စစ်ကိုင်းတိုင်းဒေသကြီးတွင် လယ်ယာကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍကြီး သုံးခုကို အဓိကထား လာရောက် ရင်းနှီးမြှုပ်နှံရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဖိတ်ခေါ်

စစ်ကိုင်းတိုင်းဒေသကြီးတွင် လယ်ယာကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍကြီး သုံးခုကို အဓိကထား လာရောက် ရင်းနှီးမြှုပ်နှံရန် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဖိတ်ခေါ်
Published 12 May 2018

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နွေစပါးစိုက်ခင်းများကို ယခုနှစ် ဧပြီလကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကောင်းခန့်လင်း)

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းသို့ လယ်ယာကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍကြီး သုံးခုကို စနစ်တကျလေ့လာပြီး အဓိကထား လာရောက် ရင်းနှီးမြှုပ်နှံစေလိုကြောင်း မေလ ၁၁ ရက်က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် CEO Conference 2018 အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

“စစ်ကိုင်းတိုင်းဒေသကြီး အနေနဲ့ အဓိက ကဏ္ဍကြီး သုံးရပ်ဖြစ်တဲ့ လယ်ယာကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍ၊ ခရီးသွားလုပ်ငန်း ကဏ္ဍတွေကို ဒီထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင် စီစဉ်ဆောင်ရွက် သွားလိုပါတယ်။ ဒါပေမယ့် လုပ်ဆောင်တဲ့နေရာမှာ ကျွန်တော်တို့ရဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ မိတ်ဆွေက အထူးအာရုံစိုက် ဝိုင်းဝန်းကူညီ ပေးစေလိုပါတယ်။ စနစ်တကျ လေ့လာပြီး လာရောက် ရင်းနှီးမြှုပ်နှံ စေလိုပါတယ်” ဟု ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီကိုလည်း ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်သည့်အတွက် လာရောက်ရင်းနှီးမြှုပ်နှံသူများကို ဥပဒေနှင့်အညီ ရပိုင်ခွင့်များကို ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာမြင့်နိုင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ဥပဒေကို လေးစားလိုက်နာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ကုမ္ပဏီတွေ အများအပြား လာရောက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် တရားမဝင် ဆောင်ရွက်မှုတွေ လျော့နည်းပပျောက်ပြီး တရားဥပဒေ စိုးမိုးလာမယ်၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းလာနိုင်မယ်” ဟု ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ဒုတိယအကြီးဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်ရှိသည်။

ထို့အပြင် မြန်မာနိုင်ငံ အထက်ပိုင်း၏ စပါးကျီအဖြစ် သတ်မှတ်ခံရသည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးဖြစ်ထွန်းသည့် လယ်မြေများစွာရှိပြီး ဆန်စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအား အဓိကစိုက်ပျိုး ထုတ်လုပ်နေခြင်းဖြစ်သည်။

သဘာဝတွင်းထွက် ပစ္စည်းများ အနေဖြင့် ကျောက်စိမ်း၊ ပယင်း၊ ဒုတ္ထာ၊ ကြေးနီ၊ နီကယ်၊ ရွှေ၊ ကျောက်မီးသွေးနှင့် ရေနံ စသည့် သဘာဝတွင်းထွက် သယံဇာတများလည်း ပိုင်ဆိုင်ထားသည့်အတွက် နိုင်ငံတကာနှင့် ပြည်တွင်းမှ လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အမိန့်ကြော်ငြာစာ (၁၀/၂၀၁၇) အရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုတို့တွင် လာရောက်ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်မည်ဆိုပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့် ငါးနှစ်အထိ ရရှိမည်ဖြစ်ပြီး ကျန် ၃၄ မြို့နယ်များတွင် ရင်းနှီးမြှုပ်နံှပါက ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့် ခုနစ်နှစ်အထိ လျှောက်ထားနိုင်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် သတ္တုတူးဖော်ရေး၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ CMP လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းစသည့် ကဏ္ဍ ၆ ခုတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၂၇ ခုအထိ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ စာရင်းများအရ သိရသည်။

နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အနေဖြင့် သတ္တုတူးဖော်ရေးလုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍ လေးခု၌ လုပ်ငန်းပေါင်း ၁၄ ခုအထိ ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent