တေးသံရှင် X-Box ၏ နှစ်ကုန်ဖျော်ဖြေပွဲနှင့်အတူ X-Box နှင့် SALUTE အမှတ်တံဆိပ်တို့ ပူးပေါင်းထုတ်ဝေသည့် အင်္ကျီနှင့်ဦးထုပ်များ မိတ်ဆက်ရောင်းချပွဲကို ဒီဇင်ဘာ ၂၃ ရက်တွင် ပြုလုပ်မည်

တေးသံရှင် X-Box ၏ နှစ်ကုန်ဖျော်ဖြေပွဲနှင့်အတူ X-Box နှင့် SALUTE အမှတ်တံဆိပ်တို့ ပူးပေါင်းထုတ်ဝေသည့် အင်္ကျီနှင့်ဦးထုပ်များ မိတ်ဆက်ရောင်းချပွဲကို ဒီဇင်ဘာ ၂၃ ရက်တွင် ပြုလုပ်မည်
Published 16 December 2017

တေးသံရှင် X-Box ထုတ်ဝေမည့် အကျီနှင့်ဦးထုပ်အား တွေ့ရစဉ်

တေးသံရှင် X-Box ၏ ရန်ကုန်ပရိသတ်များအတွက် နှစ်ကုန်ဖျော်ဖြေပွဲနှင့်အတူ X-Box နှင့် SALUTE အမှတ်တံဆိပ်တို့ ပူးပေါင်းထုတ်ဝေသည့် အင်္ကျီနှင့်ဦးထုပ်များ မိတ်ဆက်ရောင်းချပွဲကို ဒီဇင်ဘာ ၂၃ ရက် (စနေနေ့) တွင် ရန်ကုန်မြို့လှည်းတန်းစင်တာ၌ ပြုလုပ်သွားမည်ဟု သိရသည်။

“ကျွန်တော့်ရဲ့ X-Box ဆိုတဲ့အမှတ်တံဆိပ်လေးကို ပရိသတ်တွေကြားမှာ အမှတ်တရလေးဖြစ်ချင်တာကြောင့် ဦးထုပ်နဲ့ အင်္ကျီလေးတွေထုတ်ဖြစ်တာပါ။ ကိုယ်တိုင်က စီးပွားရေးနားမလည်သလို ဒီအလုပ်တွေကိုလည်း မကျွမ်းကျင်တာကြောင့် ကိုရွှေမန်းတို့ရဲ့ SALUTE အမှတ်တံဆိပ်နဲ့ပူးပေါင်းပြီး ထုတ်ဖြစ်တာပါ။ ကျွန်တော်နဲ့ ကျွန်တော့်ပရိသတ်တွေကြားမှာ အမှတ်တရတစ်ခုဖြစ်ဖို့ အဓိကရည်ရွယ်တာပါ။ နောက်ပြီး ကျွန်တော်လည်း အရမ်းနှစ်သက်တဲ့ ကျွန်တော့်ရဲ့အမှတ်တံဆိပ်လေးကို ပရိသတ်တွေကြားမှာ ရှိနေစေချင်တာလည်းပါတယ်။ ပထမဆုံးထုတ်မယ့် ဦးထုပ်နဲ့ အင်္ကျီတွေကို ဒီဇင်ဘာ ၂၃ ရက်မှာ လှည်းတန်းစင်တာမှာ စတင်မိတ်ဆက်ပြီး ရောင်းချသွားမှာပါ။ ဦးထုပ်နဲ့ အင်္ကျီတွေကို ကျွန်တော့်ပရိသတ်တွေအတွက် လူအတော်များများဝယ်ယူနိုင်မယ့် ဈေးနှုန်းမျိုးဖြစ်အောင် စီစဉ်ထားပါတယ်။ ဦးထုပ်တွေ အင်္ကျီတွေရောင်းဖို့ထက် သီချင်းတွေဆိုပြီး ပရိသတ်တွေကိုဖျော်ဖြေချင်တာ အဓိကပါ။ ဘာလို့လဲဆိုတော့ ဒီနှစ်မကုန်ခင်မှာ ကျွန်တော့်ရဲ့ဒုတိယစီးရီးကို ထွက်မယ်ဆိုတာလည်း မထွက်နိုင်ခဲ့သလို ဖျော်ဖြေပွဲတွေမှာ အဆိုနည်းခဲ့တဲ့ ကျွန်တော်က ခရစ္စမတ်မှာရော နယူးရီးယားမှာပါ ရန်ကုန်မှာမရှိပဲ နယ်တွေရောက်နေမှာမို့ ဒီဇင်ဘာ ၂၃ ရက်မှာ ကျွန်တော့်ပရိသတ်တွေအတွက် ၂၀၁၇ ခုနှစ်အတွက် ကျွန်တော့်ရဲ့ ရန်ကုန်နောက်ဆုံးဖျော်ဖြေပွဲလေးလုပ်ရင်း ပရိသတ်တွေနဲ့ကျွန်တော့်ကြားက အမှတ်တရဖြစ်တဲ့ ဦးထုပ်နဲ့ အင်္ကျီတွေကို မိတ်ဆက်ရောင်းချတာပါ” ဟု တေးသံရှင် X-Box ကပြောကြားသည်။ တေးသံရှင် X-Box ရောင်းချမည့် ဦးထုပ်နှင့် အင်္ကျီများကို ကျပ် ၁၂၀၀၀ သတ်မှတ်ထားသည်ဟု သိရသည်။

ဒီဇင်ဘာ ၂၃ ရက်တွင်ပြုလုပ်မည့် X-Box ၏ ရန်ကုန်ပရိသတ်များအတွက် ၂၀၁၇ ခုနှစ် နောက်ဆုံးဖျော်ဖြေပွဲနှင့် ဦးထုပ်နှင့်အင်္ကျီများ မိတ်ဆက်ရောင်းချပွဲတွင် X-Box က သီချင်း ၁၅ ပုဒ်ခန့် ဖျော်ဖြေသွားရန် စီစဉ်ထားသည်ဟု သိရသည်။

ယင်းဖျော်ဖြေပွဲကို လှည်းတန်းစင်တာအတွင်းဘက် ပရိုမိုးရှင်းဧရိယာ၌ ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီမှ ၅ နာရီအထိ ပြုလုပ်သွားရန် စီစဉ်ထားသည်ဟုလည်း သိရသည်။