မြိတ်မြို့ရှိ ကမ္ဘောဇမီနီဘဏ်တွင် သေနတ်ပြပြီး ငွေများကို ခြိမ်းခြောက်တောင်းယူ ထွက်ပြေးသွားသူအား လေးလကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေး

မြိတ်မြို့ရှိ ကမ္ဘောဇမီနီဘဏ်တွင် သေနတ်ပြပြီး ငွေများကို ခြိမ်းခြောက်တောင်းယူ ထွက်ပြေးသွားသူအား လေးလကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေး
Published 17 February 2018

မြိတ်မြို့ရှိ ကမ္ဘောဇမီနီဘဏ်ကို တွေ့ရစဉ်

မြိတ်မြို့ရှိ ကမ္ဘောဇမီနီဘဏ်တွင် သေနတ်ပြပြီး ငွေများကို ခြိမ်းခြောက်တောင်းယူ ထွက်ပြေးသွားသူအား လေးလကြာသည်အထိ ဖမ်းဆီးရမိခြင်း မရှိသေးသော်လည်း ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရန် နီးစပ်နေပြီ ဖြစ်ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

မြိတ်မြို့ ကန်ဖျားနယ်မြေ ကန်ဖျားလမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသော ကမ္ဘောဇမီနီဘဏ်သို့ ဆိုင်ကယ်ဦးထုပ် ဆောင်းထားသူ တစ်ဦးက ၂၀၁၇ အောက်တိုဘာ ၂၄ ရက်တွင် သေနတ်ပြကာ ငွေများကို ခြိမ်းခြောက် တောင်းယူ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ သေနတ်ကိုင်ဆောင်ထားသူမှာ ငွေများယူပြီး ဆိုင်ကယ်ဖြင့် ပိတောက်ပင်လမ်းဆုံဘက်သို့ မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီး ဝန်ထမ်းများကို မေးမြန်းစစ်ဆေးခြင်း၊ ဖြစ်နိုင်ဖွယ်ရှိသည့် နေရာများသို့ လိုက်လံစုံစမ်းခြင်း၊ မသင်္ကာဖွယ် လူများကို စစ်ဆေးမြန်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ယနေ့အထိ အမှုကို ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ဒီလမ်းကြောင်းအရဆိုရင် ထွက်ပြေးသွားတဲ့ လမ်းကြောင်း တစ်လျှောက်မှာ လူတွေနဲ့ အလားသဏ္ဌာန်တူ၊ ပုံသဏ္ဌာန်တူ အသွင်ယူပြီး လိုက်လံစုံစမ်းနေတာက တစ်ဖွဲ့၊ ဒါတွေကို စုစည်းပြန်လည် တည်ဆောက်ပြီး ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကို ကြီးကြပ်မယ့်အဖွဲ့က တစ်ဖွဲ့ဆိုပြီး ဆောင်ရွက်နေပါတယ်။ ဒါတွေကို ကျွန်တော်ကိုယ်တိုင် ထိတွေ့ဆောင်ရွက် နေပါတယ်။ ဖြစ်နိုင်တဲ့ အနေအထားကို ဆန်ခါတင် စစ်ထုတ်နေပါပြီ။ အမှုလည်း ပေါ်လိမ့်မယ်လို့ ယူဆပါတယ်။ နီးစပ်နေပါပြီ။ ဒါကို ကျွန်တော်မဖြစ်မနေ ဖော်ထုတ်မှကိုရပါမယ်” ဟု မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး တင်ထွန်းက ပြောကြားသည်။

သေနတ်ပြခြိမ်းခြောက် ငွေတောင်းယူ သွားသူမှာ မြိတ်စကား (ဘိတ်အသံ) ဖြင့် ပြောဆိုသူ တစ်ဦးဖြစ်ပြီး ကျပ်သိန်း ၂၇၀ ကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။

“အထူးသဖြင့် မြိတ်ဒေသက ပြည်သူတွေကို Message လေးပေးချင်တာက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ရည်မှန်းချက်ကတော့ ပြည်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ ကမ္ဘာတည်သရွေ့လည်း ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်နေရမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ် အပေါ်မှာလည်း ပြည်သူတွေ စိတ်အေးချမ်းမှု ရှိအောင်၊ စိတ်ကျေနပ်မှုရှိအောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ဖော်ထုတ်နေပါတယ်။ မကြာခင်မှာလည်း ပြည်သူတွေရဲ့ဆန္ဒ ပြည့်တော့မယ်လို့ Message လေးပေးချင်တယ်။ စိုးရိမ်မှုတွေ မဖြစ်ကြဖို့လည်း ပြောချင်ပါတယ်။ နောက်ထပ် မဖြစ်လာအောင်လည်း သတိကြီးစွာနဲ့ လှည့်ကင်း၊ ဝပ်ကင်းတွေ ထားနေတယ်။ အသွင်ယူပြီး လှုပ်ရှားဆောင်ရွက် နေကြောင်းကိုလည်း ပြောကြားချင်ပါတယ်” ဟု ဒုတိယရဲမှူးကြီး တင်ထွန်းက ဆိုသည်။

မြိတ်မြို့တွင် ဘဏ်သို့ သေနတ်ပြ ခြိမ်းခြောက်သည့် ဖြစ်စဉ်မျိုးမှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေသော်လည်း လေးလကြာသည်အထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။