တေးသံရှင်နီနီခင်ဇော်နှင့် တွေ့ဆုံခြင်း

တေးသံရှင်နီနီခင်ဇော်နှင့် တွေ့ဆုံခြင်း
Published 20 February 2018

ဖေဖော်ဝါရီ ၁၈ ရက်မှစတင်ကာ MRTV-4 ရုပ်သံလိုင်း၌ ထုတ်လွှင့်ပြသခဲ့သည့် The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြုလုပ်လျက်ရှိသည့် The Voice သီချင်းဆိုပြိုင်ပွဲ၏ တရားဝင်အသိအမှတ်ပြုမှုဖြင့် ပြုလုပ်သည့်ပြိုင်ပွဲတစ်ခုဖြစ်ပြီး လူငယ်အနုပညာရှင်လေးဦးက Coach အဖြစ်ပါဝင်ခြင်းကြောင့် ပရိသတ်စိတ်ဝင်စားမှု များပြားလျက်ရှိသည့် ပြိုင်ပွဲလည်းဖြစ်သည်။ နီနီခင်ဇော်က The Voice Myanmar ပြိုင်ပွဲ၏ Blind Audition ရွေးချယ်မှုတွင် ဂီတခရီးလမ်းအစမှ သူငယ်ချင်းဖြစ်သူ လာရောက်ယှဉ်ပြိုင်သော်လည်း မသိရှိလိုက်သဖြင့် ဝမ်းနည်းခဲ့ရပုံအား မျှဝေပေးခဲ့သည့်အပြင် ပြိုင်ပွဲဝင်များအတွက် ပြုလုပ်ပေးသွားရန် စီစဉ်ထားသည်များ၊ ဧပြီ ၇ ရက်တွင်ကျင်းပမည့် Retro Redvolution ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေမှုများအား ပြောပြခဲ့ပါသည်။

■ မေး - The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ Coach တစ်ယောက်အဖြစ် ပါဝင်ဖြစ်ပုံလေး အရင်သိချင်ပါတယ်ရှင်။
ဖြေ - Blind Audition ကို စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဖြတ်ကျော်ခဲ့ရပါတယ်။ ထင်ထားတာထက် ပိုပြီးတော်တဲ့ Talent တွေလည်းပါပါတယ်။ ကောင်းမယ်လို့ထင်ထားပေမယ့် စိတ်လှုပ်ရှားမှုမျိုးစုံကြောင့် လက်လွှတ်ခဲ့ရတဲ့ Talents တွေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။

■ မေး - Blind Audition မှာဆိုရင် အချိန်နှစ်မိနစ်အတွင်းမှာ အသံကို နားထောင်ဆုံးဖြတ်ရတဲ့အခါ ဘယ်လိုအရာတွေကို နီနီကိုဆွဲဆောင်နိုင်ခဲ့လဲ။
ဖြေ - အဓိကတော့ အရမ်းသေသပ်လှပအောင် ဆိုတတ်တာထက်စာရင် သူတို့ရင်ထဲမှာရှိနေတဲ့ အနုပညာပေါ့နော်။ ရွက်ပုန်းသီးလေးလည်းဖြစ်နိုင်တယ်။ ဒါမျိုးကို အသံမှာကြားခွင့်ရတယ်ဆိုရင် အားလုံးက ဝမ်းပန်းတသာလှည့်ကြည့်ဖြစ်ကြတယ်။ သီချင်းကို လှပသေသပ်စွာဆိုတာထက်စာရင် တကယ့်အနုပညာစိတ်နဲ့ဆိုသွားတဲ့၊ ဆွဲဆောင်မှုရှိတဲ့အသံမျိုးကို လှည့်ကြည့်ဖြစ်ပါတယ်။

■ မေး - Coach တစ်ယောက်ထက်ပိုပြီး လှည့်ကြည့်တဲ့အခါ ပြိုင်ပွဲဝင်က ပြန်ရွေးရတာဆိုတော့ ဒိုင်အချင်းချင်းလည်း ယှဉ်ပြိုင်မှုများတယ်လို့ သိရပါတယ်။ အဲဒါလေးလည်း ပြောပြပါဦး။
ဖြေ - နီနီတို့ အခု Coach အတူလုပ်ခွင့်ရတဲ့ အစ်ကိုတွေအားလုံးက ငယ်စဉ်က နီနီအားကျခဲ့ရတဲ့ အစ်ကိုတွေပါပဲ။ ပြိုင်ပွဲပေါ်ရောက်သွားတဲ့အခါ တစ်ယောက်ချင်းစီမှာ အားနည်းချက် အားသာချက်တွေရှိပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲဝင်က ကိုယ့်ကိုရွေးချယ်ဖို့အတွက် အပြိုင်အဆိုင်ပြောရတာလေးတွေ ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စရင်းနောက်ရင်းနဲ့ ပြောကြတာပါ။ တစ်ယောက်ကိုတစ်ယောက် respect လည်းထားရပါတယ်။

■ မေး - Blind Audition ၁၂ ယောက်ရွေးချယ်ပြီးတဲ့အခါ ကိုယ့်အဖွဲ့ကသူတွေကို battle round အတွက် ဘယ်လိုပြင်ဆင်ပေးခဲ့ရလဲ။
ဖြေ - သီချင်းဆိုပြိုင်ပွဲကို နီနီကိုယ်တိုင်လည်း ပြိုင်ခဲ့ဖူးတယ်။ သီချင်းဆိုပြိုင်ပွဲဆိုတာ အဓိကတော့ စိတ်ပါပဲ။ စိတ်နဲ့အရင်ပြိုင်ရတယ်။ အသံဘယ်လောက်ကောင်းကောင်း စိတ်ဓာတ်ကြံ့ခိုင်မှုမရှိရင် စင်ပေါ်တက်လို့မရပါဘူး။ ရိုးရိုးရှိုးပွဲနဲ့မတူဘူး။ စိတ်ကိုအေးချမ်းအောင် ထားခိုင်းတယ်။ ပြိုင်ပွဲဝင်မယ့်နေ့မှာ စိတ်လှုပ်ရှားမှုတွေများပြီး ချွတ်ချော်မှုတွေရှိတာလည်း တွေ့တယ်။ စိတ်နဲ့ အရင်ပြိုင်ကြည့်တာ ပိုကောင်းပါတယ်။

■ မေး - ကိုယ်တိုင်လည်း ပြိုင်ပွဲဝင်ဖြစ်ခဲ့ဖူးတော့ အခုလာရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်တွေကို ဘယ်လိုသုံးသပ်ချင်လဲ။
ဖြေ - အဓိကတော့ The Voice ပြိုင်ပွဲနဲ့ပတ်သက်လို့ပြောရရင် သီချင်းသံကိုပဲကြားရတယ်။ ယောကျ်ားလေးဆိုနေတာလား၊ မိန်းကလေးဆိုနေတာလားတောင် နီနီတို့မသိရဘူး။ အဲဒီမှာ ဝမ်းအနည်းဆုံးဖြစ်ရပ်တစ်ခု ဖြစ်ခဲ့တယ်။ နီနီ့သူငယ်ချင်းတစ်ယောက် လာပြိုင်တယ်။ နီနီတို့ ဆရာကေအေတီရဲ့ သင်ကြားမှုတွေအတူ ရခဲ့တဲ့သူငယ်ချင်းက လာပြိုင်တယ်။ နီနီမသိလိုက်ဘူး။ သူပြိုင်တယ်။ တစ်ယောက်မှ လှည့်မကြည့်လိုက်ကြဘူး။ တကယ်လှည့်ကြည့်တဲ့အချိန် သူဖြစ်နေတာတွေ့ရတော့ စိတ်မကောင်းဖြစ်ရတယ်။ သူက အခွေလည်းထွက်ပြီးသား အဆိုတော်တစ်ယောက်ဖြစ်တယ်။ ဒါက The Voice ရဲ့ထူးခြားချက်ပါ။ ပြိုင်ပွဲကကြည့်ရတဲ့သူတွေအတွက် ပျော်လည်းပျော်ရွှင်ရမယ်။ စိတ်လှုပ်ရှားဖို့လည်း ကောင်းမှာပါ။

■ မေး - ဒီပွဲကထွက်လာမယ့် Winner ဆုရှင်ကိုရော ဘယ်လိုရွေးချယ်ထွက်ပေါ်လာမယ်လို့ ပြောလို့ရမလဲ။
ဖြေ- Coach အနေနဲ့ပါရမှာဖြစ်ပေမယ့် နီနီတို့ဆီမှာရှိနေတဲ့စိတ်တွေ၊ အနုပညာအပေါ် ထားရမယ့်သဘောထားတွေကို သူငယ်ချင်းလိုမျိုးပဲ ဝေမျှပေးသွားမှာဖြစ်ပါတယ်။ သူတို့အတွက် motivation ဖြစ်အောင်ပဲ လုပ်ပေးသွားမှာပါ။ ပြီးတော့ စင်ပေါ်မှာအမှားတွေ မဖြစ်အောင်ပေါ့။ သီချင်းရွေးမမှားဖို့၊ ပါဖောမန်စ်တွေမမှားဖို့ပေါ့။ ပြဿနာသေးသေးလေးတွေကအစ မဖြစ်အောင် ထိန်းကျောင်းပေးသွားမှာပါ။

■ မေး - ပြိုင်ပွဲမှာ Live ထုတ်လွှင့်မယ့်အဆင့်တွေလည်း ပါတယ်ဆိုတော့ ပရိသတ်အကြိုက်နဲ့ အကဲဖြတ်ဒိုင်တွေရဲ့အမြင်တွေ ထိပ်တိုက်တွေ့နိုင်တဲ့ အခြေအနေတွေကိုရော ဘယ်လိုကျော်ဖြတ်သွားမလဲ။
ဖြေ - Live Show ပြိုင်တဲ့အချိန်မှာ ပိုပြီးတာဝန်ကြီးပါတယ်။ လုံးဝအမှားမခံသလို coach တွေရဲ့ဆုံးဖြတ်ချက်ကလည်း အမှားမခံဘူး။ Live အဆင့်မှာတော့ coach ရယ်၊ Talent ရယ်၊ ပရိသတ်ရယ် သုံးပိုင်းပေါ့။ သုံးပိုင်းလုံးကြည့်လို့၊ နားထောင်လို့ကောင်းမယ့် တင်ဆက်မှုမျိုးဖြစ်အောင် ကြိုးစားသွားမှာပါ။

■ မေး - ဒီပြိုင်ပွဲကနေ ပြိုင်ပွဲဝင်တွေအတွက် ဘယ်လိုအရာတွေရရှိသွားမယ်လို့ မျှော်လင့်ထားလဲ။
ဖြေ - ပြိုင်ပွဲဝင်နေရာကနေ ခံစားကြည့်မယ်ဆိုရင် သူတို့ကြိုက်တဲ့အနုပညာရှင်တွေက coach တွေထဲမှာပါတယ်ဆိုရင် အဲဒီအနုပညာရှင်တွေရဲ့ ခံစားချက်၊ ဖြတ်သန်းမှု၊ ခံယူချက်တွေကို သိမြင်ခွင့်ရမယ်။ ဒါက ဘယ်မှာမှမရှိနိုင်တဲ့အရာလေးတွေပါ။

■ မေး - တစ်နှစ်ကို တစ်ပွဲပဲလုပ်ဖြစ်တဲ့ တစ်ကိုယ်တော်ပွဲဖြစ်တာကြောင့် ဒီနှစ်မှာရော ဘယ်လိုအကောင်းဆုံးတင်ဆက်မှုတွေ လုပ်ဖြစ်မလဲ။
ဖြေ - နီနီက တစ်ကိုယ်တော်ပွဲ တစ်နှစ်ကိုတစ်ပွဲပဲ လုပ်ရတဲ့ရည်ရွယ်ချက်က ကိုယ့်စံချိန်ကိုကိုယ် ပြန်ချိုးနိုင်အောင် ကြိုးစားချင်လို့ပါ။ နီနီသီချင်းတွေအားလုံးကို အကောင်းဆုံးဖျော်ဖြေတင်ဆက်မှုတွေ လုပ်ချင်တယ်။ ဒါကြောင့် ခြောက်လလောက် အချိန်ယူပြင်ဆင်ပြီး တစ်နှစ်ကိုတစ်ပွဲပဲလုပ်ဖို့ စီစဉ်ဖြစ်တာပါ။ ဒီပွဲမှာ သီချင်း ၂၅ ပုဒ်လောက်ဆိုပါမယ်။ အချိန်နှစ်နာရီခွဲအတွင်းမှာ ကြည့်ရတာတန်တဲ့ ခံစားချက်မျိုးရအောင်၊ သီချင်းတွေကြားမှာ မျောလွင့်ရင်းခံစားနိုင်အောင် တင်ဆက်သွားပါမယ်။ နိုင်ငံတကာက အကပညာရှင်တွေအပါအဝင် ပညာရှင်တွေနဲ့ ပူးပေါင်းတင်ဆက်သွားမှာဆိုတော့ နိုင်ငံတကာဖျော်ဖြေမှုရသ အပြည့်အဝရရှိအောင် တင်ဆက်သွားပါမယ်။ နောက်ဆုံးထွက်ရှိထားတဲ့ ‘U’ အယ်လ်ဘမ်ထဲက သီချင်းအများစုကိုလည်း ဒီပွဲမှာဆိုဖို့ စီစဉ်ထားသလို နီနီနဲ့ ပရိသတ်ကြားမှာ အမှတ်တရများစွာရှိစေခဲ့တဲ့ သီချင်းတွေလည်း ဆိုမှာပါ။ နောက်တစ်ခုက ဖက်ရှင်ပိုင်းဆိုင်ရာကိုလည်း နီနီပွဲရဲ့ခေါင်းစဉ်ဖြစ်တဲ့ Retro Redvolution ဆိုတာနဲ့လိုက်ဖက်အောင် အကောင်းဆုံးပြင်ဆင်သွားမှာပါ။ ဒါကြောင့် နီနီ့ပွဲလေးမှာ အားလုံးဆုံတွေ့ဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်ရှင်။