သရုပ်ဆောင် အိချောပိုနှင့် တွေ့ဆုံခြင်း

သရုပ်ဆောင် အိချောပိုနှင့် တွေ့ဆုံခြင်း
Published 5 September 2018

မြန်မာနှင့်ထိုင်း ပူးပေါင်းရိုက်ကူးမည့် LadyBoy ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင်အိချောပိုက ထိုင်းနိုင်ငံသို့ ရောက်ရှိနေထိုင်လျက်ရှိသော မြန်မာမော်ဒယ် သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်မည်ဖြစ်သည်။ မကြာမီရုံတင်တော့မည့် ချူဆီရုပ်ရှင် ဇာတ်ကားတွင်လည်း မိသားစု စားဝတ်နေရေးအတွက် ကာရာအိုကေစားသောက်ဆိုင်၌ မိမိမနှစ်မြို့သည့်လုပ်ငန်းဖြင့် ပိုက်ဆံရှာဖွေရသူ မိန်းကလေးတစ်ဦးအဖြစ် ပါဝင်ထားပြန်သည်။ ကျရာဇာတ်ရုပ်တွင် ပီပြင်စွာ ပုံဖော်တတ်သူတစ်ဦးဖြစ်ကာ မြန်မာဆန်ဆန်လှပသူ တစ်ဦးအဖြစ် ပရိသတ်အားပေးမှုရရှိထားသူ သရုပ်ဆောင်အိချောပိုနှင့် တွေ့ဆုံ၍ LadyBoy ဇာတ်ကားအတွက် ပြင်ဆင်ထားမှုများ၊ ချူဆီဇာတ်ကားတွင် သရုပ်ဆောင်ထားသည့် အမှတ်တရများ အပါအဝင် သိလိုသည်များကို မေးမြန်းဖြစ်ခဲ့သည်။

■ မေး - LadyBoy ဇာတ်ကားမှာ ပါဝင်ရမယ့် ဇာတ်ရုပ်အကြောင်း အရင်ပြောပြပေးပါဦး။

ဖြေ - ဒီဇာတ်ကားမှာ အိချောက နိုင်ငံခြားမှာ ရောက်နေတဲ့မော်ဒယ်ပေါ့။ မော်ဒယ်မင်းသမီးပုံစံ သရုပ်ဆောင်ရမှာပါ။

■ မေး - ဒီဇာတ်ကားက ထိုင်းမှာဇာတ်ဝင်ခန်း အများစုလည်း သွားရိုက်ဦးမှာဆိုတော့ အဲဒီအတွက် ကွာခြားချက်က ဘာတွေရှိမယ်လို့ထင်လဲ။

ဖြေ - ကိုယ့်တစ်နိုင်ငံ ကိုယ့်လူမျိုးတစ်ခုတည်း ရိုက်တာမဟုတ်ဘူးလေ။ ထိုင်းနဲ့ပူးပေါင်းပြီး ရိုက်တာဆိုတော့ အိချောတို့ဘက်က အမှားအယွင်းမရှိအောင် အများကြီး ပြင်ဆင်သွားရမှာပေါ့။

■ မေး - ကိုယ့်ကာရိုက်တာအရ Pre Production အနေနဲ့ ဘာတွေကြိုပြီးပြင်ဆင်ထားလဲ။

ဖြေ - အိချောတို့ အနေနဲ့ကတော့ ဒါရိုက်တာညွှန်ကြားတဲ့ အထဲကမှ ကိုယ့်ဘက်က ပြင်ဆင်လို့ရသလောက်ကို ကြိုပြီးပြင်ဆင်ထားပါတယ်။ အဝတ်အစားပိုင်း၊ မိတ်ကပ်ပိုင်းတွေလည်း သေချာပြင်ဆင်ထားတယ်။ ကိုယ်လုပ်ရမယ့် ကာရိုက်တာကိုလည်း ကြေညက်အောင် သေချာပြင်ဆင်ထားပါတယ်။ ဝတ်စားဆင်ယင်မှု အပိုင်းကတော့ မော်ဒယ်ဆိုတော့ ခေတ်ဆန်ဆန်လေးတွေပေါ့။ အိချောကတော့ တစ်ကားချင်းစီမှာ ကိုယ်လုပ်ရမယ့်ဇာတ်ရုပ်နဲ့လည်း လိုက်ဖက်အောင်၊ ကိုယ့်ရဲ့ကိုယ်ပိုင်ဟန်လေး တစ်ခုလည်းဖြစ်အောင် သေချာလေး ပြင်ဆင်ဖြစ်ပါတယ်။

■ မေး - ဒီဇာတ်ကားက ထိုင်းမှာတစ်ဖွဲ့လုံး အချိန်ယူပြီး သွားရိုက်မှာဆိုတော့ ပရိသတ်တွေအတွက် ဘယ်လိုအသစ်အဆန်းတွေ မြင်ရမယ်လို့ထင်လဲ။

ဖြေ - အိချောတို့ တစ်ဖွဲ့သားလုံး ဘန်ကောက်မှာ စုစုစည်းစည်း သွားရိုက်ဖြစ်တာရှားတယ်။ ဇာတ်လမ်းပုံစံကဆန်းတယ်။ အိချောအနေနဲ့ ဆိုရင်လည်း မြင်နေကျ ကာရိုက်တာမျိုးနဲ့ဆိုရင် ကွဲပြားတယ်။ ပရိသတ်တွေအတွက် နောက်ထပ်ရသ အသစ်တစ်မျိုးဖြစ်မယ်လို့ ထင်ပါတယ်။

■ မေး - LadyBoy ဇာတ်ကားနဲ့ ပတ်သက်လို့ ပရိသတ်ကို ကြိုပြောချင်တဲ့စကားများရှိမလား။

ဖြေ - ဇာတ်ကားပေါ် အမြင်ကတော့ ဇာတ်လမ်းအရလည်း ဆန်းတယ်။ မြန်မာနဲ့ထိုင်း ပူးပေါင်းရိုက်မှာလည်းဖြစ်တော့ သူတို့ဘက်က အမြင်၊ ကိုယ့်ဘက်ကအမြင် ပေါင်းရိုက်တာလည်းဖြစ်တယ်။ ပရိသတ်တွေအတွက် ကွဲပြားတဲ့ရသတစ်ခု ဖြစ်မယ်လို့ထင်တယ်။

■ မေး - ပရိသတ်တွေက ဝတ်စားဆင်ယင်မှု ဖက်ရှင်နဲ့ပတ်သက်ပြီး မြန်မာဆန်ဆန်ဝတ်တာကို ပိုသဘောကျတယ် ဆိုတာမျိုး ရှိတယ်နော်။

ဖြေ - ဟုတ်တယ်။ အိချောရဲ့ ပရိသတ်အများစုက မြန်မာဆန်ဆန်ဝတ်တာကို ပိုသဘောကျတယ်။ လက်ပြတ်အင်္ကျီလေးဝတ်ရင်ကို မေးကြတာမျိုးတွေလည်းရှိတယ်။ တစ်ခါတလေကျတော့ အိချောတို့က ကာရိုက်တာပေါ်မူတည်ပြီး လိုက်ဖက်အောင် ဝတ်ရတာမျိုးတွေရှိတော့ နားလည်ပေးပါလို့ ပြောချင်ပါတယ်။ အပြင်မှာတော့ ပရိသတ်တွေအကြိုက်ပဲ ဦးစားပေး ဝတ်ဆင်ပေမယ့် ဇာတ်ကားထဲမှာတော့ သူ့ကာရိုက်တာကိုပဲ ဦးစားပေး ရိုက်ရတာပါ။

■ မေး - ချူဆီဇာတ်ကား ရုံတင်တော့မှာဆိုတော့ ဒီဇာတ်ကားထဲက ဇာတ်ရုပ်နဲ့ပတ်သက်ပြီးလည်း ပြောပြပေးပါဦး။

ဖြေ - ချူဆီဇာတ်ကားမှာတော့ မြကလေးဆိုတဲ့ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ထားတယ်။ ဒီဇာတ်ကားထဲမှာက ကာရာအိုကေဆိုင်မှာ မိသားစု စားဝတ်နေရေးအရ အလုပ်လုပ်နေရပေမယ့် ကြောက်တတ်တယ်။ မဟုတ်တာလုပ်ရမှာလည်း ကြောက်တယ်ဆိုတဲ့ ဇာတ်ရုပ်မျိုးပေါ့။ ချုဆီ ဇာတ်ကားမှာက အပြင်မှာလည်းဖြစ်လေ့ရှိတဲ့ အခြေအနေတွေ၊ ဘဝတွေကိုအခြေခံပြီး ရိုက်ထားတာဆိုတော့ ပရိသတ်တွေအတွက်လည်း နှစ်သက်မယ်လို့ ထင်ပါတယ်။

■ မေး - ချူဆီဇာတ်ကားမှာက မင်းသမီးတွေ အများကြီး အပြိုင်သရုပ်ဆောင်ကြရတယ်။ အဲဒီအတွက် အခက်အခဲရှိလား။ ဘယ်လို အမှတ်တရတွေရှိခဲ့လဲ။

ဖြေ - အခက်အခဲတော့ မရှိပါဘူး။ ဒီဇာတ်ကားမှာ ကိုယ့်ထက်စီနီယာအစ်မတွေရော၊ ညီမတွေရောပါတယ်။ ပျော်စရာလည်း ကောင်းတယ်။ ရိုက်တဲ့အချိန်မှာလည်း တစ်ယောက်နဲ့တစ်ယောက်အားလုံးက အပေးအယူမျှမျှနဲ့ ရိုက်ကူးခဲ့ကြတယ်ဆိုတော့ အားလုံးအဆင်ပြေပါတယ်။ ဒီကားက ဇာတ်လမ်းလေးလည်း အရမ်းကောင်းတယ်။ ဒါရိုက်တာဖြစ်တဲ့ ကိုမင်းဦးကလည်း အရမ်းအသေးစိတ် ညွှန်ကြားတယ်။ ပရိသတ်တွေလည်း ရုံတင်တဲ့အခါ ကြည့်ပေးစေချင်ပါတယ်။

■ မေး - ဇာတ်ကားရိုက်ကူးမှု အရေအတွက်က များလာတဲ့အခါ ကိုယ့်အတွက် မှတ်မှတ်ထင်ထင်ဖြစ်စေမယ့် ဇာတ်လမ်းမျိုး၊ ကာရိုက်တာမျိုးဖြစ်ဖို့ ရွေးချယ်တာမျိုးရောရှိလား။

ဖြေ - အိချောတို့က မင်းသမီးဖြစ်တဲ့အတွက် အရမ်းကြီးတော့ ရွေးချယ်ခွင့်မရှိဘူး။ ကိုယ့်ကိုလာငှားတဲ့ ဇာတ်ကားကိုမှ ကိုယ်နဲ့လိုက်မလိုက်၊ ကိုယ်လုပ်နိုင်တဲ့ဇာတ်ရုပ် ဟုတ်မဟုတ် စဉ်းစားပြီး လက်ခံရတာပေါ့။ တချို့ကာရိုက်တာတွေကျတော့ ကိုယ်နဲ့လုံးဝမလိုက်တာမျိုးတွေ ရှိတယ်။ အဲဒါမျိုးဆိုရင်လည်း လက်မခံဖြစ်ဘူး။ ကိုယ်နဲ့လိုက်ဖက်တယ်။ ဒါမှမဟုတ် ကိုယ်ကြိုးစားကြည့်လို့ အဆင်ပြေတယ်ဆိုတာမျိုးတွေတော့ လက်ခံဖြစ်ပါတယ်။ ဇာတ်ကား အရေအတွက်များတယ် ဆိုပေမယ့် ဇာတ်လမ်းပုံစံတွေက တစ်ကားနဲ့တစ်ကား သူ့ပုံစံလေးတွေနဲ့သူ ကွဲပြားတယ်ပေါ့နော်။ အိချောကတော့ တစ်ကားချင်းစီတိုင်းကို ကိုယ်တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားတယ်။ ဇာတ်ကားထွက်လာတဲ့အခါလည်း ပရိသတ်တွေပြောတဲ့၊ ဝေဖန်တဲ့စကားလေးတွေကို သေချာနားထောင်ပြီးမှ ပြင်သင့်တာရှိရင်လည်း ပြင်ဆင်ပါတယ်။

■ မေး - နောက်ပိုင်းရော ကိုယ့်စိတ်ကြိုက်ရိုက်ချင်တဲ့ ဇာတ်လမ်းမျိုး၊ ကာရိုက်တာမျိုးကို ကိုယ်ပိုင်ထုတ်လုပ်ရေး အနေနဲ့ ရိုက်ဖို့ရှိမလား။

ဖြေ - အိချောက ရိုက်ချင်တဲ့ဇာတ်လမ်းပုံစံလေးတွေ ရှိပေမယ့် အဲဒီလိုလုပ်ဖြစ်ဖို့က လိုပါသေးတယ်။ သရုပ်ဆောင်ပိုင်းပဲ ကျွမ်းကျင်တာဆိုတော့ လေ့လာစရာတွေ အများကြီးရှိသေးတယ်။

■ မေး - နှုတ်ခမ်းက Filter ထိုးဖြစ်တာလား။

ဖြေ - အိချောက နယ်တွေခရီးထွက်ပြီး ရိုက်ရတာလည်းများတော့ အသားအရည်ခြောက်ပြီး Allergic ဖြစ်တတ်တယ်။ ဒါကြောင့် ခရီးကပြန်လာတိုင်း Treatment ယူရတယ်။ အခု တစ်ခေါက်လည်း Treatment သွားယူရင်း လုပ်ကြည့်မလား မေးတာနဲ့ နှုတ်ခမ်းကို Filter ထိုးလိုက်တာပါ။ အဲဒါကလည်း အချိန်ခဏပဲခံမှာဆိုတော့ စမ်းကြည့်တဲ့သဘောပါပဲ။

■ မေး - ခွဲစိတ်ပြုပြင်တာမျိုးတွေလုပ်ဖို့ရော စိတ်ကူးရှိလား။

ဖြေ - အဲဒါမျိုးတော့ စိတ်ကူးမရှိဘူး။ အိချောက ကိုယ်ပိုင်သွင်ပြင် ပြောင်းလဲသွားတာမျိုးကို မကြိုက်ဘူး။ စမ်းကြည့်တဲ့ သဘောမျိုးပဲ။ ခွဲစိတ်ပြုပြင်တာမျိုးတော့ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။

■ မေး - အချစ်ရေးနဲ့ ပတ်သက်လို့လည်း ပြောပြပါဦး။

ဖြေ - အချစ်ရေးကတော့ အေးဆေးပါပဲ။ ထွေထွေထူးထူး မရှိပါဘူး။

■ မေး - ပရိသတ်တွေကိုပြောချင်တဲ့ စကားလက်ဆောင်များရှိမလား။

ဖြေ - ပရိသတ်တွေကို ပြောချင်တာကတော့ အိချောအခုလို ရပ်တည်နေနိုင်တာက ချစ်ခင်အားပေးတဲ့ ပရိသတ်ကြောင့်ပါပဲ။ ဒါကြောင့် အားပေးရကျိုးနပ်ဖို့ အကောင်းဆုံး ကြိုးစားပါမယ်။ လိုအပ်ချက်တွေ ရှိရင်လည်း ပြောပေးကြပါ။ ပြုပြင်ပြီးတော့ ကြိုးစားသွားပါမယ်။