မြန်မာနိုင်ငံတွင် နှစ်နှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်ကျန်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးမှုပေါင်း ၃၃၇ မှုအထိရှိ

မြန်မာနိုင်ငံတွင် နှစ်နှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်ကျန်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးမှုပေါင်း ၃၃၇ မှုအထိရှိ
Published 5 April 2018

ရန်ကုန်မြို့ရှိ IBC ၌ ဧပြီ ၄ ရက်က ပြုလုပ်သည့်အခမ်းအနားတွင် Norwegian People' Aid မှအဖွဲ့ဝင်တစ်ဦး မြေမြှုပ်မိုင်းရှင်းလင်းရေး သရုပ်ပြနေစဉ် (ဓာတ်ပုံ-မောင်ထူး)

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်လက်ကျန်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးမှုပေါင်း ၃၃၇ မှုအထိ ရှိခဲ့ကြောင်း Unicef Myanmar ၏ ဧပြီ ၄ ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါထိခိုက်မှုများတွင် ပဋိပက္ခဖြစ်ပွားနေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ထိခိုက်မှုအများဆုံးဖြစ်ပွားနေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အပြည်ပြည်ဆိုင်ရာ မိုင်းအန္တရာယ် အသိပညာပေးရေးနှင့် မိုင်းလုပ်ငန်းဆိုင်ရာ အကူအညီပေးရေးနေ့ အခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်တွင် ဧပြီ ၄ ရက်က ပြုလုပ်ခဲ့သည်။

၂၀၁၈ ခုနှစ် ပထမသုံးလအတွင်း မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းများကြောင့် ၄၂ ဦး ထိခိုက်မှုဖြစ်ပွားခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆက်အောင်က ပြောကြားသည်။

အဆိုပါအရေအတွက်မှာ သတင်းရရှိမှုအရ သိရခြင်းဖြစ်ပြီး သတင်းမရရှိသေးသည့် ထိခိုက်မှုများရှိနိုင်သည့်အတွက် ထို့ထက်ပိုများနိုင်ကြောင်း ၎င်းက ပြောကြားသည်။

၂၀၁၇ ခုနှစ်တွင်လည်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပစ္စည်းများကြောင့် ထိခိုက်မှု ၁၇၆ ခုဖြစ်ပွားခဲ့ပြီး ၅၂ ဦးသေဆုံးကာ ၁၂၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတို့အနက် ၄၃ ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြောင်း သိရသည်။

“အမျိုးသမီးနဲ့ ကလေးထိခိုက်မှုနှုန်းက နည်းနည်းရှိတာပေါ့နော်။ ဒီနှစ် ၂၀၁၈၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်သုံးလမှာ ၄၂ ယောက် ထိခိုက်မှုဖြစ်ပွားတာပေါ့။ ထိခိုက်မှုတိုင်း ကျွန်တော်တို့သိရမယ်ဆိုရင်တော့ တိတိကျကျပြောနိုင်မယ်။ ဒီဟာ ၄၂ ယောက်ဆိုတာထက် ဒီထက်ပိုနိုင်တာပေါ့” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆက်အောင်က ပြောကြားသည်။

ထို့ပြင် ထိခိုက်မှုလေးခုတွင် အသက်ဆုံးရှုံးသူ တစ်ဦးနှုန်းရှိပြီး ဒဏ်ရာရသူလေးဦးတွင် ကလေးသူငယ်တစ်ဦးနှုန်းဖြစ်နေကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၅ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးခြင်းဖြင့် ကတိကဝတ်များရှိနေသော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းဖြစ်သည့် မိုင်းရှင်းလင်းရေးလုပ်ငန်း၏ တိုးတက်မှုသည် နှောင့်နှေးနေသေးကြောင်းလည်း Unicef မြန်မာဌာနေကိုယ်စားလှယ် June Kunugi က ပြောကြားသည်။

မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအပါအဝင် အဖွဲ့အစည်းအသီးသီးက မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ ထိခိုက်နစ်နာသူများအား လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့များ ပေးအပ်ခြင်းများ ပြုလုပ်ပေးနေသော်လည်း လိုအပ်ချက်များရှိနေဆဲဖြစ်ကြောင်း သိရသည်။

ထို့အတူ မိုင်းအသိပညာပေးနှင့် မိုင်းဆိုင်ရာလှုပ်ရှားမှုများအား အထောက်အပံ့ပေးရေး (၁၃) ကြိမ်မြောက် နိုင်ငံတကာနေ့အခမ်းအနားကို ရန်ကုန်မြို့ရှိ International Business Centre (IBC) ၌ ဧပြီ ၄ ရက်တွင် ကျင်းပခဲ့သည်။

“မိုင်းမှာက ကျွန်တော်တို့အခု Emphasize (အလေးထား) လုပ်နေတာ မြေမြှုပ်မိုင်းပဲလုပ်တာပါ။ ဗုံးနဲ့သွားမရောစေချင်ဘူး။ ဗုံးဆိုတာက လေယာဉ်ပျံပေါ်က ချတာလည်းရှိတယ်။ ကားအောက်မှာထည့်ပြီး ခွဲတာလည်းရှိတာပေါ့နော်။ မြေမြှုပ်မိုင်းကိုပဲ Emphasize လုပ်ပြီး ပြောရခြင်းဖြစ်တယ်။ အဲတော့ ဒီမှာမိုင်းဆိုင်ရာ လှုပ်ရှားမှုဆောင်ရွက်တဲ့အခါမှာ လုပ်ငန်းတွေက အားလုံးငါးမျိုးရှိပါတယ်။ နံပါတ် (၁) ကဘာလဲဆိုရင် မိုင်းအသုံးပြုမှု တားဆီးပိတ်ပင်ခြင်း မိုင်းဆိုင်ရာလှုပ်ရှားမှုမှာ အဓိကအရေးကြီးဆုံး လုပ်ငန်းပေါ့နော်။ နံပါတ် (၂) က မိုင်းများထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်းနှင့် နေရာရွှေ့ပြောင်းများကို ဟန့်တားပိတ်ပင်ပစ်ရမယ်။ မိုင်းစက်ရုံတွေမရှိရဘူး။ မိုင်းတွေမထုတ်ရဘူး။ နောက်တစ်ခါ သိုလှောင်မထားရဘူး။ ရောင်းဝယ်ဖို့အတွက် ဟိုပို့၊ ဒီပို့တွေမလုပ်ရဘူး။ နံပါတ် (၃) ချက်ကတော့ မိုင်းများရှင်းလင်းဖော်ထုတ်ခြင်းဆိုတာ Demineing လုပ်ငန်းတွေပါ။ ဒါတွေကတော့ Mine Operator အဖွဲ့အစည်းကြီးတွေက ကမ္ဘာမှာ နိုင်ငံအနှံ့အပြားကိုလှည့်ပြီး လုပ်နေတာပေါ့နော်။ ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်နေတဲ့ Mines Advisory Group ဆိုတာ နိုင်ငံပေါင်းသုံးဆယ်ကျော်မှာ သူလုပ်နေတာပါ။ မြန်မာပြည်မှာလည်း သူတို့ကလုပ်ဖို့အတွက် လာရောက်စောင့်ဆိုင်းနေတာ လေးနှစ်နီးပါးရှိနေပါပြီ” ဟု မိုင်းအသိပညာပေးခြင်းနှင့် မိုင်းဘေးသင့်သူများကို ထောက်ပံ့ကူညီပေးနေသည့် Humanitarian Mine Action Initiative-Myanmar အဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇင်က ပြောကြားသည်။

နံပါတ် (၄) အနေဖြင့် သိုလှောင်ထားသည့်မိုင်းများ ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်းနှင့် နံပါတ် (၅) အချက်မှာ မိုင်းသင့်ဒဏ်ရာရသူများအား ၎င်းတို့၏ပတ်ဝန်းကျင်တွင် ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရေးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် မိုင်းအသိပညာပေးရေးလုပ်ငန်းအဖွဲ့ကို ၂၀၁၂ ခုနှစ် ဧပြီ ၂၇ ရက်မှ စတင်ဖွဲ့စည်းကာ မြေမြှုပ်မိုင်းနှင့် စစ်ကျန်ပေါက်ကွဲစေတက်သည့် လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရနိုင်သည့် အန္တရာယ်များလျော့ကျစေရန် ပြည်သူများအား အသိပညာပေး သတင်းအချက်များဖြန့်ဝေခြင်း၊ ပညာပေးသင်တန်းများပို့ချခြင်းများ ဆောင်ရွက်နေကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာကေသီကျော်က ပြောကြားသည်။

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ်တို့တွင် ပြည်နယ်အဆင့်အဖွဲ့များ ဖွဲ့ပြီးကာ ပုံမှန်အစည်းအဝေးများ ပြုလုပ်နေပြီဖြစ်ပြီး ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းဒေသကြီးတို့အတွင် မိုင်းအန္တရာယ်သိမြင်မှုဆိုင်ရာ စစ်တမ်းလည်းကောက်ယူ၍ ထုတ်ပြန်တော့မည်ဖြစ်ကြောင်း ဒေါက်တာကေသီကျော်က ပြောကြားသည်။

အလား ၂၀၁၇ ခုနှစ်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းများ၊ မိုင်းနှင့် စစ်လက်ကျန် ပေါက်ကွဲစေတတ်သော ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူများနှင့် မိသားစုများအတွက် ငွေကြေးပံ့ပိုးခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပံ့ပိုးခြင်း စသည့် မိုင်းအန္တရာယ် ကာကွယ်ရေးနှင့်ဆိုင်သော လုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေမှ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများအတွက် အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ ပံ့ပိုးပေးခဲ့ကြောင်း၊ အဆိုပါ မိုင်းအန္တရာယ်ကာကွယ်ရေးနှင့်ဆိုင်သော စီမံချက်မှတစ်ဆင့် ၂၀၁၇ ခုနှစ်အတွင်းတွင် နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် မိုင်းအန္တရာယ်ရှိသည့် ရွာများတွင် နေထိုင်သူများအပါအဝင် လူဦးရေ ၄၅၀၀၀ ကျော်ကို အကူအညီပေးနိုင်ခဲ့ကြောင်း United Nation OCHA Myanmar က ဧပြီ ၄ ရက်တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်း မရှင်းလင်းသောနယ်မြေများ၌ နေထိုင်ကြရသည့် အရပ်သားများစွာတို့အား ပိုမိုကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် မြေမြှုပ်မိုင်းအသုံးပြုမှုကို အရေးယူဆောင်ရွက်မှုပြုပေးပါရန်လိုကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုအနက် ကိုးခုတွင် မြေမြှုပ်မိုင်းနှင့် စစ်ပွဲလက်ကျန် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ ကျန်ရှိနေသေးသည်ဟု ယူဆထားကြောင်း၊ ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များအတွင်း ပဋိပက္ခဒဏ်ခံဒေသများ၌ မြေမြှုပ်မိုင်းများကို ၂၀၁၇ ခုနှစ်တွင် ထပ်မံသုံးစွဲခဲ့သည်ဟူသော သတင်းများသည် အလွန်အမင်းစိုးရိမ်ဖွယ်ရာ ဖြစ်စေကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် မြေမြှုပ်မိုင်းအသုံးပြုမှုကို အဆောတလျင် အရေးယူဆောင်ရွက်မှုပြုပါရန်နှင့် မြေမြှုပ်မိုင်းအသုံးပြုမှုတားမြစ်သည့် အော်တဝါကွန်ဗင်းရှင်း၌ ပါဝင်ပါရန် မြန်မာနိုင်ငံအား ကျွန်ပ်တို့အနေဖြင့် ပြင်းပြစွာ အားပေးတိုက်တွန်းလိုက်ကြောင်း၊ အရပ်ဖက်ပြည်သူလူထုအပေါ် ပိုမိုကာကွယ်စောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်ပြီး မြန်မာအစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် ဖြစ်နိုင်ခြေရှိသည့်အခါတိုင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်ပေးကြပါရန် ကျွန်ပ်တို့အနေဖြင့် တိုက်တွန်းကြောင်း၊ နိုင်ငံတစ်ဝှမ်း မိုင်းအန္တရာယ်အသိပညာပေးရေး တိုးမြှင့်ဆောင်ရွက်ရာတွင် ဥရောပသမဂ္ဂက ပံ့ပိုးပေးလျက်ရှိပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုလည်း ကူညီထောက်ပံ့မှုပြုရန် အသင့်ရှိကြောင်း ဥရောပသမဂ္ဂက ဧပြီ ၄ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

Most Read

Most Recent