တောင်ကျချောင်းရေ တိုက်စားမှုကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း ခေတ္တပြတ်တောက်လျက်ရှိ

တောင်ကျချောင်းရေ တိုက်စားမှုကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း ခေတ္တပြတ်တောက်လျက်ရှိ
Published 20 September 2017

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး လမ်းမပေါ်ရှိ ကနန်-ခမ်းပတ် ဆက်သွယ်ထားသော တံတားကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်သူထွန်း)

တောင်ကျချောင်းရေ တိုက်စားမှုကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်း (ကလေး-တမူးလမ်း) ခေတ္တပြတ်တောက်လျက် ရှိသည်ဟု သိရသည်။

“ကနန်တံတား အခြေအနေကတော့ လောလောဆယ် ချဉ်းကပ်လမ်းတွေ ပြတ်ထွက်သွားပြီ။ အနည်းဆုံး ၁၅ ပေလောက်ရှိသွားပါပြီ။ မနေ့ကအထိ ပြုပြင်လိုက်တယ်။ ချဉ်းကပ်လမ်းတွေ ပြုလုပ်လိုက်တာ။ ညနေပိုင်းကျတော့ ကားတွေ ဘာတွေ သွားလို့ရအောင်ပေါ့။ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ဆက်လုပ်တယ်။ အခိုင်အမာသွားလို့ရ အောင်ဆက်လုပ်တာ။ ၇ နာရီခွဲမှာ ရေကတိုက်စားတာပေါ့၊ ၈ နာရီလောက်ကျတော့ ယာဉ်ကြီး ယာဉ်ငယ်၊ ဆိုင်ကယ် အကုန်ပိတ်လိုက်တယ်။ အခုဆိုရင် တံတားချဉ်းကပ် မြေသားတွေက ၁၅ ပေလောက် တိုက်စားသွားတယ်။  အခုဆိုရင် ချောင်းရေက များနေတယ်။ တဝုန်းဝုန်းနဲ့ တိုက်စားနေတယ်။ ရေကျသွားမှပဲ လုပ်ငန်းက ဆက်လုပ်သွားမှာပါ။ ရေကျသွားတယ်ဆိုရင် သံပေါင်တွေနဲ့ လမ်းဦးစီးဌာနနဲ့ ချိတ်ဆက်ပြီးတော့ ပစ္စည်းကတော့ အဆင်သင့်ရှိပါတယ်။ ရေကျသွားရင်တော့ လုပ်ပေးဖို့ ပစ္စည်းအဆင်သင့်ပါ။ ရာသီဥတု မိုးကတော့ ချင်းပြည်နယ်နဲ့ ဆက်တာဆိုတော့ နည်းနည်းညို့တာနဲ့ ရေကကျလာတာပဲ” ဟု ခမ်းပတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦးက ပြောကြားသည်။

အဆိုပါ တံတားသည် ခမ်းပတ်မြို့နှင့် ကနန်ကျေးရွာကို ဆက်သွယ်ထားသော တံတားဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်မှစ၍ ချောင်းရေ တိုက်စားမှုကြောင့် တံတားချဉ်းကပ်လမ်း ပြိုကျလျက်ရှိနေပြီး ကာကွယ်မှုများ ပြုလုပ်နေသော်လည်း တောင်ကျရေ များလာသောကြောင့် ချဉ်းကပ်လမ်းသည် ရေစီးနှင့် မျောပါ၍ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခဲ့သည်ဟု သိရသည်။

“ကားတွေကတော့ လာလို့မရတော့ဘူး။ ကုန်စိမ်းတွေ အတွက်တော့ မနက်က ဝင်ထားတာတွေရှိတယ်။ နန်းဖာလုံက တချို့သစ်သီး ကုန်သည်တွေကတော့ မန္တလေးကို ပစ္စည်းတွေမတင်ဖို့ ပိတ်ထားတယ်။ လောလောဆယ်တော့ တံတားပျက်တဲ့နေရာမှာ သွားလို့လာလို့ မရသေးဘူးလို့ ပြောပါတယ်။ တောင်ကျရေဆိုတော့ ရေကျတာ မြန်ရင်တော့ တမူးအတွက် သိပ်အခက်အခဲ မရှိပေမယ့် လေး၊ ငါးရက် တစ်ပတ်လောက် ကြာမယ်ဆိုရင်တော့ တမူးမြို့အတွက် အခက်အခဲ ရှိနိုင်ပါ တယ်။ တမူးမြို့ကနေ ပြည်မထဲကို ထွက်ပေါက်က ဒီတစ်လမ်းရှိတာ” ဟု တမူးမြို့ခံ ကိုပေါက်ပြားက ပြောကြားသည်။

“အခုအချိန်အထိတော့ မကူးရသေးဘူး။ ကူးရအောင် လုပ်ပေးမယ်လို့တော့ပြောတယ်” ဟု တမူးမြို့မှ ကလေးမြို့သို့အလာ ကနန်ကျေးရွာတွင် ရောက်ရှိနေသူ တစ်ဦးက ပြောကြားသည်။