မြန်မာ့စီးပွားရေးအပေါ် ကမ္ဘာ့ဘဏ်၊ ADB၊ IMF တို့၏ ခန့်မှန်းချက်များအရ စီးပွားရေး တိုးတက်မှုနှုန်း ကောင်းနေသော်လည်း လက်တွေ့တွင် တစ်ပြည်လုံး အတိုင်းအတာနှင့် ခံစားနေရသည့် ခံစားချက်များလည်း ရှိကြောင်း စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ပြောကြား

မြန်မာ့စီးပွားရေးအပေါ် ကမ္ဘာ့ဘဏ်၊ ADB၊ IMF တို့၏ ခန့်မှန်းချက်များအရ စီးပွားရေး တိုးတက်မှုနှုန်း ကောင်းနေသော်လည်း လက်တွေ့တွင် တစ်ပြည်လုံး အတိုင်းအတာနှင့် ခံစားနေရသည့် ခံစားချက်များလည်း ရှိကြောင်း စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ပြောကြား
Published 12 May 2018

မေ ၁၁ ရက်က ကျင်းပသည့် CEO Conference ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

မြန်မာ့စီးပွားရေးအပေါ် ကမ္ဘာ့ဘဏ်၊ ADB၊ IMF တို့၏ ခန့်မှန်းချက်များအရ စီးပွားရေး တိုးတက်မှုနှုန်း ကောင်းနေသော်လည်း လက်တွေ့တွင် တစ်ပြည်လုံး အတိုင်းအတာနှင့် ခံစားနေရသည့် ခံစားချက်များလည်း ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မေ ၁၁ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပသည့် CEO Conference တွင် ပြောကြားသည်။

“စီးပွားရေး အခြေအနေကို ပြောတယ်ဆိုရင် စီးပွားရေး အခြေအနေ တိုးတက်မှုနှုန်း၊ တိုင်းပြည်ရဲ့ ဘဏ္ဍာရေး အခြေအနေတို့ ဒါတွေနဲ့ ဆက်စပ်ပြီးတော့ ပြောရမှာဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ စီမံ/ဘဏ္ဍာအနေနဲ့ ခန့်မှန်းသုံးသပ်ရသလို ကျွန်တော်တို့ကို စောင့်ကြည့်ပြီး ခန့်မှန်းသုံးသပ်ပေးနေတဲ့ International Financial Institution တွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်တို့ ADB တို့ IMF တို့ ခန့်မှန်းချက်တွေလည်း ရှိပါတယ်။  ဒီခန့်မှန်းချက်တွေ အားလုံးနဲ့ ခြုံပြီးပြောရရင် တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကတော့ မြင့်မားတဲ့အဆင့်မှာပဲ ဆက်ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတော့ သဘာဝဘေးတွေ ဖြစ်တဲ့အတွက်ကြောင့် စီးပွားရေး တိုးတက်မှုနှုန်းဟာ ကျွန်တော်တို့မှန်းတာက အတက်ဘက်မှန်းပေမယ့် ၅ ဒသမ ၉ အထိကျသွားတာ ရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။

“၂၀၁၆-၂၀၁၇၊၂၀၁၇-၂၀၁၈ မှာ ပြန်တက်လာပြီးတော့ အခုလာမယ့် ၂၀၁၈-၂၀၁၉ ကို မှန်းတဲ့နေရာမှာ ကျွန်တော်တို့ကလည်း ခုနစ်ရာခိုင်နှုန်း၊ စောစောကပြောတဲ့ Institution တွေကလည်း ခုနစ်ရာခိုင်နှုန်း ပတ်ဝန်းကျင်မှာ မှန်းကြတာ တွေ့ရပါတယ်။ စီးပွားရေး တိုးတက်မှုနှုန်းကတော့ ဆက်ပြီးကောင်းနေမယ်လို့ မှန်းရပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကတော့ ယခင်နှစ်နှစ်လောက်က တက်နေပေမဲ့ အခုကျသွားတာ ရှိပါတယ်။ တစ်ဖက်က Economic Outlook Data ကောင်းနေပေမဲ့ လက်တွေ့မှာ တစ်ပြည်လုံး အတိုင်းအတာနဲ့ ခံစားနေရတဲ့ ခံစားချက်တွေလည်း ရှိပါတယ်” ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ခြောက်ရာခိုင်နှုန်းကျော်တွင် ရှိနေပြီး လာမည့် နှစ်နှစ်တာ ကာလအထိ အဆိုပါ ခြောက်ရာခိုင်နှုန်းဝန်းကျင် ခန့်တွင်သာ ဆက်လက်ရှိနေနိုင်ကြောင်း ဧပြီ ၁၁ ရက်က ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင်ကျင်းပသည့် Asian Development Outlook 2018 အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန်အတွက် လာမည့် ၂၀၂၀ ခုနှစ် ရောက်ရှိပါက အစိုးရ၏ ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်မှ ထုတ်ပေးခြင်း မပြုလုပ်ဘဲ ငွေတိုက်စာချုပ်၊ ငွေချေးစာချုပ်များ ရောင်းချပြီး ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းက ပြောကြားထားသည်။

လက်ရှိအချိန်အတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းထားသည် တစ်လချင်း တွက်ချက်မှုအရ ၄ ဒသမ ၅ ရာခိုင်းနှုန်းဝန်းကျင်တွင် ရှိနေပြီး နှစ်အလိုက်တွက်ချက်မှုတွင် ငါးရာခိုင်နှုန်းအထိ ကျဆင်းမှုရှိကြောင်း၊ လာမည့်နှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းထား ကို ၅ ဒသမ ၅ ဝန်းကျင်၌ ထိန်းသိမ်းထားနိုင်အောင် ဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ငွေဖောင်းပွမှုနှုန်း ၄ ဒသမ ၄၀ ရာခိုင်နှုန်း ရှိနေပြီး လာမည့် ၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်တို ခြောက်လ ကာလတွင် ဖြစ်ပေါ်မည့် ပျှမ်းမျှငွေဖောင်းပွမှုနှုန်းကို ၄ ဒသမ ၈၉ ရာခိုင်နှုန်းသာ ဖြစ်ပေါ်မည်ဟု ခန့်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ရှင်းလင်းပြောကြားသည်။

 

Most Read

Most Recent