၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အုပ်ချုပ်ရေး အခန်း ၅ မှ ပုဒ်မ ၂၈၈ နှင့် ၂၈၉ အား ပြင်ဆင်သင့်ကြောင်း ACDD အကြံပြု

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အုပ်ချုပ်ရေး အခန်း ၅ မှ ပုဒ်မ ၂၈၈ နှင့် ၂၈၉ အား ပြင်ဆင်သင့်ကြောင်း ACDD အကြံပြု
Published 1 April 2018

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရှိ အုပ်ချုပ်ရေး အခန်း ၅ မှ ပုဒ်မ ၂၈၈ နှင့် ၂၈၉ တို့နှင့် ပတ်သတ်၍ သက်ဆိုင်ရာ ခရိုင် မြို့နယ် ရပ်ကွက် (သို့မဟုတ်) ကျေးရွာများမှ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများက မဲပေး ရွေးကောက်တင်မြှောက်နိုင်အောင် ပြင်ဆင်သင့်ကြောင်း ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ (ACDD) အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အခြခံအဆင့် အုပ်ချုပ်ရေးဆိုင်ရာကဏ္ဍနှင့် ပတ်သတ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း ၅ ၊ ပုဒ်မ ၂၈၈ နှင့် ၂၈၉ တို့အား ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ခြင်း အစီရင်ခံစာကို မတ် ၃၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Orchid Hotel တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ယင်းအစီအရင်ခံစာအရ ၂၀၀၈ ဖွဲ့စည်းပုံ အုပ်ချုပ်ရေး အခန်း ၅ ၊ ခရိုင်နှင့် မြို့နယ် အုပ်ချုပ်ရေးမှ ပုဒ်မ ၂၈၈ တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားကြောင်း ထိုသို့ ဖော်ပြထားချက်အစား “ခရိုင်အုပ်ချုပ်ရေးမှူး သို့မဟုတ် ခရိုင်ဝန်အား သက်ဆိုင်ရာ ခရိုင်ဖွဲ့စည်းမှုတွင် ပါဝင်သော မြို့နယ်များရှိ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများက ရွေးကောက် တင်မြှောက်ရမည်ဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်က အတည်ပြု ခန့်အပ်ရမည်။ မြို့နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် မြို့ဝန်အား မြို့နယ်အတွင်းရှိ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက ရွေးကောက် တင်မြှောက်ရမည်ဖြစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ ဝန်ကြီးချုပ်က အတည်ပြု ခန့်အပ်ရမည်” ဟု အစားထိုး ပြဋ္ဌာန်းသင့်ကြောင်း အကြံပြုထားသည်။

အလားတူ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေး ပုဒ်မ ၂၈၉ တွင်လည်း ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာ သမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ် တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ယင်းကြောင့် အဆိုပါ ပြဋ္ဌာန်းချက်အစား “ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအတွင်းရှိ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက ရွေးကောက်တင်မြောက်ရမည် ဖြစ်ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက အတည်ပြု ခန့်အပ်ရမည်” ဟု အစားထိုး ပြဋ္ဌာန်းသင့်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

လက်ရှိတွင် ပြည်သူလူထုနှင့် အနီးစပ်ဆုံးဖြစ်သည့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းအား အသက် ၁၈ နှစ် ပြည့်ပြီးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ပါဝင်ခွင့် မရသေးကြောင်း ACDD ၏ သင်တန်းရေးရာ စီမံခန့်ခွဲရေးမှူး ကိုရဲရင့်အောင်က ပြောကြားသည်။

“ကျွန်တော်တို့ တိုင်းပြည်က ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တိုင်းပြည်ကို သွားမယ်ဆိုပြီးတော့ အနိုင်ရပါတီ ကိုယ်တိုင်က ဦးတည် လမ်းကြောင်း လျှောက်လှမ်းခဲ့ပါပြီ။ ဘယ်လိုပဲ သွားမယ်ဆိုပြီးတော့ ပြောပါစေ။ ဒီနေ့ အခြေအနေနဲ့ အချိန်အခါကို ကြည့်မယ်ဆိုရင် အခု ကျွန်တော်တို့ ပြည်သူလူထုနဲ့ အနီးကပ်ဆုံးရှိနေတဲ့ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ရွေးချယ်တဲ့ နေရာတောင်မှ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသား အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း အားလုံး ပါဝင်ခွင့် မရသေးတာသည် ဒါစစ်မှန်တဲ့ ဒီမိုကရေစီလို့ ပြောလို့ မရပါဘူး။ ဖက်ဒရယ်ကို သွားမယ်ဆိုရင် ဒီအချက်က တော်တော်လေးကို အလှမ်းဝေးနေတဲ့ အချက်ဖြစ်ပါတယ်”ဟု ကို ရဲရင့်အောင်က ဆက်လက် ပြောကြားသည်။

ACDD ၏အစီရင်ခံစာသည် တိုင်းဒေသကြီး ခြောက်တိုင်း၊ ပြည်နယ် သုံးခု၊ မြို့နယ် ၇၂ မြို့နယ်ရှိ ရပ်ကွက်ကျေးရွာအုပ်စု ၃၄၅ စုတို့မှ အမျိုးသား ၁၀၄၀ ဦးနှင့် အမျိုးသမီး ၅၉၄ ဦးတို့၏ ဖြေဆိုချက်များကို အခြေခံထားခြင်းဖြစ်ကြောင်း သိရသည်။

ACDD အဖွဲ့သည် မြန်မာနိုင်ငံအတွင်း မတူကွဲပြားသော ကွန်ရက်များဖြင့် ဖွဲ့စည်းထားပြီး လူငယ်များ၊ အမျိုးသမီးများ၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေး တက်ကြွလှုပ်ရှားသူများ၊ ရေလုပ်သားများ၊ တိုင်းရင်းသားလူမျိုးများအရေး တက်ကြွလှုပ်ရှားသူများဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့အစည်းမှ တာဝန်ရှိသူများက ပြောကြားသည်။

Most Read

Most Recent