nance ကို ရွေးချယ်ထားသည်ဟုလည်း Hollywood Reporter တွင် ဖော်ပြခဲ့သည်။ ယင်းဇာတ်ကားကို  ၂၀၁၉ ခုနှစ်တွင် စတင်ရိုက်ကူးရန် စီစဉ်ထားသည်ဟု SpringHill က ထုတ်ပြန်ခဲ့သည်။

၁၉၉၆ ခုနှစ်က ဖြန့်ချိခဲ့သည့် Space Jam ဇာတ်ကားတွင် နာမည်ကျော် ဘတ်စကက်ဘောကစားသမား မိုက်ကယ်ဂျော်ဒန်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်ထားသည်။ ဂြိုဟ်သားဘတ်စကက်ဘောအသင်းနှင့် ယှဉ်ပြိုင်မှုတွင် အနိုင်ရရန်အတွက် Bugs Bunny နှင့် ၎င်း၏ မိတ်ဆွေများက မိုက်ကယ်ဂျော်ဒန်ကို အကူအညီတောင်းခံခဲ့သည့်အကြောင်း ရိုက်ကူးထားသည့် ယင်းဇာတ်ကားသည် ကမ္ဘာတစ်ဝန်းလက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာသန်း ၂၃၀ ကျော် ရရှိခဲ့သည်။

Most Read

Most Recent