ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့သည့် သေနတ်သမားကြည်လင်းကို မင်္ဂလာဒုံမြို့နယ်တရားရုံးက လူဝင်မှုကြီးကြပ်ရေးဥပဒေ ၁၃ (၁) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်

ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့သည့် သေနတ်သမားကြည်လင်းကို မင်္ဂလာဒုံမြို့နယ်တရားရုံးက လူဝင်မှုကြီးကြပ်ရေးဥပဒေ ၁၃ (၁) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်
Published 3 September 2017

ဦးကိုနီအား သေနတ်ဖြင့်ပစ်ခတ်လုပ်ကြံခဲ့သည့် ကြည်လင်းအား ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်က မြောက်ပိုင်းခရိုင်တရားရုံးတွင် ရုံးထုတ်စဉ် ခြေကျင်းနှင့် တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ (ဗဟို)  ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ် လုပ်ကြံခဲ့သည့် သေနတ်သမားကြည်လင်းကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်ရှိ မင်္ဂလာဒုံမြို့နယ် တရားရုံးက လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၃ (၁) ဖြင့် သြဂုတ် ၃၀ ရက်က ထောင်ဒဏ် တစ်နှစ်ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး၏ပြောကြားချက်အရ သိရသည်။

“ကြည်လင်းကို ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တရားရုံးက အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ လဝက ၁၃ (၁) နဲ့ ချမှတ်လိုက်တာ ဖြစ်ပါတယ်” ဟု မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ (ဗဟို) ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက် ညနေ ၄ နာရီ ၅၅ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ၎င်း၏နေအိမ်သို့ ပြန်ရန်လေဆိပ် Terminal-1  ရှေ့ပလက်ဖောင်း၌ မြေးဖြစ်သူကိုချီ၍ ရပ်နေစဉ် ဦးကိုနီအား ကြည်လင်းက ၉ မမပစ္စတိုဖြင့် နောက်မှကပ်၍ ဦးခေါင်းအား အနီးကပ်ပစ်ခတ်လုပ်ကြံမှုကြောင့် ဦးခေါင်းဒဏ်ရာဖြင့် လုပ်ကြံခံရသည့်နေရာတွင် ဦးကိုနီမှာ သေဆုံးခဲ့သည်။

ဦးကိုနီအား ပစ်ခတ်လုပ်ကြံခဲ့သည့် ကြည်လင်းအား အငှားယာဉ်မောင်းများနှင့် ပြည်သူများက ခဲများကိုင်ကာ လိုက်လံဖမ်းဆီးစဉ် လုပ်ကြံသူ သေနတ်သမား ကြည်လင်းက ပြန်လည်ပစ်ခတ်သဖြင့် လေဆိပ်အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုနေဝင်းမှာ ကျည်ထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။

ကြည်လင်းအား ဖမ်းဆီးရမိပြီးနောက် ဇန်နဝါရီ ၂၉ ရက်တွင် ရဲတပ်ဖွဲ့က ကြည်လင်း တည်းခိုနေထိုင်ခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်မြေဗိမာန်ဘုန်းကြီးကျောင်းသို့ သွားရောက်ရှာဖွေရာ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၄၊ ၁၅ ရက်တို့တွင် မြဝတီမြို့မှထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် TBP ကတ်ပြား နှစ်ခု (ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်) ၎င်းအသုံးပြုခဲ့သည့် Honda Wave - 100 အမျိုးအစား ဆိုင်ကယ်တစ်စီး၊ စာရွက်စာတမ်း အချို့အပါအဝင် သက်သေခံပစ္စည်း ၁၆ မျိုး ကို သိမ်းဆည်းရမိခဲ့သည်ဟု ပြီးခဲ့သည့် ဖေ ဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ ကျွန်းတောလမ်းရှိ မူးယစ် ပြတိုက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။

အမှုမှာ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသူ ကြည်လင်းနှင့် ပူးပေါင်းပါဝင်သူများဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည့် အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်း၊ အောင်ဝင်းခိုင်တို့ ငါးဦးကို မြောက်ပိုင်းခရိုင်တရားရုံး၌ ပြစ်မှုကြီးအမှတ် ၄၅/၂၀၁၇ ၊ ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၀၂/၃၄/၂၁၂ တို့ဖြင့် တရားစွဲဆိုထားပြီး ယင်းအမှုအတွက် တရားလိုပြသက်သေ ၈၀ ကျော်တင်ပြထားကြောင်း သိရသည်။

ထို့ပြင် ကြည်လင်းနှင့် အောင်ဝင်းဇော်တို့အား ရာကြီးအမှတ် ၄၆/၂၀၁၇၊ လက်နက် ဥပဒေ ပုဒ်မ ၁၉(ဃ)၊ ၁၉ (စ) ဖြင့် တရားစွဲဆို ထားပြီး ယင်းအမှုအတွက် သက်သေ ၁၀ ဦး ကျော် တင်ပြထားကြောင်း သိရသည်။

ဦးကိုနီလုပ်ကြံခံရမှုကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်တရားရုံးတွင် အထူးခုံရုံးဖွဲ့ကာ တရားသူကြီးသုံးဦးဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။

အဆိုပါအမှုမှ အဓိကတရားခံဟု ရဲတပ်ဖွဲ့ကသတ်မှတ်ထားသည့် အောင်ဝင်းခိုင်မှာ ယနေ့အချိန်အထိ လွတ်မြောက်နေဆဲဖြစ်ပြီး လတ်တလောတွင် ဖမ်းဆီးရမိနိုင်ခြေ မရှိသဖြင့် တရားသူကြီးရုံးက ဝရမ်းပြေးအဖြစ် ကြေညာထားသည်။