<

First Eleven Sports Journal မှရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမားများ မဲပေးရန်

Vote Now

ကောလင်းမြို့နယ်မှ ထွက်ရှိသည့် ဆန်စပါးများကို တရုတ် ဆန်ကုန်သည်များက တိုက်ရိုက်ဝယ်ယူနေခြင်းကြောင့် ဈေးနှုန်းမြင့် စပါးများ အားထား စိုက်ပျိုးနေ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ်မှ ထွက်ရှိသည့် ဆန်စပါးများကို တရုတ် ဆန်ကုန်သည်များက တိုက်ရိုက် ၀ယ်ယူနေခြင်းကြောင့် ဈေးနှုန်းမြင့်သည့် စပါးများကို အဓိကအားထား စိုက်ပျိုးနေကြောင်း၊ ဒေသခံတောင်သူများ၏ ပြောပြချက်အရ သိရသည်။

တရုတ် ဆန်ကုန်သည်များက ကောလင်းမြို့နယ်မှ ထွက်ရှိသည့် ကျောက်ဆည် ပဒေသာ၊ ချင်းသုံးနှင့် မှော်ဘီဆန်း စပါးများကို အဓိကထား ၀ယ်ယူနေကြောင်း ယင်းကဲ့သို့ တိုက်ရိုက်ဝယ်ယူနေခြင်းကြောင့် အဆိုပါ ဒေသထွက် စပါးများမှာ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

“တရုတ်ပြည်က အခု ပဒေသာရယ်၊ ချင်းသုံးရယ်၊ မှော်ဘီဆန်း စပါးတွေကို ၀ယ်ပါတယ်။ သူတို့ ဆန်အကြမ်းကို မသုံးကြတော့ ဆန်အနုဖြစ်တဲ့ ဆန်စပါးတွေကို ၀ယ်ပါတယ်။ တရုတ်ပြည်က ၀ယ်တဲ့အခါကျတော့ ဈေးတွေကို မြင့်မြင့်လာတဲ့ အခါကျတော့ ကျွန်တော်တို့ ကောလင်းမြို့နယ်က တောင်သူတွေက ဒါတွေကို အားထား စိုက်နေကြပါတယ်။ ဆန်ကြမ်းတဲ့ စပါးတွေ စိုက်ရင် ကျွန်တော်တို့ တောင်သူတွေမှာ ဈေးက မရတာကြောင့် ဈေးကြီးတဲ့ ဆန်စပါးတွေကို စိုက်နေကြတာ ဖြစ်ပါတယ်။ တရုတ် ဆန်ကုန်သည်တွေက ဆန်စပါး အပျော့ကိုပဲ ၀ယ်ယူတာ များပါတယ်” ဟု ကောလင်းမြို့ တောင်သူ ဦးစိန်သန်းက ပြောကြားသည်။

ကောလင်းမြို့နယ်မှ ထွက်ရှိသည့် ဆန်စပါးအပျော့များနှင့် ကောက်ညှင်းများအား တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့ရောင်းချနေရကြောင်း၊ ကောလင်းမြို့နယ်ရှိ ဆန်စပါး အရောင်းအ၀ယ် ပြုလုပ်သူများသည် အကျိုးအမြတ်မရှိကြောင်း၊ စပါးတစ်အိတ်လျှင် ကျပ် ၅၀၀ သာ အကျိုးအမြတ်ရရှိကြောင်း ဆန်စပါး ကုန်သည်တစ်ဦးက ဆိုသည်။

“ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဆိုရင် ရေကြီးတာတွေများတော့ ဆန်ထွက်နှုန်းက လေးပုံတစ်ပုံလောက် လျော့ပြီးတော့ ဆန်အရောင်အ၀ယ်တွေ ရပ်သလောက် ဖြစ်တယ်။ ပြီးတော့ ၂၀၁၆ ခုနှစ်မှာ ဆိုရင်လည်း နှစ်တစ်ဝက်လောက်က မိုးလေ၀သ မကောင်းတဲ့အတွက် သူလည်း အပြည့်အ၀ မရခဲ့ဘူး။ ၂၀၁၇ ခုနှစ်မှာတော့ တင်းပြည့်ကျပ်ပြည့် တစ်မြို့နယ်လုံးနီးပါး အောင်မြင်မယ်” ဟု ကောလင်းမြို့ ဆန်စပါးကုန်သည် ဦးခင်မောင်ဦးက ပြောကြားသည်။