အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့အား ၁၅ ဦး၊ အရန်အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့စည်းခဲ့ပြီး မမိုးဆန်းစုကြည်အား တာဝန်ခံအဖြစ်ရွေးချယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့အား ၁၅ ဦး၊ အရန်အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့စည်းခဲ့ပြီး မမိုးဆန်းစုကြည်အား တာဝန်ခံအဖြစ်ရွေးချယ်
Published 8 April 2018

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့အား ၁၅ ဦး၊ အရန်အဖွဲ့ဝင်ငါးဦးဖြင့် ဖွဲ့စည်းခဲ့ပြီး မမိုးဆန်းစုကြည်အား တာဝန်ခံအဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဧပြီ ၇ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ပြုလုပ်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ (ဗဟို)အခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ခေါင်းဆောင် ၂၆၀ ကျော်အနက် မမိုးဆန်းစုကြည်အား မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗဟိုလူငယ်လုပ်ငန်းအဖွဲ့တာဝန်ခံ မမိုးဆန်းစုကြည်က “ဒီနေ့ဟာ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပတဲ့ ဒုတိယအကြိမ် ညီလာခံဖြစ်ပါတယ်။ တိုင်းနဲ့ပြည်နယ်အသီးသီးကနေ ဒီမိုကရေစီနည်းလမ်းကျကျနဲ့ ယှဉ်ပြိုင်ပြီးတော့ တက်လာခဲ့တဲ့လူငယ်တွေကိုလည်း ဂုဏ်ယူမိပါတယ်။ ကျွန်မအခုရရှိလာတဲ့ တာဝန်အပေါ်မှာလည်း ကျေပွန်စွာ ထမ်းဆောင်ပါ့မယ်လို့လည်း ကတိပေးပါတယ်။ ယုံကြည်စွာ တာဝန်ပေးအပ်တာကို အလွဲသုံးစားမလုပ်ပါဘူးလို့ ကတိပေးပါတယ်။ ကျွန်မတို့ လူငယ်လုပ်ငန်းအဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးတော့ လုပ်ရမယ့်အလုပ်တွေမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေလည်း ရှိလာနိုင်ပါတယ်။ အဲဒီလိုရှိလာတဲ့အခါမှာလည်း ကျွန်မတို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ စုပေါင်းအင်အားနဲ့ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် တိုင်တိုင်ပင်ပင်နဲ့ အားလုံးလုပ်ဆောင်သွားကြမယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလိုပဲ လုပ်ဆောင်သွားချင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့ထဲမှာ ကိစ္စတစ်ခုခုရှိလာခဲ့ရင် စည်းစည်းလုံးလုံးနဲ့တိုင်ပင်ပြီး လုပ်သွားတာကို လိုချင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြုသဘောနဲ့ဆက်ဆံပြီးတော့ မျှတတဲ့သဘောထားရှိရင် မှန်ကန်တဲ့အဖြေကိုရနိုင်မှာပါ။ စီနီယာတွေဆီက အများကြီးသင်ယူရပါဦးမယ်။ ဝိုင်းဝန်းလုပ်ဆောင်ပေးကြပါလို့ ပြောချင်ပါတယ်။ ညီညီညွတ်ညွတ်နဲ့ ပျက်စီးသွားတာမဖြစ်အောင်လည်း ကြိုးစားသွားစေချင်ပါတယ်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကိုလည်း ကျွန်မတို့ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့အနေနဲ့ အားသွန်ခွန်စိုက် ပါဝင်သွားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့လုပ်ဆောင်သွားချင်ပါတယ်။ ကျွန်မတို့အဖွဲ့အနေနဲ့ ရိုးရိုးသားသားနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ လုပ်ဆောင်စေချင်ပါတယ်။ သမ္မတသစ်ကြီးနဲ့အတူ ကျွန်မတို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အားလုံးတက်တက်ကြွကြွနဲ့ လုပ်ဆောင်နိုင်ပါစေလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်” ဟုပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ဗဟိုညီလာခံမှ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ တာဝန်ခံအဖြစ် မမိုးဆန်းစုကြည်၊ တွဲဖက်တာဝန်ခံအဖြစ် မဇင်နီနီဝင်း (မကွေးတိုင်းဒေသကြီး)၊ စည်းရုံးရေးမှူးအဖြစ် စောအောင်နိုင်ဦး (ကရင်ပြည်နယ်)၊ အုပ်ချုပ်ရေးရာမှူးအဖြစ် ဆလိုင်းယောင် (ရခိုင်ပြည်နယ်)၊ ဘဏ္ဍာရေးရာမှူးအဖြစ် စောမော်ဒေး (မန္တလေးတိုင်းဒေသကြီး)၊ သတင်းပြန်ကြားရေးရာမှူးအဖြစ် ဦးစိုင်းအောင်အေးချမ်း (ရှမ်းပြည်နယ်မြောက်ပိုင်း)၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးရာမှူးအဖြစ်ကို သန့်ဇင်ထွဋ် (ရှမ်းပြည်နယ်တောင်ပိုင်း)၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများရေးရာမှူးအဖြစ် မသီရိထွန်း (မွန်ပြည်နယ်)၊ လူထုလူတန်းစားရေးရာမှူးအဖြစ် ကိုပိုင်ဇော်ဦး (ရှမ်းပြည်နယ်အရှေ့ပိုင်း)၊ အဖွဲ့ဝင်များအဖြစ် ကိုဖြိုးကိုကို (တနင်္သာရီတိုင်းဒေသကြီး)၊ ကိုသူရိန် (ကချင်ပြည်နယ်)၊ မနီနီမေမြင့် (ရခိုင်ပြည်နယ်) ကိုနေလင်းစိုး (ကချင်ပြည်နယ်)၊ ကိုဘုန်းကျော်ဦး (ကယားပြည်နယ်)၊ ကိုသူရစစ်နိုင် (မကွေးတိုင်းဒေသကြီး) တို့ဖြစ်ကြောင်း သိရသည်။ အရန်လူငယ်အဖွဲ့ဝင်များအဖြစ် မင်းရတ်မွန်ချမ်း (မွန်ပြည်နယ်)၊ ဘွေဟရင်းထောင် (ချင်းပြည်နယ်)၊ ဒေါက်တာမျိုးသက်လင်း (ဧရာဝတီတိုင်းဒေသကြီး)၊ မောင်သက်ပိုင်စိုး (ဧရာဝတီတိုင်းဒေသကြီး)၊ မောင်သော်ထက်ဉာဏ် (ပဲခူးတိုင်းဒေသကြီး) တို့ကို ရွေးချယ်အတည်ပြုခဲ့သည်။

Most Read

Most Recent