Coachella ဂီတပွဲတော်၌ ဘီယွန်းဆေးက Destiny's Child အဖွဲ့သားဟောင်းများနှင့် အတူတကွ ဖျော်ဖြေ

Coachella ဂီတပွဲတော်၌ ဘီယွန်းဆေးက Destiny's Child အဖွဲ့သားဟောင်းများနှင့် အတူတကွ ဖျော်ဖြေ
Published 17 April 2018

နာမည်ကျော် Coachella ဂီတပွဲတော်၏ ဒုတိယနေ့တွင် ဘီယွန်းဆေးသည် ၎င်း၏အဖွဲ့ဟောင်းဖြစ်သော Destiny's Child နှင့် ရှားရှားပါးပါး အတူတကွ သီဆိုဖျော်ဖြေခဲ့သည်။ ဘီယွန်ဆေးသည် ယမန်နှစ်က အမြွှာနှစ်ဦး၏ကိုယ်ဝန်ကို လွယ်ထားရချိန်ဖြစ်သောကြောင့် Coachella တွင် သီဆိုဖျော်ဖြေရေးမှာ တစ်နှစ်နောက်ကျသွားခဲ့ခြင်းဖြစ်သည်။

တောင်ပိုင်း ကယ်လီဖိုးနီးယားကန္တာရထဲတွင် နှစ်စဉ်ပြုလုပ်နေကျ ကမ္ဘာ့ထိပ်တန်း တေးဂီတပွဲတော် Coachella သို့ လာရောက်သူ ပရိသတ် ၁၀၀,၀၀၀ ကျော်ခန့်ရှိသည်။

ဘီယွန်းဆေးသည် ထိုဂီတပွဲအတွင်း ၎င်း၏နာမည်ကျော်သီချင်းများကို နှစ်နာရီကြာ အချိန်အတွင်း အနည်းငယ်သာနားပြီး အခြားသောအကသမားနှင့် ဂီတပညာရှင် ၁၀၀ ကျော်အား ဦးဆောင်၍ တက်ကြွစွာ သီဆိုသွားခဲ့ခြင်းဖြစ်သည်။ Coachella တွင် ဘီယွန်ဆေးနှင့်အတူ ခင်ပွန်းဖြစ်သူ Jay-Z ကလည်း Deja Vu သီချင်းကို အတူပါဝင် သီဆိုခဲ့သေးသည်။

ဘီယွန်းဆေးသည် Destiny's Child အဖွဲ့ဝင်များဖြစ်သည့် Kelly Rowland၊ Michelle Wiliams တို့နှင့် Say My Name သီချင်းအပါအဝင် သီချင်းသုံးပုဒ်ကို အတူဖျော်ဖြေခဲ့ခြင်းဖြစ်သည်။ ယင်းသည် ၂၀၁၃ ခုနှစ်က Super Bowl နောက်ပိုင်း ပထမဆုံးအကြိမ် Destiny's Child အဖွဲ့ဝင်များအတူ ပြန်လည်ဖျော်ဖြေကြခြင်းလည်း ဖြစ်သည်။ ထိုအဖွဲ့သည် ဘီယွန်းဆေးအား ကျော်ကြားသောပုဂ္ဂိုလ်တစ်ဦးဖြစ်လာအောင် တွန်းပို့ပေးခဲ့ခြင်း ဖြစ်သော်လည်း အတွင်းပိုင်းတွင်မူ ကွဲလွဲမှုများနှင့် ပတ်ချာလည်ဝိုင်းနေသည်။

ဘီယွန်းဆေးသည် လာမည့်သီတင်းပတ်ကုန်ရက်တွင်လည်း ဒုတိယအကျော့ သီဆိုရန် ပြန်လည်ရောက်လာဦးမည်ဖြစ်သည်။ ဘီယွန်းဆေးသည် Coachella ဂီတပွဲတော်တွင် ထိပ်တန်းဖြစ်သွားသည့် ပထမဆုံး လူမည်းအမျိုးသမီး အဆိုရှင်တစ်ဦးဖြစ်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။

အမျိုးသားများ ကြီးစိုးထားသော ဂီတလောက၌ မည်သည့်ဂီတပွဲတော်ကြီးများတွင်မဆို ဘီယွန်းဆေးသည် ထိပ်တန်းသို့ရောက်သော အမျိုးသမီးအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ Coachella သည် ကမ္ဘာထိပ်တန်းဂီတ ဖျော်ဖြေပွဲတစ်ခုဖြစ်နေရခြင်းမှာ နာမည်ကျော် အဆိုရှင်များ လာရောက်ဖျော်ဖြေခြင်း တစ်ခုတည်းအတွက်တင်မကဘဲ ဖက်ရှင်များကိုပြသရန် အဓိကနေရာတစ်ခု ဖြစ်နေခြင်းကြောင့်လည်းဖြစ်သည်။ ဖက်ရှင်ဒီဇိုင်နာများသည်လည်း ၎င်းတို့၏ အဝတ်အထည်၊ အသုံးအဆောင်တံဆိပ်များကို Coachella ပွဲတော်အတွင်း အကြီးအကျယ် ဈေးကွက်ထိုးဖောက်လေ့ ရှိကြသည်။