စီးပွားရေး လုပ်ကိုင်ရလွယ်ကူသည့် နိုင်ငံများအနက် မြန်မာနိုင်ငံသည် အဆင့် (၁၇၀) ရှိနေ

စီးပွားရေး လုပ်ကိုင်ရလွယ်ကူသည့် နိုင်ငံများအနက် မြန်မာနိုင်ငံသည် အဆင့် (၁၇၀) ရှိနေ
Published 13 August 2017

ရန်ကုန်မြို့တွင်း တစ်နေရာ၏ အပေါ်စီးမြင်ကွင်း (ဓာတ်ပုံ-ဆန်းထူးအောင်)

စီးပွားရေး လုပ်ကိုင်ရလွယ်ကူသည့် နိုင်ငံများအနက် မြန်မာနိုင်ငံသည် လက်ရှိတွင် အဆင့် (၁၇၀) ရှိနေပြီး သုံးနှစ်အတွင်း အဆင့် ၁၀၀ အောက် (ဂဏန်းနှစ်လုံး) အထိ ရောက်စေရေး ဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“Doing Business နဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာကစပြီး မြန်မာနိုင်ငံက ပါခဲ့တာပေါ့။ အဲဒီအရင်တုန်းက မြန်မာနိုင်ငံက မပါခဲ့ဘူး။ အဲဒီမှာ မြန်မာနိုင်ငံက နိုင်ငံပေါင်း ၁၈၉ နိုင်ငံမှာ အဆင့်က ၁၈၂ နဲ့စခဲ့တာပေါ့။ နောက်ဆုံးအခြေအနေကတော့ ၂၀၁၇ အစီရင်ခံစာမှာ မြန်မာနိုင်ငံက  အဆင့် ၁၇၀။ ဒါက လေးနှစ်တာ ငါးနှစ်အတွင်းမှာ အတိုင်းအတာ တစ်ခုအထိ တိုးတက်မှု ရခဲ့ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

သို့သော်လည်း တိုင်းပြည်၏ အနေအထားသည် စိတ်ကျေနပ်လောက်သည့် အဆင့်အထိ မရောက်သေးကြောင်း၊ များစွာလုပ်ဆောင်ရန် လိုအပ်နေကြောင်း၊ Doing Business သည် ကဏ္ဍ ၁၀ ခုနှင့် ပတ်သက်နေကြောင်း၊ ဥပမာ-စီးပွားရေး လုပ်ငန်းတစ်ခု စတင်ထူထောင်ခြင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနနှင့်ဆိုင်ကြောင်း၊ လျှပ်စစ်ဓာတ်အား ရရှိရေးသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သက်ဆိုင်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများအတွက်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စသည်ဖြင့် သက်ဆိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ဌာနနဲ့ တိုက်ရိုက်ပတ်သက်တာကတော့ ကဏ္ဍနှစ်ခုပေါ့။ တကယ်တမ်းပြောရရင် ၂၀၁၄ ခုနှစ် စစချင်းထွက်တဲ့ အစီရင်ခံစာမှာ လုပ်ငန်းတစ်ခုကို စတင်ထူထောင်ခြင်းဆိုတဲ့ ကဏ္ဍမှာ မြန်မာနိုင်ငံက ၁၈၉ နိုင်ငံမှာ အဆင့် ၁၈၉ ဖြစ်ပါတယ်။ အဲဒီတုန်းက ကုမ္ပဏီ မှတ်ပုံတင်ရတဲ့ လုပ်ငန်းတွေက ခက်ခဲတယ်။ ကုန်ကျစရိတ်များတယ်။ အကြာကြီး လုပ်ရတယ်။ တဖြည်းဖြည်းနဲ့ ဒါကို ပြုပြင်ပြောင်းလဲလာခဲ့ တာ ၁၈၉ မှာ နောက်ဆုံး ၁၄၆ အထိ ရောက်လာတယ်။ တချို့အာဆီယံ နိုင်ငံတွေကို ကျွန်တော်တို့ ကျော်တက်လာခဲ့တယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

“တစ်နိုင်ငံလုံးနဲ့ ဆိုင်တာကတော့ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်ပြီး ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီရဲ့ ဦးဆောင်မှုနဲ့ ကဏ္ဍ ၁၀ ခုလုံး တိုးတက်အောင် ဆောင်ရွက်နေပါ တယ်။ မြန်မာနိုင်ငံရဲ့ အဆင့်က လက်ရှိ ၁၇၀ ကို သုံးနှစ်အတွင်း ဂဏန်းနှစ်လုံးဖြစ်အောင်၊ အဆင့် ၁၀၀ အောက်ရောက်အောင် ဆောင်ရွက်နေပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ရလွယ်ကူသည့် နိုင်ငံပေါင်း ၁၉၀ တွင် ယခင်နှစ်က အဆင့် ၁၇၁ ရှိခဲ့သဖြင့် ယခင်နှစ်ကထက် အဆင့်တစ်ဆင့်သာ မြင့်တက်ခဲ့ပြီး အဆင့် ၁၇၀ တွင် ရှိနေကြောင်း Doing Business အစီရင်ခံစာ၌ ဖော်ပြထားကြောင်း ကမ္ဘာ့ဘဏ်က ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် ကုမ္ပဏီမှတ်ပုံတင်စရိတ် လျှော့ချခြင်းဖြင့် စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရာ၌ ပိုမိုလွယ်ကူ လာခဲ့ကြောင်း၊ ထို့ပြင်ကုမ္ပဏီတစ်ခုကို တရားဝင် မှတ်ပုံတင်ရာ၌ လိုအပ်သည့် ထောက်ခံစာနှင့် ပြစ်မှုမှတ်တမ်း ကင်းရှင်းကြောင်း သက်သေခံလက်မှတ် တင်ပြရသည့် သတ်မှတ်ချက်တို့ကို ဖယ်ရှားခြင်းဖြင့် လုပ်ငန်းစဉ်ကို ပိုမိုရိုးရှင်းအောင် ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ကြွေးမြီဆိုင်ရာ အချက်အလက် ဗဟိုဌာနတစ်ခု တည်ထောင်ခွင့်ပြုသည့် ဥပဒေတစ်ခု ပြဋ္ဌာန်းခြင်းဖြင့်လည်း ကြွေးမြီဆိုင်ရာ သတင်းအချက်အလက်စနစ်များ တိုးတက်စေခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ သုံးပုံနှစ်ပုံကျော်သော နိုင်ငံ ၂၅ ခုသည် ယမန်နှစ်အတွင်း စီးပွားရေး လုပ်ရာတွင် ပိုမိုလွယ်ကူစေမည့် ပြုပြင်ပြောင်းလဲမှု ၄၅ ခု ပြုလုပ်ခဲ့ပြီး ယခင်တစ်နှစ်က ၂၈ ခုသာ ပြုလုပ်ခဲ့သည်ဟု Doing Business 2017 : Equal Opportunity for All စာတမ်းတွင် ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခြင်းအဆင့် သတ်မှတ်ရာတွင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသမှ လေးနိုင်ငံသည် ကမ္ဘာ့အဆင့် ၁၀ နိုင်ငံစာရင်းတွင် ပါဝင်ကြောင်း၊ ထိပ်တန်းလေးနိုင်ငံမှာ နယူးဇီလန် (အဆင့် -၁)၊ စင်ကာပူ (အဆင့်-၂)၊ ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသ၊ တရုတ် (အဆင့် -၄) နှင့် တောင်ကိုရီးယား (အဆင့်-၅) တို့ဖြစ်ကြောင်း သိရသည်။