၂၀၁၈ အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၉ ရက်အထိ နေပြည်တော်၌ ကျင်းပမည် ရွှေတံဆိပ်စုစုပေါင်း ၂၁၅ ခုအနက် ပြေးခုန်ပစ်နှင့် ရေကူးပြိုင်ပွဲတွင် ၃၈ ခုစီဖြင့် အများဆုံး ချီးမြှင့်မည်

၂၀၁၈ အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၉ ရက်အထိ နေပြည်တော်၌ ကျင်းပမည် ရွှေတံဆိပ်စုစုပေါင်း ၂၁၅ ခုအနက် ပြေးခုန်ပစ်နှင့် ရေကူးပြိုင်ပွဲတွင် ၃၈ ခုစီဖြင့် အများဆုံး ချီးမြှင့်မည်
Published 4 June 2018

ဘောလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပမည့် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အားကစားနည်း ၁၇ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ်စုစုပေါင်း ၂၁၅ ခု ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။ အားကစားနည်း ၁၇ မျိုးတွင် ပြေးခုန်ပစ်နှင့် ရေကူးပြိုင်ပွဲ၌ ရွှေတံဆိပ် ၃၈ ခုစီဖြင့် အများဆုံးချီးမြှင့်ရန် စီစဉ်ထားသည်။ ယင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများအဖြစ် ပြေးခုန်ပစ်နှင့် ရေကူး၌ ၃၈ ခုစီ၊ ဝူရှူး၌ ၂၃ ခု၊ ဗိုဗီနမ်၌ ၁၇ ခု၊ ကရာတေး၌ ၁၅ ခု၊ မြားပစ်နှင့် အပြည်ပြည်ဆိုင်ရာလှေ၌ ၁၀ ခုစီ၊ ပိုက်ကျော်ခြင်းနှင့် ခြင်းလုံး၌ ရှစ်ခုစီ၊ ကြက်တောင်၊ ပီတန်း၊ စားပွဲတင် တင်းနစ်နှင့် တင်းနစ်၌ ခုနစ်ခုစီ၊ ရိုးရာလှေ၌ ခြောက်ခု၊ စစ်တုရင်နှင့် ဂေါ့ဖ်၌ လေးခုစီ၊ ဘတ်စကက်ဘော၊ ဘောလုံးနှင့် ဘော်လီဘော၌ နှစ်ခုစီ ချီးမြှင့်မည်ဖြစ်သည်။ မြန်မာအားကစားအဖွဲ့သည် အိမ်ရှင်နိုင်ငံဖြစ်သောကြောင့် ပြိုင်ပွဲအမျိုးအစား အားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အားကစားနည်းအများစု မှာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် အင်အား အများဆုံးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာတက္ကသိုလ်အားကစား အဖွဲ့သည် ယင်းပြိုင်ပွဲအတွက် ပြင်ဆင်နေမှုများနှင့် ပတ်သက်၍ ယခု လကုန်တွင် အား/ကာ နှင့် အားကစားအဖွဲ့ချုပ်များ အစည်းအဝေး ပြုလုပ်မည်ဖြစ်ပြီး နောက်ဆုံးအဆင့် ပြင်ဆင်မှုများအတွက် ဆွေးနွေးမှု ပြုလုပ်မည်ဖြစ်သည်။

၂၀၁၈ အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲတွင် မူလက အားကစားနည်း ၁၆ မျိုးသာ ထည့်သွင်း ကျင်းပရန် စီစဉ်ထားသော်လည်း တင်းနစ်အားကစားနည်း ထပ်တိုးခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်က စင် ကာပူနိုင်ငံ၌ ကျင်းပသည့် (၁၈) ကြိမ်မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ငွေတံဆိပ်တစ်ခုသာ ရရှိခဲ့ကြောင်း သိရသည်။