အမေရိကန် သရုပ်ဆောင်မှ ဗြိတိန်တော်ဝင်မိသားစုဝင်သစ်ဖြစ်လာမည့် မက်ဂန်မာခယ်

အမေရိကန် သရုပ်ဆောင်မှ ဗြိတိန်တော်ဝင်မိသားစုဝင်သစ်ဖြစ်လာမည့် မက်ဂန်မာခယ်
Published 13 May 2018

ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်ရမည့် ဇာတ်ကောင်အတွက် အပြင်းအထန် ကြိုးပမ်းခဲ့ရသည့် အမေရိကန် သရုပ်ဆောင် မက်ဂန်မာခယ်သည် မေ ၁၉ ရက်တွင် ဟာရီမင်းသားနှင့် လက်ထပ်ရန်နှင့် ဗြိတိန်တော်ဝင်မိသားစု၏ မိသားစုဝင်အသစ်ဖြစ်လာရန် ပြင်ဆင်နေပြီဖြစ်သည်။

အသက် ၃၆ နှစ်အရွယ်ရှိ မာခယ်သည် Suits ဇာတ်လမ်းတွဲတွင် ရေချယ်ဇိန်းဇာတ်ကောင်ဖြင့် အောင်မြင်ခဲ့ရုံသာမက အနုပညာနယ်ပယ်ပြင်ပတွင်လည်း ရည်မွန်သည့်ထင်ရှားသူတစ်ဦး ဖြစ်သည်။ မာခယ်သည် အမျိုးသမီးများအား လုပ်ပိုင်ခွင့်ပေးရေးဆိုင်ရာ ကုလသမဂ္ဂ တက်ကြွလှုပ်ရှားသူတစ်ဦးနှင့် World Vision Canada ကယ်ဆယ်ရေးအေဂျင်စီ၏ ကမ္ဘာလုံးဆိုင်ရာ သံတမန်တစ်ဦးလည်းဖြစ်သည်။ လော့စ်အိန်ဂျလိစ်တွင် မွေးဖွားခဲ့သည့် မာခယ်က ယခုအခါ Follower နှစ်သန်းကျော် ရှိလာသည့် Instagram အကောင့်နှင့် အောင်မြင်သည့် The Tig ဘလော့ဂ်ကို ပိတ်ပစ်လိုက်ပြီဖြစ်သည်။

“မာခယ်က ထက်မြက်တဲ့ မိန်းကလေးတစ်ဦးပါ။ သူ ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်းသိတယ်” ဟု မာခယ်၏အတ္ထုပ္ပတ္တိကို ရေးသားခဲ့သည့် တော်ဝင်စာရေးဆရာ အင်ဒရူးမော်တန်က ပြောကြားခဲ့သည်။ ရေချယ်မက်ဂန်မာခယ်ကို လူဖြူတစ်ဦးဖြစ်သည့် Lighting Director သောမတ်စ်မာခယ်နှင့် လူမည်းလူမှုဖူလုံရေး ဝန်ထမ်းနှင့် ယောဂနည်းပြ ဒိုရီယာ ရက်ဂ်လန်တို့က ၁၉၈၁ ခုနှစ် သြဂုတ် ၄ ရက်တွင် မွေးဖွားခဲ့သည်။ မာခယ်၏ မိခင်ဘက်ဘိုးဘေးဘီဘင်များသည် ဂျော်ဂျီယာရှိ ဝါစိုက်ခင်းများတွင် အလုပ်လုပ်သည့် ကျွန်များဖြစ်သည်။ မိခင်၏ မိသားစုအမည်သည် ကျွန်ပိုင်ရှင်တစ်ဦးထံမှ ရယူခဲ့ခြင်းဖြစ်သည်။ ဗီဇပညာရှင်များက မာခယ်၏ ဖခင်ဘက်မျိုးဆက်ကို ခြေရာခံရာတွင် ၁၃၀၆ ခုနှစ်မှ ၁၃၂၉ ခုနှစ်အထိ စကော့တလန်ကို အုပ်ချုပ်ခဲ့သည့် ပထမရောဘတ်ဘုရင်မှ ဆင်းသက်လာသည်ကို လေ့လာတွေ့ရှိခဲ့သည်။ မာခယ်၏ မိဘနှစ်ဦးသည် ၎င်းခြောက်နှစ်အရွယ်တွင် ကွာရှင်းခဲ့ကြသည်။ မာခယ်သည် Northwestern တက္ကသိုလ်တွင် ပြဇာတ်နှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ကို သင်ယူခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ဘွဲ့ရခဲ့ပြီးနောက် အာဂျင်တီးနားရှိ အမေရိကန်သံရုံးတွင် ပြန်ကြားရေးအရာရှိအဖြစ် သီတင်းခြောက်ပတ်ကြာ အလုပ်သင်လုပ်ခဲ့သည်။ မာခယ်သည် ၂၀၀၄ ခုနှစ်တွင် လော့စ်အိန်ဂျလိစ်သို့ ပြန်လာခဲ့ပြီးနောက် ၎င်းကို သရုပ်ဆောင်ဖြစ်ရန် ကူညီပေးခဲ့သည့် ရုပ်ရှင်ထုတ်လုပ်သူ Trevor Engelson နှင့် မေတ္တာမျှခဲ့သည်။ ၎င်းတို့နှစ်ဦးသည် ၂၀၁၁ ခုနှစ်တွင် ဂျမေကာ၌ လက်ထပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ကွာရှင်းခဲ့သည်။ မာခယ်သည် ၂၀၁၆ ခုနှစ်တွင် လန်ဒန်သို့သွားရောက် လည်ပတ်စဉ်အတွင်း မိတ်ဆွေတစ်ဦး၏ မိတ်ဆက်ပေးမှုဖြင့် အဲလိဇဘတ်ဘုရင်မကြီး၏မြေးဖြစ်သူ ဟာရီနှင့် သိကျွမ်းခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent