Zee Lay Zee Lay သီချင်းတေးသံရှင် Matteo နှင့် မြန်မာအနုပညာရှင်များစွာ ပါဝင်မည့် Bella Music Festival ရန်ကုန်နှင့် မန္တလေးမြို့တွင် ပြုလုပ်မည်

Zee Lay Zee Lay သီချင်းတေးသံရှင် Matteo နှင့် မြန်မာအနုပညာရှင်များစွာ ပါဝင်မည့် Bella Music Festival ရန်ကုန်နှင့် မန္တလေးမြို့တွင် ပြုလုပ်မည်
Published 19 February 2018

အွန်လိုင်းအသုံးပြုသ ူပရိသတ်များကြားတွင် အားပေးမှုများပြားသည့် Zee Lay Zee Lay သီချင်း၏တေးသံရှင် Matteo နှင့်မြန်မာအနုပညာရှင်များစွာတို့ ပူးပေါင်းဖျော်ဖြေမည့် Bella Music Festival ကို ရန်ကုန်နှင့်မန္တလေးမြို့များ၌ ဧပြီလဆန်း ကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါဂီတဖျော်ဖြေပွဲ ကို ဘိုဘိုအင်တာတိန်းမန့်မှ ဂျွန်လွင်က Bella အတွက် ပူးပေါင်းစီစဉ်ပေး ခြင်းဖြစ်ကြောင်း သိရသည်။

Bella Music Fesival ကို ရန်ကုန်မြို့၌ကျင်းပရာတွင် Matteo နှင့်အတူ တေးသံရှင်ဇော်ဝင်းထွဋ်၊ Big Bag ၊ Idiots ၊ ဝေလ၊ ရဲရင့်အောင်၊ အောင်ထက်၊ ဇွဲပြည့်၊ ဝိုင်းစုခိုင်သိန်း၊ ဖြူဖြူကျော်သိန်းတို့ပါဝင် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။   မန္တလေးမြို့၌ကျင်းပရာတွင် တေးသံရှင် Matteo နှင့်အတူ Big Bag ၊ Idiots ၊  ဝေလ၊ လွှမ်းပိုင်၊ ရဲရင့်အောင်၊  X-Box ၊ ဖြူဖြူကျော်သိန်း၊ Bobby Soxer တို့ပါဝင်ဖျော်ဖြေမည်ဖြစ် သည်။ ယင်းဂီတဖျော်ဖြေပွဲများကို ဧပြီ ၁ ရက်နှင့် ၇ ရက်တွင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ဘိုဘိုအင်တာတိန်းမန့်ရယ်၊ ကိုဂျွန်လွင်ရယ်ပေါင်းပြီး Bella အတွက် Bella Music Festival လုပ်ဖို့ရှိပါတယ်။ အခုအွန်လိုင်းမှာခေတ်စားနေတဲ့ ဇီလေဇီလေ သီချင်းရဲ့အဆိုတော်လည်း မြန်မာနိုင်ငံမှာလာပြီးဖျော်ဖြေမယ်။သူနဲ့အတူ မြန်မာတေးသံရှင်တွေအများကြီးပါဝင်ပါမယ်။ ပွဲကဧပြီ ၁ ရက်နဲ့ ၇ ရက်တွေမှာပြုလုပ်ဖို့အကြမ်းဖျင်း လျာထားပါတယ်။ ရန်ကုန်နဲ့ မန္တလေးမှာ လုပ်မှာပါ။ နိုင်ငံတကာအဆင့်မီ ဖျော်ဖြေပွဲပုံစံမျိုးဖြစ်အောင် တင်ဆက်သွားပါမယ်။ အားလုံးပျော် ကြဖို့ပြုလုပ်မယ့်ပွဲဖြစ်ပါတယ်။ အမိုက်စားဖျော်ဖြေမှုတွေနဲ့ ကြည့်ရှုခံစားရမှာပါ။ အသေးစိတ်အချက် တွေကိုတော့ပြန်ပြီး အသိပေးသွားပါမယ်''ဟု ဘိုဘိုအင်တာတိန်းမန့်မှ ကိုဘိုဆန်းက ဆိုသည်။

Bella Music Festival တွင် ပါဝင် ဖျော်ဖြေရန် မြန်မာနိုင်ငံသို့ လာရောက်မည့် Matteo မှာ Zee Lay Zee Lay ဟုမြန်မာပရိသတ်များကြားတွင်ရေပန်းစားနေသည့် 'Panama' တေးသီချင်း သီဆိုသူဖြစ်သည်။ အဆိုပါတေးသံရှင်မှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေခြင်းဖြစ်ပြီး Panama သီချင်းအပါအဝင် တေးသီချင်းများစွာဖြင့်ဖျော်ဖြေရန် စီစဉ်ထားခြင်းဖြစ်သည်။ တေးသံရှင်များစွာဖြင့် ပြုလုပ်သွားမည့် Bella Music Festival နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထပ်မံ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းဖျော်ဖြေပွဲအတွက် သီချင်းတိုက်မှုများကို မတ်လကုန်ပိုင်း တွင်ပြုလုပ်ရန်စီစဉ်ထားပြီး တေးသီချင်းအများအပြားဖြင့် ဖျော်ဖြေမည်ဖြစ်သည်။