မလုံ့တလုံဝတ်ဆင်မှုကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံရဖူးဟု အမေရိကန် အမျိုးသမီးဂေါ့ဖ်ကစားသမား စပီရာနက် ပြောကြား

မလုံ့တလုံဝတ်ဆင်မှုကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံရဖူးဟု အမေရိကန် အမျိုးသမီးဂေါ့ဖ်ကစားသမား စပီရာနက် ပြောကြား
Published 9 February 2018

Photo: Instagram

အမေရိကန် ပရော်ဖက်ရှင်နယ် အမျိုးသမီးဂေါ့ဖ်ကစားသမား စပီရာနက်က မလုံ့တလုံဝတ်စားဆင်ယင်မှုကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်ခံရဖူးကြောင်း ဝန်ခံပြောကြားသည်။

အသက် ၂၄ နှစ်အရွယ်ရှိ စပီရာနက်သည် ကစားသမားဘ၀ အောင်မြင်မှုတစ်ကြိမ်မျှမရှိသည့်အပြင် ကမ္ဘာ့အဆင့် (၁၀၀၀) ပြင်ပတွင်သာ ရပ်တည်နေသော်လည်း Instagram တွင်မူ Follower အရေအတွက် ၁ ဒသမ ၃ သန်းအထိရှိကြောင်း သိရသည်။ ၎င်းသည် ဖေဖော်ဝါရီ ၆ ရက်က အမေရိကန်နိုင်ငံထုတ် Sports Illustrated မဂ္ဂဇင်းအတွက် ရေကူးဝတ်စုံဖြင့် သရုပ်ပြဝတ်ဆင်ခဲ့ပြီးနောက် အင်တာဗျူးအစီအစဉ်တွင် ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။ “၂၀၁၅ နဲ့ ၂၀၁၆ ဒူဘိုင်းမာစတာပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဖိတ်ကြားခံရတုန်းက အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ခံခဲ့ရတယ်။ လူတွေက ကျွန်မရဲ့လွတ်လပ်ခွင့်ကိုထိပါးပြီး ခြိမ်းခြောက်အကျပ်ကိုင်တာတွေ လုပ်ခဲ့ကြတယ်။ ကျွန်မ အဲဒီလိုဖြစ်တာဟာ ဝတ်စားဆင်ယင်မှုကြောင့်ပဲလို့ လူတွေကထင်ကြမှာပါ။ ဒါဟာ ကျွန်မအတွက်တော့ မျှတမှုမရှိပါဘူး” ဟု ၎င်းကပြောကြားသည်။ ဆွဲဆောင်မှုပြင်းသည့်ဓာတ်ပုံများကြောင့် လူသိများကျော်ကြားသူ စပီရာနက်သည် အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်အနိုင်ကျင့်မှုများအား ဆန့်ကျင်သည့် Cyberspace အင်န်ဂျီအိုအဖွဲ့အစည်း၏ သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်နေသူလည်းဖြစ်သည်။