အိန္ဒိယအစိုးရနှင့် ညှိနှိုင်းရာတွင် ပဲသုံးမျိုးအား ကန့်သတ်ကုန်စည်အဖြစ် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ သတ်မှတ်ခြင်းကို ဖယ်ရှားပေးရန်နှင့် မြန်မာနိုင်ငံအတွက် နောက်ထပ် ထပ်တိုးတင်သွင်းခွင့်ပြုရန် တောင်းဆိုရေး ဆွေးနွေးလျက်ရှိ

အိန္ဒိယအစိုးရနှင့် ညှိနှိုင်းရာတွင် ပဲသုံးမျိုးအား ကန့်သတ်ကုန်စည်အဖြစ် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ သတ်မှတ်ခြင်းကို ဖယ်ရှားပေးရန်နှင့် မြန်မာနိုင်ငံအတွက် နောက်ထပ် ထပ်တိုးတင်သွင်းခွင့်ပြုရန် တောင်းဆိုရေး ဆွေးနွေးလျက်ရှိ
Published 6 September 2017

စက်တင်ဘာ ၅ ရက်ကပြုလုပ်သည့် ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို တွေ့ရစဉ်

အိန္ဒိယနိုင်ငံအစိုးရနှင့် ညှိနှိုင်းရာတွင် ပဲသုံးမျိုးအား ကန့်သတ်ကုန်စည်အဖြစ် ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ သတ်မှတ်ခြင်းအား ဖယ်ရှားပေးရန်အတွက် ပထမဦးစားပေး တောင်းဆိုပေးရန် ဆွေးနွေးလျက်ရှိကြောင်း စက်တင်ဘာ ၅ ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှု အသင်းချုပ်ရှိ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အိန္ဒိယအစိုးရမှ ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်အထိ ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ထားသည့် ပဲစင်းငုံတန် နှစ်သိန်းနှင့် မတ်ပဲနှင့် ပဲတီစိမ်းတန်သုံးသိန်း Fixed Quota သတ်မှတ်ထားခြင်းအား မြန်မာနိုင်ငံအတွက် နောက်ထပ်ပဲစင်းငုံတန် နှစ်သိန်း၊ မတ်ပဲနှင့် ပဲတီစိမ်း တန်သုံးသိန်း ထပ်တိုးတင်သွင်းခွင့် ပြုရန်အတွက် တောင်းဆိုပေးရန်လည်း အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

“အိန္ဒိယနိုင်ငံက မတ် ၃၁ ရက်အထိ ပဲစင်းငုံ တန်ချိန်နှစ်သိန်းပဲလို့ ကြေညာပါတယ်။ ဒါက ကျွန်တော်တို့ တစ်နိုင်ငံထဲ မဟုတ်ပါဘူး။ ကျွန်တော်တို့အပြင် တခြားနိုင်ငံတွေကလည်း သူ့ကိုတင်သွင်းနိုင်တာ ရှိပါတယ်။ မတ်ပဲကတော့ ကျွန်တော်တို့က အများဆုံး အိန္ဒိယကို ပို့တယ်လို့ သိရပါတယ်။ မတ်ပဲက တန်ချိန်ငါးသိန်း၊ ခြောက်သိန်း ထုတ်နေတာကနေ အခုဆိုရင် သူတို့က တန်ချိန်သုံးသိန်းပဲ လက်ခံမယ်ဆိုရင်  ဒါကိုဘယ်လို ဆောင်ရွက်မလဲဆိုတာ ဆွေးနွေးသင့်တယ်လို့ တင်ပြလိုပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံပြည်ပတင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်းတစ်ထောင် (ဒေါ်လာတစ်ဘီလျံ) ခန့် နိုင်ငံတော်တွင် ရရှိသကဲ့သို့ တစ်နည်းအားဖြင့် တိုင်းပြည်၏ ပြည်ပပို့ကုန်အခွန် ရရှိမှုတွင် ၁၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆွေးနွေးခဲ့သည်။

ထိုနည်းတူစွာ ပဲစိုက်တောင်သူများ၊ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုကို မှီခိုနေသည့် Micro Finance ကုမ္ပဏီများ၊ အဆိုပါ လုပ်ငန်းစဉ် တစ်ခုလုံးတွင် ပါဝင်နေသည့် ဘဏ်များ၊ ကုန်သည်၊ ပွဲစားများစသည်ဖြင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသည့် လုပ်ငန်းစဉ်သည် သက်ရောက်မှု အလွန်ကြီးမားနိုင်ကြောင်း၊ Macro Economy တစ်ခုလုံးကို သက်ရောက်နိုင်သကဲ့သို့ တစ်ဖက်တွင်လည်း တိုင်းပြည်၏ အခွန်ရရှိမှုကို သက်ရောက်နိုင်ကြောင်း၊ လက်ရှိအချိန်တွင် ပြည်ပသို့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှရငွေ လျော့ကျနေချိန်တွင် ပဲတင်ပို့မှုမှပါ ထပ်မံလျော့ကျလာပါက တိုင်းပြည်၏ စီးပွားရေးကို ထိခိုက်နိုင်သဖြင့် နိုင်ငံတော်အနေဖြင့် ယခုဖြစ်စဉ်များကို အထူးဦးစားပေးပြီး ဖြေရှင်းဆောင်ရွက်သင့်ကြောင်း ၎င်းကတင်ပြ ဆွေးနွေးခဲ့သည်။

“ကျွန်တော်တို့နိုင်ငံရဲ့ ပဲတင်ပို့မှုအနေနဲ့ မတ်ပဲတင်ပို့မှုမှာတော့ ခါတိုင်းနှစ်တွေမှာ တန်ချိန် ငါးသိန်းခြောက်သောင်းအထိ တင်ပို့ထားပြီးတော့ ဒီနှစ်မှာတော့ နှစ်သိန်းခုနစ် သောင်းလောက် ပို့ထားတဲ့အတွက် အကြမ်းဖျင်းအားဖြင့် နှစ်သိန်းကနေ သုံးသိန်းလောက် ကျန်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ပဲတင်ပို့မှုက ဘယ်အချိန်မှာ သွားလဲဆိုတော့ လာမယ့် ဖေဖော်ဝါရီ၊ မတ်လလောက်မှာ ထွက်လာမယ့် ပဲသီးနှံအချို့ ပါလာမှာ ဖြစ်တဲ့အတွက် လက်ကျန် ဘယ်လောက်ရှိလဲဆိုတာ စားသုံးသူရေးရာ ဦးစီးဌာနက အကြမ်းဖျင်းမှန်းလို့ရအောင် နယ်တွေနဲ့ ညှိနှိုင်းကောက်ခံ နေပါတယ်” ဟု ဦးတိုးအောင်မြင့်က ပြောကြားသည်။

အိန္ဒိယဘက်မှ ပဲတင်သွင်းမှု ကန့်သတ်ချက်များ မထုတ်ပြန်မီ ချုပ်ဆိုထားသော စာချုပ်များ၊ ငွေပေးထားမှုအား အိန္ဒိယနိုင်ငံသို့ ပဲတင်သွင်းနိုင်ကြောင်း ဖြေလျှော့မှုများကို အိန္ဒိယသံရုံးမှ ထုတ်ပြန်ခဲ့သဖြင့် လက်ရှိအချိန်တွင် စာချုပ်ချုပ်ဆို ထားသူများနှင့် ငွေပေးချေထားသူများမှ ပဲတင်ပို့ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။