ယခုနှစ်ရှစ်လအတွင်း မန္တလေးတွင် ယာဉ်တိုက်မှု ၂၃၁ မှု၊ သေဆုံးသူ ၁၃၁ ဦးနှင့် ဒဏ်ရာရသူ ၂၄၅ ဦးရှိ

ယခုနှစ်ရှစ်လအတွင်း မန္တလေးတွင် ယာဉ်တိုက်မှု ၂၃၁ မှု၊ သေဆုံးသူ ၁၃၁ ဦးနှင့် ဒဏ်ရာရသူ ၂၄၅ ဦးရှိ
Published 10 September 2017

မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ခုနစ် မြို့နယ်တွင် ယခုနှစ်ရှစ်လအတွင်း ယာဉ်တိုက်မှု ၂၃၁ မှု၊ သေဆုံးသူ ၁၃၁ ဦးနှင့် ဒဏ်ရာရသူ ၂၄၅ ဦးရှိခဲ့ကြောင်း သိရပြီး ဖြစ်စဉ်များတွင် မဆင်မခြင်မောင်းနှင်မှုကြောင့် အများဆုံးဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု အမျိုးအစားများမှာ မဆင်မခြင်မောင်းနှင်မှု ၁၆၆ မှု၊ အရှိန်ပြင်းမောင်းနှင်မှု ၃၈ မှု၊ ယာဉ်မောင်း မကျွမ်းကျင်မှု ၁၀ မှု၊ မူးယစ်မောင်းနှင်မှု ၁၅ မှု၊ ခရီးသည်ပေါ့ဆမှုနှစ်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုများတွင် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှုကြောင့် ၁၆၈ မှု၊ သေဆုံးသူ ၁၀၀ ဦး၊ ဒဏ်ရာရရှိသူသည် ၁၅၇ဦးရှိခဲ့ကြောင်း၊ ကားပါဝင်သော ယာဉ်တိုက်မှုမှာ ၆၃ မှု၊ သေဆုံးသူ ၃၁ ဦး၊ ဒဏ်ရာ ရရှိသူ ၈၈ ဦးရှိခဲ့သည်။  ဖြစ်ပွားချိန်များသည် နေ့လယ် ၁၂ နာရီမှ ညနေ ၆နာရီအထိ အများဆုံးဖြစ်ပွားနေပြီး ယာဉ်တိုက်မှုဖြစ်ပွားသော အမျိုးအစားများတွင်  ဆိုင်ကယ်မှာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ ကိုယ်ပိုင်ယာဉ်များကြောင့်ဖြစ်ကြောင်း သိရသည်။

“ဆိုင်ကယ်တွေက တစ်နေ့ထက်တစ်နေ့ များလာတာကို တွေ့ရတယ်။ ဈေးချိုချိုသာသာနဲ့ ဝယ်လို့ရတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာပြီး ယာဉ်မောင်းနှင်ရာမှာ ကိုယ့်စိတ်အလိုကိုမလိုက်ဘဲ သတိထားပြီး မောင်းနှင်ရင် မဖြစ်သင့်တဲ့ သေဆုံးတာတွေ၊ ဒဏ်ရာရရှိတာတွေ ဖြစ်လာစရာအကြောင်း မရှိပါဘူး” ဟု ရှေ့နေတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့တွင်း အချက်အခြာကျသည့် နေရာများတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ဦးစီးကာ အခြားဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး စည်းကမ်းပျက်ယာဉ်များကို ပညာပေးခြင်းများ၊ စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။