ကွယ်လွန်ခဲ့သည့် ယာယီသမ္မတဦးမြင့်ဆွေပိုင်ဆိုင်သည့် မန္တလေးမြို့ရှိ မြေအား ဦးတာရာမြင့်ဆွေက အခြားသူများ မသိအောင် ရောင်းချခဲ့သဖြင့် လာရောက်ဖြေရှင်းရန် မိသားစုက နိုင်ငံပိုင်သတင်းစာတွင် ကြေညာလိုက်သည်။
မြေနေရာမှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အကွက်အမှတ်(မ-၅၉)၊ ဦးပိုင်အမှတ် (၃၁)၊ ဧရိယာ (ဝ.၁၁၀၂)အကျယ်ရှိ မြေကွက်ဖြစ်ပြီး ယာယီသမ္မတ ဦးမြင့်ဆွေ(ကွယ်လွန်) အမည်ပေါက် ပိုင်ဆိုင်သည့် မြေကွက်ဖြစ်သည်။
ယင်းမြေကွက်ကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမွေစားအမွေခံပေးကမ်းခြင်း၊ လွှဲပြောင်းထားခြင်းမရှိဘဲ မြေကွက်ဂရန်သက်တမ်း ကုန်ဆုံးခဲ့သဖြင့် သက်တမ်းတိုး ဆောင်ရွက်ရန် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၇ ရက် နှင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်စွဲပါ နေပြည်တော်စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ ကိုယ်စားလှယ်လွှဲစာနှစ်စောင်ကို ဦးတာရာမြင့်ဆွေ (ဘ) ဒေါက်တာ မြင့်ဆွေ (မိ) ဒေါ်ခင်သန်းဝင်းတို့၏ သား (ခေတ္တဘန်ကောက်) နေထိုင်သူ (၁၂/ဗဟန (နိုင်) ၁၀၇၇၀၃) ထံ လွှဲအပ်ပေးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ကိုယ်စားလှယ်လွှဲစာနှစ်စောင်ကို ဦးတာရာမြင့်ဆွေက အသုံးပြုကာ ဒေါ်ခင်သက်ဌေးနှင့် သားဖြစ်သူတို့ အပါအဝင် အခြားမိသားစုဝင်များမသိအောင် မြေကွက်အား အလွဲသုံးစားပြုလုပ်၍ ရောင်းချခဲ့သည့်အတွက် ဦးတာယာမြင့်ဆွေနှင့်တကွ ပူးပေါင်းပါဝင် ပတ်သက်သူများ သတင်းစာကြေညာသည့်ရက်မှ ခုနစ်ရက်အတွင်း ဒေါ်ခင်သက်ဌေးထံ လာရောက်ဖြေရှင်းရန်နှင့် ယင်းသို့ဖြေရှင်းခြင်းမပြုဘဲ ရှောင်တိမ်းပျက်ကွက်နေပါက တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းများအရ ပါဝင်ပတ်သက်သူများအားလုံး အပေါ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါကြေညာချက်တွင် ဖော်ပြထားသည့် ဦးတာရာမြင့်ဆွေသည် ဦးမြင့်ဆွေ၏ သမီးဒေါ်ခင်သက်ထားဆွေ၏ ခင်ပွန်းဖြစ်ကြောင်း သိရသည်။















