ကျောက်ဖြူဝိရောဓိ၊ ရေမြုပ်တဲ့ လယ်ဧက ခုနစ်သိန်းကျော်၊ မြန်မာ့စီးပွားရေးကို ဆွဲချနိုင်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်း

ကျောက်ဖြူဝိရောဓိ၊ ရေမြုပ်တဲ့ လယ်ဧက ခုနစ်သိန်းကျော်၊ မြန်မာ့စီးပွားရေးကို ဆွဲချနိုင်တဲ့ ရန်ကုန်မြို့သစ်စီမံကိန်း
Published 6 August 2018

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းခွင်တစ်ခုကို ဇွန်လအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရမ္မာ)

စီးပွားရေးကျပ်တည်းမှုကြောင့် စားဝတ်နေရေးခက်ခဲလာတဲ့ ပြည်သူတွေကို စံချိန်တင်ပြီးရင်း တင်နေတဲ့ ဒေါ်လာဈေးက အခုဆိုရင် သမိုင်းတစ်လျှောက် မြန်မာကျပ်ငွေတန်ဖိုး အကျဆုံးအဖြစ် တစ်ဒေါ်လာ ၁၄၆၂ ကျပ်အထိ ဆိုးဆိုးရွားရွားဖြစ်နေခဲ့ပါပြီ။

ပြည်တွင်းဈေးနှုန်း တည်ငြိမ်အောင် လုပ်ကိုင်နိုင်စွမ်းမရှိတဲ့ ဗဟိုဘဏ်ဟာလည်း ထူးခြားတဲ့အပြောင်းအလဲကို မဖန်တီးနိုင်ဘဲ အစိုးရဘက်ကလည်း ဗဟိုဘဏ်ဥပဒေအရ ထိန်းကျောင်းနိုင်စွမ်း ကင်းမဲ့သလိုဖြစ်နေတဲ့ အခြေအနေမျိုးမှာ ကံဆိုးသူ ပြည်သူတွေကပဲ ကျပ်တည်းမှုဒဏ်ကို ခံစားနေရတာ တရားမျှတတဲ့ အခြေအနေမဟုတ်တာ အသေအချာပါ။ ကျပ်ငွေတန်ဖိုး စံချိန်တင်ထိုးကျနေတုန်းမှာ အောက်ခြေပြည်သူလူထုကလည်း တရားဥပဒေရဲ့ ဆိုးကျိုးတွေကို ရင်စည်းခံနေရပြီး စောင်နှစ်ထည် အကြွေးယူမိရာက တရားစွဲဆိုခံရပြီး အိမ်ပေါ်က ဆင်းပေးရမယ့် ဖြစ်စဉ်မျိုး၊ ကိုယ့်ခြံကိုယ့်မြေမှာနေရင်း လမ်းတံတားဥပဒေအရ တရားစွဲဆိုဖမ်းဆီးခံရတဲ့ အသက် ၇၀ ကျော် အဘွားအိုနဲ့ ဒေသခံပြည်သူတွေ၊ စားဝတ်နေရေးကျပ်တည်းမှုကြောင့် သား၊ သမီးခြောက်ဦးကို ထားခဲ့ပြီး ဆွဲကြိုးချသေသွားတဲ့ လင်မယား နှစ်ဦးဖြစ်စဉ်တွေကို တာဝန်ရှိသူတွေ မြင်တတ်မယ်ဆိုရင် ပြည်သူတွေဟာ စားဝတ်နေရေး အကျပ်အတည်းတင်မက တရားဥပဒေမလုံခြုံမှုကိုပါ ရင်စည်းခံနေရတာ အထင်အရှားပါ။

တစ်ဖက်မှာလည်း ကချင်ပြည်နယ်ဘက်က သစ်မှောင်ခိုတွေ ထိန်းချုပ်နိုင်မှုမရှိတာ၊ ဖားကန့်မြေပြိုမှုတွေအတွက် ပြည်သူတွေရဲ့ အသက်ပေါင်းများစွာ စတေးနေရတာတွေနဲ့ မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းအခြေအနေတွေ ဆုတ်ယုတ်လာနေပြီး ငွေလဲနှုန်းမြင့်တက်မှုကြောင့် ကုန်ကြမ်းနဲ့သွင်းကုန် ကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးတွေ မြင့်တက်လာပြီး ငွေကြေး ဖောင်းပွမှုနှုန်း မြင့်တက်လာတဲ့ အခြေအနေဆိုးတွေကို ဘာဆက်ဖြစ်လာကြဦးမယ်မသိတဲ့ နိုင်ငံတကာ ပုဂ္ဂိုလ်နှစ်ဦးပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင်ကို အစိုးရဘက်က ဖွဲ့စည်းမှုကလည်း စောင့်ကြည့်ချင်စရာဖြစ်နေပြီး ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်ချက်ဖြစ်တဲ့ အစိုးရက ရဲတင်းလွန်းတယ်၊ ဖြစ်လာတဲ့ ပြဿနာတွေကို တာဝန်ခံရမယ်ဆိုပြီး ထုတ်ပြန်ထားတာကြောင့် ဘာတွေဆက်ဖြစ်မလဲ စောင့်ကြည့်ချင်စရာပါ။

ဒီလိုမျိုး ဖြစ်စဉ်တွေ ပြည့်နေပေမယ့်လည်း ဒီတစ်ပတ်ရဲ့ စီးပွားရေး သုံးသပ်ချက်မှာဆိုရင် မပြီးဆုံးနိုင်သေးတဲ့ ကျောက်ဖြူဝိရောဓိ၊ ရေကြီးမှုဒဏ်ကြောင့် နစ်မြုပ်ခဲ့တဲ့ လယ်မြေဧက ခုနစ်သိန်းကျော်နဲ့ ဆက်လုပ်မှာလား၊ မလုပ်ဘူးလား မသေမချာ ဖြစ်နေတဲ့ ရန်ကုန်မြို့သစ်အကြောင်းတွေကို ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်မှာ တင်ပြချင်ပါတယ်။

■ ကျောက်ဖြူဝိရောဓိ

ဒေါ်လာ ၇ ဒသမ ၃ ဘီလျံကျော် ကုန်ကျမယ်ဆိုတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကြီးကို ဒေါ် လာ ၁ ဒသမ ၃ ဘီလျံနဲ့ စလုပ်မယ်ဆိုပြီး မစားရဝခမန်း ကြွေးကြော်သံတစ်ခုကို တာဝန်ရှိသူတွေကပြောကြားတယ်ဆိုပြီး ရိုက်တာသတင်းဌာနက ဖော်ပြချက်ကို အတိအကျမဟုတ်ဘဲ လူမှုကွန်ရက်မှာ ပျံ့နှံ့လာတာကို တွေ့ရပါတယ်။

တကယ်တမ်းမှာတော့ စီမံကိန်းကုန်ကျစရိတ်ကို အလုံးစုံလျှော့ချနိုင်တာမျိုး မဟုတ်ဘဲနဲ့ ၇ ဒသမ ၃ ဘီလျံကုန်ကျမယ့် စီမံကိန်းကို အဆင့်လေးဆင့်ခွဲမယ်။ ကနဦးကုန်ကျစရိတ်က ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနဲ့ လုပ်ဆောင်ပြီး စီမံကိန်းအောင်မြင်မှုအလိုက် အဆင့်ဆင့် ဆောင်ရွက်သွားမယ့် ပုံစံမျိုးဆိုတာကို ရိုက်တာသတင်းဌာနမှာ ရေးသားထားတာ တွေ့ရပါတယ်။

ကြွေးမြီထောင်ချောက်ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီး ရှေ့က တာဝန်ရှိသူတချို့ ငြင်းဆိုခဲ့တာတွေနဲ့ ကွဲလွဲပြီး တရုတ်ကြွေးမြီထောင်ချောက်မှာ မြန်မာပြည် အထိမနာဖို့ ဒီလိုမျိုးလုပ်ခဲ့တာဆိုတာကို စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။

ပွင့်လင်းမြင်သာတဲ့ အစိုးရလို့ သာ ကြွေးကြော်နေပေမယ့် တကယ်တမ်းတော့ သတင်းအချက်အလက်တွေကို ပြည်သူတွေသိအောင် တိတိပပ ပြောပြတာမျိုး လက်ရှိအစိုးရလက်ထက်မှာ အလွန်အားနည်းပါတယ်။ ဒီလိုမျိုး အားနည်းတာကြောင့်လည်း ဒေါ်လာငါးဘီလျံကျော် ကုန်ကျမယ့် LNG စီမံကိန်းမှာ Conflict Interest လက်သိပ်ထိုးပေးထားတယ်ဆိုတဲ့ရှိတဲ့ ဝေဖန်သံမျိုး ထွက်လာတာပါ။

ဒီလိုမျိုး ပွင့်လင်းမြင်သာမှုအားနည်းနေတဲ့ အစိုးရလုပ်ရပ်တွေကြောင့်လည်း အရင်အစိုးရအဖွဲ့မှာ သြဇာကြီးတဲ့သူဖြစ်ခဲ့တဲ့ ဦးစိုးသိန်းက NLD အစိုးရကို ပွင့်လင်းအစိုးရအဖွဲ့ဝင် Open Government Partnership အဖွဲ့ဝင်ဖို့ ပြန်လည်အကောင်အထည်ဖော်ဖို့ ပြောခဲ့တာပါ။ OGP စံနှုန်းအရဆိုရင် NLD အစိုးရလုပ်ဆောင်မှုတွေမှာ လစ်ဟာအားနည်းချက်တွေရှိနေပြီး အဆိုးဆုံးကတော့ ပြည်သူတွေရဲ့ လွတ်လပ်စွာသတင်းသိရှိ ပိုင်ခွင့်ဆုံးရှုံးနေမှုပါ။ ပိုပြီးဆိုးတာက လက်ရှိသမ္မတဖြစ်နေတဲ့ ဦးဝင်းမြင့်ဟာ အတိုက်အခံလွှတ်တော်ကိုယ်စားလှယ်ဘဝမှာ အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုချပြဖို့ အဆိုတင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ တိတ်ဆိတ်နေမှုပါ။ ဒီလိုအခြေအနေမျိုးတွေဟာ လက်ညှိုးထိုးပြစရာဖြစ်တတ်တယ်ဆိုတာကို သတိမူမိစေချင်ပါတယ်။

■ ဘယ်သူကူမ,မလဲ ရေမြုပ်လယ်ဧက ခုနစ်သိန်းကျော်

တခြားသောနိုင်ငံတွေမှာ လူ ၂၀၀၀၀ လောက် သဘာဝဘေးကြုံရင်ကို အရေးပေါ် အခြေအနေကြေညာပေမယ့် စူပါလူစွမ်းကောင်းတွေရှိနေတဲ့ မြန်မာနိုင်ငံကတော့ လူဦးရေ သိန်းနဲ့ချီ ရေဘေးသင့်နေတာတောင် အရေးပေါ်အခြေအနေ မကြေညာပါဘူး။ နိုင်ငံတကာရဲ့ ကူပံ့မှု ရယူမှုမရှိပါဘူး။

ဒီလိုနိုင်ငံတကာရဲ့ အကူအညီ ရယူမှုမရှိချိန်မှာ အစိုးရမှာလည်း မြုပ်သွားတဲ့လယ်တွေနဲ့ ပျက်စီးသွားတဲ့ လယ်ဧကတွေအတွက် ထူမစရာ ငွေကြေးမရှိသလို ပြည်သူကို ပြည်သူက ပြန်ကူညီကြပါလို့ ကြွေးကြော် နေကြပေမယ့်လည်း စားဝတ်နေရေး ကျပ်တည်းနေတဲ့ ပြည်သူတွေရဲ့ အသံက “ကူညီချင်ပေမယ့် ကိုယ်လည်း အဆင်မပြေဘူး” ဆိုတဲ့ စီးပွားရေး ကျဆင်းခြင်း အကျပ်အတည်းအောက်က မချိတင်ကဲ ညည်းတွားသံဖြစ်နေ ပြန်ပါတယ်။

မိုးဦးပဲရှိသေးတယ်လို့ ပြောလို့ ရတဲ့ မိုးရာသီအစမှာ ရေမြုပ်ခဲ့တာက ဧကခုနစ်သိန်းကျော်ဖြစ်နေပြီး နှမ်းဧကနှစ်သိန်းကျော်နဲ့ မိုးစပါး ဧကတစ်သိန်းကျော် ထိခိုက်ခဲ့တာပါ။ တစ်ဖက်မှာလည်း စာရင်းထုတ် ပြန်နိုင်မှုမရှိသေးတဲ့ ပုစွန်ကန်၊ ငါး ကန်တွေရဲ့ ထိခိုက်ပျက်စီးမှုကလည်း ရှိနေပါသေးတယ်။

၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ကာလ သုံးခုမှာ ငါးကန်၊ ပုစွန်ကန်တွေ နစ်မြုပ်မှုက ကျပ်ဘီလျံရာနဲ့ချီ ဆုံးရှုံးထားပါသေးတယ်။ ဒီလိုဆုံးရှုံးမှုတွေက နှစ်စဉ်ဖြစ်နေပြီး ဒီနှစ်မှာလည်း အောက်တိုဘာလကုန်လောက်အထိ ရင်ဆိုင်ရဦးမယ့် ရေကြီးနစ်မြုပ်မှု သဘာဝဘေးဒဏ်က စောင့်ကြိုနေဦးမှာပါ။ အစိုးရကလည်း မထူနိုင်၊ ပြည်သူကလည်း မ,မနိုင်တော့ရင် ကြုံလာဦးမယ့် ရေဘေးတွေအတွက် နိုင်ငံတကာကို ချိတ်ဆက်အကူအညီ တောင်းထားဖို့ လိုအပ်ပါလိမ့်မယ်။ ၂၀၁၅ ခုနှစ်မှာ ပြည်နယ်နဲ့ တိုင်း အကုန်လုံးနီးပါးမှာ လယ်ယာတွေ၊ ငါး၊ ပုစွန်ကန်တွေ ရေမြုပ်ပျက်စီးခဲ့တဲ့ဂယက်ဟာ မြန်မာ့စီးပွားရေးကျဆင်းမှု နာလန်ပြန်မထူနိုင်တဲ့ အ ချက်တစ်ချက်ဆိုတာ သတိပြုမိမယ်ဆို ရေဘေးဟာ ကျဆင်းနေတဲ့ NLD အစိုးရလက်ထက် စီးပွားရေးအတွက် စိုးရိမ်စရာတစ်ခုပါ။

■ ရန်ကုန်မြို့သစ်စီမံကိန်း

ဦးသိန်းစိန်အစိုးရ အစပြုခဲ့ပြီး ပြည်သူတွေကန့်ကွက်ခဲ့တာတောင် NLD အစိုးရက ဆက်ပြီးလုပ်နေခဲ့တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ မဖြစ်မနေ တည်ဆောက်မယ်ဆိုရင် တိုင်းပြည်စီးပွားရေးကိုဆွဲချသွားပြီး ဘယ်သူ့အတွက်မှ အကျိုးမပြုတဲ့ တစ္ဆေမြို့တော်စီမံကိန်း ဖြစ်သွားမယ်ဆိုတဲ့ သုံးသပ်ကန့်ကွက်သံ တညံညံနဲ့ပါ။

လှိုင်သာယာလို မြို့သစ်ဟာ တံတားငါးစင်းလောက်ဖြစ်လာချိန်အထိ အလုပ်အကိုင်ဖန်တီးမပေးနိုင်တာကြောင့် လုပ်သားပေါင်းသိန်းနဲ့ချီဟာ ရန်ကုန်မြို့တွင်းဆီ ပြန်ဝင်လာနေတာကြောင့် ယာဉ်ကြောပိတ် ဆို့မှုအကျပ်အတည်းကို မကျော်လွှားနိုင်ချိန်မှာ အလုပ်အကိုင်အခွင့်အလမ်းကို နှစ်သန်းအထိ ပေးနိုင်အောင် လုပ်မယ်ဆိုတဲ့ မစားရဝခမန်း ကြွေးကြော်သံကြားမှာ ကျူးကျော်တွေအတွက် နေရာသစ်ရပြီဆိုပြီး အသံထွက်လာတဲ့အထိပါ။

ဒီနေ့တည်၊ ချက်ချင်းမြို့သစ်ကြီး ဖြစ်မလာနိုင်ဘဲ မြေနေရာအနေအထားအရ မဖြစ်နိုင်လို့ အစိုးရအဆက်ဆက်ချန်ခဲ့တဲ့နေရာကို ဘာတစ်ခုမှ စူးစမ်းလေ့လာမှုမရှိဘဲ တရုတ်အစိုးရရဲ့ CCCC လက်ထဲ တင်ဒါ မခေါ်ဘဲ ထိုးထည့်လိုက်တဲ့ ဖြစ်စဉ်မျိုးက တော်တော့်ကို ဆိုးဆိုးရွားရွား လုပ်ရပ်ပါ။

YBS  ကျောင်းကားလို စူးစမ်း လေ့လာမှုမရှိဘဲ ထပြီးဝယ်၊ ချောင်ထဲမှာ ပစ်ထားတဲ့ ကျပ်ဘီလျံပေါင်း များစွာနစ်နာနေတဲ့ စီမံကိန်းလိုမျိုး ရန်ကုန်မြို့သစ်ဟာ မအောင်မြင်တာနဲ့ ပစ်ထားလို့မရဘဲ တိုင်းတစ်ပါး လက်ထဲမှာ ကိုယ့်မြေကိုယ့်ရေကို နှစ်ပေါင်းများစွာ အကြွေးဆပ်သလို ပေးထားရမှာပါ။ တိုင်းပြည်ရဲ့အချုပ် အခြာအာဏာ၊ ကြွေးမြီ၊ မြန်မာ့စီးပွားရေးကို ဆွဲချနိုင်တဲ့အခြေအနေ၊ မဖြစ်နိုင်တဲ့စီမံကိန်းနေရာ၊ ရှိပြီး သားမြို့သစ်တွေတောင် လူ့အဆင့်အတန်းမမီလို့ နေထိုင်သူကျဲပါးနေတဲ့ အခြေအနေမျိုးမှာ ကန့်ကွက်သံတွေ ရှိနေလျက်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ကိုလည်း မတင်ပြ၊ ပြည်ထောင်စုလွှတ်တော်ဆီလည်း အဆုံးအဖြတ်ခံယူမှုမရှိ၊ ယုတ်စွအဆုံး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာတောင် လွှတ်တော်ကိုယ်စားလှယ်တွေ သိရှိနားလည်အောင် ရှင်းပြမှုမရှိဘဲ ထင်ရာစိုင်းနေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ ရပ်ဆိုင်းတော့မှာ လားဆိုတဲ့ တိုင်းပြည်အတွက် ဝမ်းသာစရာအခြေအနေတစ်ခုကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာကြောင့်ပါ။

“တည်ဆောက်ပြီးသား မြို့သစ်တွေမှာတောင် လူများ နေထိုင်မှုမရှိသေးဘဲနဲ့ မြို့သစ်ကို ဖော်မလား။ ဟိုဘက်မှာလည်း မြို့သစ်က ဖော်လိုက်တဲ့အခါ ဟိုမှာလည်း လူမရှိ၊ အရင်ဖော်တဲ့နေရာမှာလည်း လူမရှိ ခြောက်တီးခြောက်ကပ်ဖြစ်နေမယ်။ ဒါတွေကိုတော့ သတိထားပြီးတော့ စီမံဆောင်ရွက်ပါဆိုတဲ့ဟာကို လမ်းညွှန်သွားတယ်။ ဝန်ကြီးချုပ်ကြီး တင်ပြတဲ့အခါမှာ မြို့သစ်စီမံကိန်းကိုပဲ သူ ဦးတည်ပြောပါတယ်။ အခုရှိတဲ့ မြို့ဟောင်းတွေမှာရော လူတွေနေပါလားလို့ မေးသွားတယ်။ လူမရှိသူ မရှိနဲ့ မြို့သစ်တွေတည်ပြီး လူမရှိသူ မရှိနဲ့ ခြောက်တီးခြောက်ကပ်ဖြစ်နေမှာကို စိုးရိမ်တယ်။ မင်းတို့ အဲဒါတွေ ကြည့်ပြီးတော့ စီမံပါဦးလို့ ပြောသွား တယ်” လို့ ပုဂ္ဂလိကမီဒီယာတွေ တက်ခွင့်မရခဲ့တဲ့ သမ္မတနဲ့  ရန်ကုန်တိုင်း အစိုးရတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်မှာ မတည်ဆောက်သင့်သေးတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းဟာ သမ္မတကြီး လမ်းညွှန်ခဲ့သလိုမျိုး ရပ်ကိုရပ်ဆိုင်းထားသင့်တဲ့ စီမံကိန်းလို့ ထင်မြင်ကြောင်း သုံးသပ်ဖော်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Most Read

Most Recent