စစ်တွေမြို့တွင် မူးယစ်ဆေးဝါးရောင်းချသူ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရရှိ

စစ်တွေမြို့တွင် မူးယစ်ဆေးဝါးရောင်းချသူ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးရရှိ
Published 9 August 2018

စစ်တွေမြို့တွင် မူးယစ်ဆေးဝါးရောင်းချသူ အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အများပြည်သူ လာရောက် အပန်းဖြေသည့် စစ်တွေမြို့ ပွိုင့်အပန်းဖြေစခန်းတွင် နေ့ရောညပါ မူးယစ်ဆေးဝါးများ သုံးစွဲရောင်းချနေကြကြောင်း သတင်းပေး တိုင်ကြားမှုအရ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးမှ အနီးကပ်ကြီးကြပ်၍ မူးယစ်ဆေးဝါး ဖမ်းဆီးရေး အထူးတပ်ဖွဲ့ဝင်များဖြင့် ဖမ်းဆီးဆောင်ရွက်ခဲ့ရာ သြဂုတ် ၄ ရက်တွင် ပြည်တော်သာရပ်ကွက် တြိဂံလမ်းဆုံအနီးတွင် လင်းချေ (ဘ) ဦးစံသာ၊ ဝင်းမောင်သန်း (ဘ) ဦးရွှေလှတို့အား မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသဖြင့် စစ်တွေမြို့မရဲစခန်းတွင် မယ(ပ)၃၄/၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၆(ဂ)/၂၁ ဖြင့် အရေးယူ ဆောင်ရွက်ခဲ့သည်။

အလားတူ ပွိုင့်အပန်းဖြေစခန်းတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရေး အထူးတပ်ဖွဲ့ဝင်များအား အသွင်ယူ၍ စုံစမ်းစေခဲ့ရာ သြဂုတ် ၇ ရက် မွန်းလွဲ ၁ နာရီခန့်က ပွိုင့်အပန်းဖြေစခန်းသို့ မူးယစ်ဆေးဝါး ရောင်းချရန် လာရောက်သူ ကျော်သူရဦး (ခ) သူရချေအား စိတ်ကြွရူးသွပ်ဆေးပြား ၂၁၄ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“နိုင်ငံတော်သမ္မတရုံးကနေပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ရဲတပ်ဖွဲ့ဌာနချုပ်ကို သတင်းတစ်ခု ချပေးပါတယ်။ သူတို့မချပေးခင်ကတည်းက စောင့်ဖမ်းနေတာ ရှိပါတယ်။ စစ်တွေရှုခင်းသာ လမ်းတစ်လျှောက်နဲ့ ပွိုင့်လမ်း တစ်လျှောက်ပေါ့။ မူးယစ်ဆေးဝါး ရောင်းချသူတွေ လာတတ်တယ်ဆိုတဲ့ သတင်းအရ တစ်ပတ်လောက်ကတည်းက ကင်းပုန်းဝပ်ပြီး စောင့်ကြည့်နေခဲ့တာပေါ့။ ၄ ရက် ညဉ့်နက်ပိုင်းမှာတော့ ဆေးပြားသုံးစွဲသူနှစ်ဦးကို စမိတယ်။ အဲဒီကနေ တောက်လျှောက် စောင့်နေခဲ့တယ်။ ၇ ရက်နေ့က ဆေးပြား ၂၁၄ ပြားကို လာရောင်းချသူကို ဆိုင်ကယ်၊ ဖုန်းတွေနဲ့အတူမိတယ်။ အဲဒီကနေ တောက်လျှောက်စစ်တာပေါ့။ ကွင်းဆက်တွေကိုလိုက်ပြီး စစ်ဆေးတော့ မဏိရတာ ကျောင်းတိုက်က ရဟန်းပျိုတစ်ပါးဆီက ဝယ်တယ်ဆိုပြီးပြောတော့ အဲဒီတော့ သာသနာရေးဦးစီးမှူးနဲ့ အုပ်ချုပ်ရေးမှူးတို့ ဆရာတော်ကြီးတွေကို လျှောက်ပြီးတော့ အဲဒီရဟန်းပျိုရဲ့အိပ်ရာနဲ့ ဘီရိုကိုရှာတော့ ဆေးပြား ၁၀၁၀၀ ပြားကို ထပ်မံသိမ်းဆည်းရမိတယ်။ ရဟန်းကို လူဝတ်လဲပြီး ကွင်းဆက်ဖော်ထုတ်ခဲ့တဲ့အတွက် တစ်ယောက်ပြီးတစ်ယောက် ဖမ်းမိတာဖြစ်ပါတယ်။ အားလုံး ခုနစ်ယောက်မိတယ်။ အမှုအားဖြင့် ခြောက်မှုဖွင့်ထားပါတယ်” ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောကြားသည်။

ယင်းနောက် ကွင်းဆက်တရားခံများ ဆက်လက်ဖမ်းဆီးခဲ့ရာ စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက် မဏိရတနာဘုန်းတော်ကြီး ကျောင်းတိုက်တွင် သီတင်းသုံးနေသူ ဦးဥတ္တမသီရိ (ခ) ခင်အေးမောင်ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၁၀၀ ပြားအားလည်းကောင်း၊ စစ်တွေမြို့ မင်းဂံရပ်ကွက် မင်းစောမွန်လမ်းနေ စိုးစိုးအေးဆိုသူအား စိတ်ကြွရူးသွပ်ဆေးပြား ၁၈၃၄ ပြားဖြင့် လည်းကောင်း၊ စိုးစိုးအေး၏နေအိမ်တွင် ကျော်မင်းထွန်းဆိုသူအား စိတ်ကြွရူးသွပ်ဆေးပြား ၁၇ ပြားအား လည်းကောင်း၊ စစ်တွေမြို့ လမ်းမတော် မြောက်ရပ်ကွက် ရွှေပြားကမ်းနားလမ်းနေ ခိုင်မင်းဆိုသူထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၃၅ ပြားအား ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် ခိုင်မင်းထံမှ ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများမှာ အောင်စံမြဆိုသူထံမှ ရရှိကြောင်း စစ်ဆေးပေါ်ပေါက်၍ အောင်စံမြအား အမှုဖြင့်ဖမ်းဆီးကာ သီးခြားစီ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ယင်းသို့ဖမ်းဆီးရရှိသောအမှု စုစုပေါင်း ဖမ်းဆီးရမိမှာ အမှုခြောက်မှုဖြစ်ပြီး မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ ကျား ခုနစ်ဦး၊ မ တစ်ဦးတို့အား ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကာ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၀၂၀၂ ပြား၊ ကာလတန်ဖိုး ကျပ် ၆၀၆၀၆၀၀၀ တို့ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။