တအန်းလက်နက်ကိုင်အဖွဲ့(PSLF/TNLA) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်အစပ်တွင် မတ် ၁၀ ရက် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ TNLA ပြန်ကြားရေးဌာန၏ ထုတ်ပြန်ချက်တွင် TNLA နှင့် RCSS ကြား မတ် ၁၀ ရက် နံနက်ပိုင်းတွင် နမ့်ဆန်မြို့နယ်နှင့် ကျောက်မဲမြို့နယ်စပ်ကြား ကြက်သေကျေးရွာ၊ ကျောက်မဲမြို့နယ် ခွန်ကော်ကျေးရွာ၊ တောဖယ်ကျေးရွာနှင့် နမ့်အန်ကျေးရွာတို့တွင် တစ်ကြိမ်၊ နမ္မတူမြို့နယ် မန်ကျော့ကျေးရွာတွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းတိုက်ပွဲဖြစ်စဉ် နှစ်ခုအနက် ကျောက်မဲမြို့နယ်နှင့် နမ့်ဆန်မြို့နယ်အစပ် တိုက်ပွဲတွင် RCSS တပ်ဖွဲ့၏ တပ်စခန်းအချို့ ရှင်းလင်းနိုင်ခဲ့ကြောင်း၊ အဆိုပါ တပ်စခန်းအား ဝင်ရောက်ရှင်းလင်းစဉ် RCSS တပ်ဖွဲ့၏ လက်နက်ငယ် လေးလက်၊ ရုပ်အလောင်းသုံး လောင်းနှင့် စစ်ဝတ်တန်ဆာ ပစ္စည်းများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် TNLA ၏ ထုတ်ပြန်ချက်တွင် ၂၀၁၆ ခုနှစ်မှ စတင်ပြီး ၎င်းဒေသ တစ်ဝိုက်ရှိ ကျေးရွာများတွင် RCSS အဖွဲ့မှ မတရားကျူးကျော် ဝင်ရောက်ပြီး ထိုဒေသရှိ တအန်းပြည်သူလူထုများအား မတရားဖမ်းဆီး ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခြင်း၊ RCSS အဖွဲ့တပ်စခန်း တည်ဆောက်ရာတွင် အဓမ္မလုပ်အားပေး စေခိုင်းခြင်းတို့ ပြုမူဆောင်ရွက်လာခြင်းကြောင့် TNLA က နယ်မြေရှင်းလင်း တိုက်ထုတ်ရခြင်းဖြစ်ကြောင်း စွပ်စွဲရေးသားထားသည်။
အလားတူ RCSS/SSA အဖွဲ့ပိုင် Tai Freedoom သတင်းဝက်ဆိုက်တွင် မတ် ၁၀ ရက် ညနေ ၄ နာရီခန့်က ထုတ်ပြန်ထားရာတွင် TNLA အဖွဲ့အင်အား ၁၀၀ ကျော်ဖြင့် ကျောက်မဲ-နမ့်ဆန် နယ်စပ်ရှိ ကိုင်တိုင်ရွာနှင့် တော့ဖေကျေးရွာကြား ကိုင်တိုင်ကျေးရွာအနီး ကျေးရွာလုံခြုံရေး တာဝန်ယူနေသည့် RCSS/SSA တပ်သားလေးဦးအား TNLA တပ်ဖွဲ့မှ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တပ်များ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ရပြီး RCSS/SSA တပ်သားတစ်ဦး ထိခိုက် ဒဏ်ရာရရှိကာ ယခုချိန်ထိ နှစ်ဖက်တပ်များ ပစ်ခတ်မှု ရှိနေသေးကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်ဟု ဖော်ပြထားသည်။
ထို့အတူ TNLA ၏ ထုတ်ပြန်ချက်တွင် RCSS/SSA တပ်ဖွဲ့၏ တပ်စခန်းအား ရှင်းလင်းနိုင်ပြီး၊ အလောင်းသုံးလောင်းနှင့် စစ်လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိသည်ဟူသည့်သတင်းသည် အတည်မပြုနိုင်သေးကြောင်း အဆိုပါတိုက်ပွဲ ဖြစ်ပွားသည့် ကျေးရွာနှင့် ကျေးရွာအနီးတစ်ဝိုက်တွင် RCSS/SSA ၏ တပ်စခန်းများ လုံးဝမရှိကြောင်း RCSS/SSA ရှေ့တန်းတာဝန်မှူးထံမှ သိရှိရသည်ဟု Tai Freedoom ၏ သတင်းဖော်ပြချက်တွင် ပါရှိသည်။
TNLA အဖွဲ့ဘက်မှ နှစ်ဖက်တပ်များ အပစ်အခတ် ရပ်စဲနိုင်ရန်အတွက် RCSS/SSA အား စတင်ကမ်းလှမ်းခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က နှစ်ဖက်တပ်ဖွဲ့ဝင် ကိုယ်စားလှယ်များ ရှမ်းပြည်နယ်နှင့် တရုတ်နယ်စပ် တစ်နေရာတွင် ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ဖူးပြီးဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ယခုကဲ့သို့ TNLA မှ အင်အားအလုံးအရင်းဖြင့် RCSS/SSA အား ထိုးစစ်ဆင် တိုက်ခိုက်ခြင်းသည် TNLA ဘက်မှ နှစ်ဖက်တပ်ဖွဲ့ အပစ်အခတ် ရပ်စဲရန်အတွက် အမှန်တကယ် ဆန္ဒမရှိကြောင်း ဖော်ပြနေသည်ကို တွေ့ရှိရကြောင်း RCSS/SSA ဘက်က ရေးသားထားသည်။
ကျောက်မဲ-နမ့်ဆန်ဒေသအတွင်း TNLA နှင့် RCSS/SSA တို့ မတ် ၁၀ ရက် တစ်ရက်တည်းတွင် တိုက်ပွဲခြောက်နေရာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေစဉ် TNLA ဘက်မှ ကျေးရွာတစ်ရွာကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း Tai Freedoom တွင် စွပ်စွဲ ရေးသားထားသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ တအန်းလက်နက်ကိုင်အဖွဲ့(TNLA)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ (RCSS/SSA) ပြောရေးဆိုခွင့်ရှိသူများထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။