ပြည်မြို့နယ်၌ ငွေလိမ်မှုဖြင့် တရားစွဲခံထားရသူ အမျိုးသမီးအား အာမခံပေးထားစဉ် ၎င်းအမျိုးသမီးက ငွေချေးမည်ဟုဆိုကာ လူ ၁၀၀၀ နီးပါးထံမှ ငွေများထပ်မံတောင်းယူခဲ့၍ ရဲစခန်းများတွင် အမှုဖွင့်ထား

ပြည်မြို့နယ်၌ ငွေလိမ်မှုဖြင့် တရားစွဲခံထားရသူ အမျိုးသမီးအား အာမခံပေးထားစဉ် ၎င်းအမျိုးသမီးက ငွေချေးမည်ဟုဆိုကာ လူ ၁၀၀၀ နီးပါးထံမှ ငွေများထပ်မံတောင်းယူခဲ့၍ ရဲစခန်းများတွင် အမှုဖွင့်ထား
Published 1 August 2018

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့နယ်တွင် ငွေလိမ်မှုဖြင့် တရားစွဲခံထားရသူ အမျိုးသမီးအား အာမခံပေးထားစဉ် ငွေချေးမည် ဟုဆိုကာ လူ ၁၀၀၀ နီးပါးကို ထပ်မံလိမ်လည်ခဲ့၍ ရဲစခန်းများတွင် အမှုဖွင့်ထားကြောင်း သိရသည်။

အိမ်ထောင်စု တစ်စုလျှင် ကျပ် ၁၅ သိန်း ထုတ်ချေးမည်ဟုဆိုကာ ကြိုတင်ပေးသွင်းငွေ ကျပ် ၂၀၀၀၀ ကောက်ခံခဲ့ပြီး ငွေချေးရန် အာမခံထားသည့် နေ့ရက်ကျော်လွန်သည်အထိ လာရောက်ချေးပေးခြင်း မရှိသည့်အပြင် လိုက်လံစုံစမ်းရာတွင်လည်း အကြောင်းအမျိုးမျိုးပြကာ ရှောင်တိမ်းနေခြင်းကြောင့် လိမ်လည်ခံခဲ့ရသူများက ရဲစခန်းများတွင် အမှုဖွင့် ခဲ့ခြင်းဖြစ်ကြောင်း ငွေလိမ်ခံခဲ့ရသူများထံက သိရသည်။

“သူလာတုန်းကတော့ ငွေချေးမယ်ဆိုတော့ အားချင်းငွေရှာပြီး ပေးလိုက်တယ်။ သူ ထုတ်ပေးမယ်ဆိုတဲ့ ရက်လည်းမလာ နောက် ပိုင်းလည်းမဆက်သွယ်တော့ တိုင်ကြားရခြင်း ဖြစ်ပါတယ်။ သူလိမ်နေတာက ပေါ်လွင်နေ တယ်လေ။ သူက ဟိုရက်လာမယ် ဒီရက်လာ မယ်ဆိုပြီး တကယ်တမ်းကျတော့ လူလည်း လာမတွေ့ဘူး။ ဖုန်းတောင် သူနဲ့အချိတ်အ ဆက်ရဖို့ လိုက်ရှာနေရတယ်။ သူလိမ်တာ ပေါ်လွင်နေတော့ သူ့ကို ဒီအတိုင်းလည်း  မထား နိုင်ဘူး။ ကိုယ်အလိမ်ခံနေရသလို နောက်လူ တွေလည်း အလိမ်ခံနေရမှာပဲ။ နောက်လူတွေ အလိမ်မခံရအောင် တိုင်မှပဲဖြစ်မယ်ဆိုပြီး ကျွန်မတို့က တိုင်ချက်ဖွင့်လိုက်တာပဲ” ဟု ပြည်မြို့နယ် နှောကုန်းကျေးရွာမှ ဒေါ်မြစန်းက ပြောကြားသည်။

အမှုဖွင့် တိုင်ကြားခံရသူ အမျိုးသမီးနှစ်ဦးမှာ ၂၀၁၈ ခုနှစ် ၁ လပိုင်းနှင့် ၂ လပိုင်းတို့ တွင် ပြည်မြို့နယ် တစ်ဝိုက်ရှိ ရပ်ကွက်ကျေးရွာများတွင် ငွေချေးမည်ဟုဆိုကာ လိုက်လံလိမ်လည်ခဲ့ရာ အောင်ဆန်း ရပ်ကွက်တွင် ၃၈ ဦး၊ နှောကုန်းကျေးရွာတွင် ၁၈  ဦး၊ မြို့သစ် တွင် ၁၀၀ ဦး၊ မြောက်နဝင်းဆည် ဆည်တဲ ကျေးရွာတွင် ၁၀၀ ဦး၊ ပျားတိုးကျွန်းတွင် ၁၀၀ ဦးနှင့် အခြားကျေးရွာရပ်ကွက်များ၊ ပေါက်ခေါင်းမြို့နယ်တွင် လူဦးရေ ၃၇၀ ကျော်တို့ကို လိမ်လည်ခဲ့ကြောင်း ပြည်မြို့မ အမှတ် (၂) ရဲစခန်းက သိရသည်။

“ကျွန်တော်တို့ ရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။ ပထမအကြိမ်တုန်းက ၂၀၁၈ ခုနှစ် ၃  လပိုင်းမှာ တစ်ကြိမ် အခု ၇ လပိုင်းမှာ တစ်ကြိမ် ဒီအမျိုးသမီးကို အရေးယူဆောင်ရွက် နေပါတယ်။ အခုဖွင့်ထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေး ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ ပြည်မြို့နယ်ထဲမှာတင် မဟုတ်ဘဲ အလားတူ ပေါက်ခေါင်းမှာလည်း ငွေ ၂၀၀၀၀ ကျပ်စီကို အကြောင်းအမျိုးမျိုးပြပြီး လက်ခံယူထားတယ်လို့ ကြားသိထားရတယ်” ဟု ပြည်မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်က ပြောကြား သည်။

အဆိုပါ မမာမာခိုင်အား အမှတ် ၂  မြို့မ ရဲစခန်းတွင် ၂၀၁၈ ခုနှစ် မတ်လပိုင်းကလည်း ပုဒ်မ-၄၂၀ ဖြင့် အမှုဖွင့် တရားရင်ဆိုင်နေရစဉ် အာမခံပေးထားပြီး ယခုဇူလိုင် ၂၃  ရက်တွင်လည်း ပုဒ်မ-၄၂၀ ဖြင့် ထပ်မံအမှုဖွင့်ထားကာ အမှတ် ၃ ရဲစခန်းတွင်လည်း အမှုဖွင့်ထားကြောင်း သိရပြီး အခြားရဲစခန်း များတွင်လည်း ထပ်မံအမှုဖွင့်သွားမည်ဟု နစ်နာသူများက ပြောကြားသည်။

 

Most Read

Most Recent