စင်ကာပူတွင် ရှယ်ယာ ရောင်းဝယ်မည့် မြန်မာကုမ္ပဏီအဖြစ် FMI ဥက္ကဋ္ဌ ဦးသိမ်းေ၀ ဦးဆောင်မည့် Memories Group ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင်မည်

စင်ကာပူတွင် ရှယ်ယာ ရောင်းဝယ်မည့် မြန်မာကုမ္ပဏီအဖြစ် FMI ဥက္ကဋ္ဌ ဦးသိမ်းေ၀ ဦးဆောင်မည့် Memories Group ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင်မည်
Published 3 December 2017

စင်ကာပူစတော့အိတ်ချိန်းတွင် ရှယ်ယာ အရောင်းအဝယ်ပြုမည့် မြန်မာကုမ္ပဏီအဖြစ် FMI ဥက္ကဋ္ဌ ဦးသိမ်းေ၀ ဦးဆောင်မည့် Memories Group Limited မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စင်ကာပူစတော့ အိတ်ချိန်း စာရင်းဝင်လာမည်ဖြစ်ကြောင်း FMI က သတင်းထုတ်ပြန်သည်။

FMI ကုမ္ပဏီ၊ Yoma Strategic Invesment Ltd(YSIL)၊ Exemplary Ventures Limited(EVL) တို့ ပူးပေါင်းတည်ထောင်ထားသည့် Target Company (MM Myanmar Pte.Ltd) ကို စင်ကာပူစတော့ အိတ်ချိန်းစာရင်းဝင် SHC Capital Asia Ltd (See Hoy Chan Sdn Berhad Group) သို့ စင်ကာပူဒေါ်လာ ၆၉၆၉၄၂၂၈ (ကျပ် ၆၉ ဒသမ ၆ ဘီလျံခန့်) ဖြင့် လွှဲပြောင်းရောင်းချပေးမည်ဖြစ်ပြီး အဆိုပါ လွှဲပြောင်းပေးမှုအ တွက် FMI ကုမ္ပဏီ၊ YSIL နှင့် EVL ကုမ္ပဏီများသို့ SHC ကို ၈၅ ဒသမ ၈ ပိုင်ဆိုင်မည့် သာမန်အစုရှယ်ယာသစ်များ ထုတ်ဝေပေးခြင်းဖြင့် ပေးချေမည်ဖြစ်ပြီး ရှယ်ယာလွှဲပြောင်းမှုများပြီးစီးချိန်တွင် SHC ကို Memories Group Limited အဖြစ် အမည်ပြောင်းလဲသတ်မှတ်ကာ FMI ဥက္ကဋ္ဌ ဦးသိမ်းဝေက ယင်းလုပ်ငန်းကို ဦးဆောင်မည်ဖြစ်သည်။

ရှယ်ယာလွှဲပြောင်းမှုကိစ္စရပ်များ ပြီးစီးပြီးနောက် Memories Group Limited သည် စင်ကာပူ စတော့အိတ်ချိန်းရှိ Catalist Board တွင် စာရင်းတွင်နိုင်ရန် အများပြည်သူများထံသို့ သတ်မှတ်ချက်အတိုင်း အစုရှယ်ယာအသစ်များ ထုတ်ဝေရောင်းချသွားရမည်ဖြစ်သည်။ အဆိုပါ ရှယ်ယာအသစ်များကို အများပြည်သူသို့ ထုတ်ဝေရောင်းချပြီးချိန် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် Memories Group သည် စင်ကာပူ စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီ ဖြစ်လာမည်ဖြစ်သည်။ Memories Group ၏ ကနဦးလုပ်ငန်းများတွင် Balloons over Bagan နှင့် Balloons over Inle ၊ Pun Hlaing Lodge ဟိုတယ်၊ Hpa An Lodge ဟိုတယ်၊ ခရီးသွား လုပ်ငန်းဆိုင်ရာ အဆောက်အအုံတစ်ခု နှင့် Asia Holiday လုပ်ငန်းများ ပါဝင်သည်။

Memories Group ၏ စီမံခန့်ခွဲရေးအဖွဲ့အား ဥက္ကဋ္ဌဦးသိမ်းေ၀ (ခ) Mr.Serge Pun ၊ အမှုဆောင်အရာရှိချုပ် Mr.Michel Novatin နှင့် လုပ်ငန်းဆိုင်ရာအမှုဆောင် အရာရှိချုပ် Mr.Jean Michel Romon တို့ ဦးဆောင်သွားမည်ဖြစ်သည်။

မြန်မာကုမ္ပဏီတစ်ခုအနေဖြင့် ယခုကဲ့သို့ ပြည်ပနိုင်ငံ စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နံှရုံမျှမက ယင်းကုမ္ပဏီ၏ အရေးကြီးသော အခန်းကဏ္ဍများတွင် တာဝန်ယူဆောင်ရွက်ရခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည်ကို ယုံကြည်ကြောင်းနှင့် ထိုသို့ရင်းနှီးမြှုပ်နံှပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နံှမှုများ ထပ်မံဝင်ရောက်လာစေရန် အထောက်အ ကူပြုမည်ဖြစ်ကာ မြန်မာပြည်အတွက် အလွန်တရာမှ မှတ်ကျောက်တင်နိုင်မည့် အ ခြေအနေတစ်ရပ်ဖြစ်ကြောင်း ဦးသိမ်းဝေက မှတ်ချက်ပြုသည်။

FMI ကုမ္ပဏီသည် Target Company ကို ပိုင်ဆိုင်သည့် အစုရှယ်ယာများကို YSIL၊ EVL၊ တို့နှင့်အတူ SHC သို့ လွှဲပြောင်းရန် ကန့်သတ်စည်းကမ်းပါ ရှယ်ယာရောင်းဝယ်မှု သဘောတူညီချက်စာချုပ် (Original SPA) ကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် စတင်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။