အင်ဂျလီနာဂျိုလီ အီရတ်မြောက်ပိုင်းရှိ မိုဆူးမြို့သို့ သွားရောက်

အင်ဂျလီနာဂျိုလီ အီရတ်မြောက်ပိုင်းရှိ မိုဆူးမြို့သို့ သွားရောက်
Published 18 June 2018

Photo ; UNHCR

ကုလသမဂ္ဂဒုက္ခသည်များဆိုင် ရာမဟာမင်းကြီး၏ အထူးသံတမန်ဖြစ်သည့် အင်ဂျလီနာဂျိုလီသည် ဇွန် ၁၆ ရက်တွင် အီရတ်မြောက်ပိုင်းရှိ မိုဆူးမြို့သို့ သွားရောက်ခဲ့ပြီး ပြန်လည်တည်ဆောက်ရေးအတွက် ကြိုးပမ်းနေသည့် ဒေသခံများကို  မေ့လျော့မထားရန် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းကို တိုက်တွန်းခဲ့သည်။

ဟောလိဝုဒ်သရုပ်ဆောင် ဂျိုလီသည် မိုဆူးမြို့အနောက်ပိုင်းမှ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့ပြီးနောက် ဗုံးဒဏ်သင့်ခဲ့သည့် လမ်းများကို လှည့်လည်ကြည့်ရှုခဲ့သည်ဟု UNHCR က ထုတ်ပြန်သည့် ဗီဒီယို နှင့် ဓာတ်ပုံများအရ သိရသည်။

အီရတ်တပ်ဖွဲ့ဝင်များသည်  မိုဆူးမြို့ကို ၂၀၁၇ ခုနှစ် ဇူလိုင်တွင် IS တို့ထံမှ ပြန်လည်သိမ်းပိုက်ခဲ့သည်။ IS တို့သည် မိုဆူးမြို့ကို သုံးနှစ်ကြာ သိမ်းပိုက်ခဲ့ပြီး မွတ်စလင်ပိုင်နက်၏ အမာခံနယ်မြေတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။

မိုဆူးမြို့၏ နေရာအများစုသည် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့သူများသည်လည်း  နေအိမ်သို့ ပြန်လာကြပြီ ဖြစ်သည်။

မိုဆူးအနောက်ဘက်ရှိ မြို့ဟောင်းသည် အီရတ်အစိုးရတပ်ဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ ဦးဆောင်သည့် မြို့သိမ်းစစ်ဆင်ရေးတွင် အကြီးအကျယ်ပျက်စီးခဲ့သည်။ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများသည်  နှောင့်နှေးနေဆဲ ဖြစ်သည်။ ကိုးလကြာသည့် ယင်းစစ်ပွဲတွင် လူ ၁၀,၀၀၀ ခန့် သေဆုံးခဲ့သည်။

“UNHCR ရဲ့အထူးသံတမန် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတစ်လျှောက် ကျွန်မမြင်တွေ့ခဲ့သမျှမှာ ဒါဟာ အဆိုးရွားဆုံးပျက်စီးမှုပါပဲ။ ဒေသခံတွေ ခိုကိုးရာမဲ့ ဖြစ်နေတယ်။ ကလေးတွေအတွက် ဆေးဝါးမရှိဘူး။ အများစုဟာ သောက်သုံးရေနဲ့ အခြေခံလိုအပ်မှုတွေ ပြတ်လပ်နေတယ်” ဟု ဂျိုလီက ပြောကြားခဲ့သည်။

မြို့တစ်မြို့လုံး ပြန်လည် တည်ဆောက်ရေးနှင့်တည်ငြိမ်ရေးအတွက် ကတိပေးထားသည် အလုပ်များကိုဆက်ပြီး လုပ်ဆောင်ပေးမည် ဟုမျှော်လင့်ကြောင်း၊ မိုဆူးကို မမေ့လျော့ရန် အပြည်ပြည်ဆိုင်ရာအသိုင်း အဝန်းကို တိုက်တွန်းကြောင်း ဂျိုလီက ပြောကြားခဲ့သည်။

ဂျိုလီသည် ၂၀၀၁ ခုနှစ်မှစပြီး UNHCR နှင့်လက်တွဲခဲ့ပြီး အီရတ်မှသည် ကမ္ဘောဒီးယား၊ ကင်ညာနိုင်ငံများအထိ သွားရောက်ခဲ့သည်။ ယခုခရီးစဉ်သည် ဂျိုလီအတွက် အီရတ်သို့ ငါးကြိမ်မြောက်သွား ရောက်မှုဖြစ်သည်ဟု UNHCR က ထုတ်ပြန်ခဲ့သည်။ ဂျိုလီသည် ၂၀၁၂ ခုနှစ်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ အထူးသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။