မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ထိုးသတ်မည့် အောင်လအန်ဆန်၏ ပြိုင်ဘက်ပြောင်းလဲ

မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲ ထိုးသတ်မည့် အောင်လအန်ဆန်၏ ပြိုင်ဘက်ပြောင်းလဲ
Published 25 May 2018

၂၀၁၇ ခုနှစ်က ကျင်းပသည့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲတွင် အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ် ယှဉ်ပြိုင်ထိုးသတ်နေစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

ONE Championship အဖွဲ့အစည်းက ကျင်းပလျက်ရှိသည့် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကာကွယ်ပွဲအဖြစ် ထိုးသတ်မည့် အောင်လအန်ဆန်၏ ပြိုင်ဘက် အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲအဖြစ် ဂျပန်နိုင်ငံသား ဟာဆီဂါဝါနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သည်။

ONE Championship အဖွဲ့အစည်းသည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲကို ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအား ကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး အောင်လအန်ဆန်၏ ပြိုင်ဘက်ကို မေ ၂၄ ရက်က တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲအဖြစ် မူလက ဘရာဇီးလ်နိုင်ငံသား လီအန်ဒရိုနှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်သော်လည်း ယခုရက်ပိုင်းအတွင်း အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် ဟာဆီဂါဝါသည် ၂၀၁၀ ပြည့်နှစ်တွင် MMA ပြိုင်ပွဲ စတင်ထိုးသတ်ခဲ့ပြီး ကိုးပွဲဆက်အနိုင်ရခဲ့သလို ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က နောက်ဆုံးထိုးသတ်ခဲ့သည့်ပွဲတွင်လည်း တစ်နိုင်ငံတည်းသား ဟာရာရှီကို ပထမအချီတွင် အနိုင်ရခဲ့သည်။ ဟာဆီဂါဝါသည် MMA ကစားသမားဘ၀ ရှစ်နှစ်တာကာလအတွင်း ၁၉ ပွဲထိုးသတ်ထားရာ ၁၆ ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ထားသည်။ ဟာဆီဂါဝါက “ရှစ်နှစ်တာကာလအတွင်း ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ ကစားသမားဘ၀ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ အခွင့်အရေး ရောက်ရှိလာပါပြီ။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို စိန်ခေါ်ခွင့်ရတဲ့ အတွက် အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်ရဲ့ အရည်အသွေးကို ပြသခွင့်ရဖို့ အခွင့်အရေးပေးတဲ့ ONE Championship ကိုလည်း ကျေးဇူးတင်ပါတယ်။ အောင်လအန်ဆန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ သူ့ရဲ့အောင်မြင်မှုတွေအတွက် အောင်လအန်ဆန်ကို ကျွန်တော် လေးစားပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ ကျွန်တော် အနိုင်ရမယ်လို့ ယုံကြည်မှုအပြည့်ရှိပါတယ်။ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံအသစ်အဖြစ် ဒိုင်လူကြီးက ကျွန်တော့်ရဲ့လက်ကို ကိုင်မြှောက်ပြီး အောင်ပွဲခံမှာပါ” ဟု ONE Championship သို့ ပြောကြားသည်။ အသက် ၃၁ နှစ်ရှိ ဟာဆီဂါဝါသည် သိုင်းပေါင်းစုံကိုယ်ခံ ပညာရှင်တစ်ဦးဖြစ်ပြီး ပြိုင်ပွဲများတွင် ရလဒ်ကောင်း ရရှိထားသူဖြစ်သည်။

ONE Championship အဖွဲ့အစည်းသည် မေလဆန်းပိုင်းက ကျင်းပသည့် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ထိုးသတ်ခဲ့သော ဘစ်ဒက်ရှ် (ရုရှား) နှင့် လီအန်ဒရို (ဘရာဇီးလ်) တို့ပွဲမှ အနိုင်ရသည့် ကစားသမားအား အောင်လန်အန်ဆန်နှင့် ယှဉ်ပြိုင်ထိုးသတ်ရန် စီစဉ်ထားသော်လည်း အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းပွဲအတွက် ကြိုတင်လက်မှတ်များ စတင်ရောင်းချနေပြီ ဖြစ်သည်။