ဆေးဝါးအတု အန္တရာယ်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ရှောင်တခင် ကွင်းဆင်းစစ်ဆေးပြီး ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီး ပြောကြား

ဆေးဝါးအတု အန္တရာယ်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ရှောင်တခင် ကွင်းဆင်းစစ်ဆေးပြီး ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီး ပြောကြား
Published 28 February 2018

ဆေးဝါးအတု အန္တရာယ်ကာကွယ်နိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ဈေးကွက်အတွင်း ရှောင်တခင် ကွင်းဆင်းစစ်ဆေးပြီး ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းများအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ရှင်းလင်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက “ဆေးဝါးအတုအန္တရာယ်မှ ကာကွယ်နိုင်ဖို့ အတု၊ အစစ် ခွဲခြားသိမြင်နိုင်တဲ့ ခေတ်မီစက်ကိရိယာတွေကို ဝယ်ယူပြီးဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းကာ ဈေးကွက်အတွင်း ရှောင်တခင် ကွင်းဆင်းစစ်ဆေးကာ ဆေးဝါးအတုများအန္တရာယ်ကို ကာကွယ်ဖို့စီမံဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုအတွက် ဆေးဝါးအန္တရာယ်က ကာကွယ်ပေးဖို့ FDA နဲ့ပူးပေါင်းကာ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ စက်အသစ်တွေ ထပ်မံမှာယူထားပြီးဖြစ်ပါတယ်။ စက်အသစ်တွေ မကြာခင်ရောက်ရှိလာတော့မှာဖြစ်လို့ ပူးပေါင်းအဖွဲ့နဲ့ ဆေးဝါးအတုအန္တရာယ်ကို စဉ်ဆက်မပြတ် ရှင်းလင်းဖယ်ရှားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။

ထို့ပြင် BPI ဆေးဝါးအပြင် ဆေးဝါးအချို့ကို ယခင်က မသမာသူများက အတုအပပြုလုပ် ဖြန့်ချိမှုများရှိခဲ့သော်လည်း ယခုအစိုးရသစ်လက်ထက်တွင် စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ BPI ဆေးဝါးအတုများနှင့် စံချိန်မမီသည့် ဆေးဝါးအတု ပြုလုပ်ရောင်းချသူ ၁၆ ဦးကို ဖော်ထုတ်ဖမ်းဆီး အပြစ်ပေးခဲ့ကြောင်း၊ BPI ဆေဝါးအတုများနှင့် အခြားစံချိန်မမီဆေးဝါးများကို စီမံချက်များဖြင့် ဖျက်ဆီးခဲ့ကြောင်း၊ ယခုအခါတွင် နိုင်ငံတစ်ဝန်းတွင် BPI ဆေးဝါးအတုများကင်းစင်ကာ အရည်အသွေးစိတ်ချရသည့် ဆေးဝါးများကို မြင်တွေ့အသုံးပြုနေရပြီဖြစ်ကြောင်း၊ အတုအပ မပြုလုပ်နိုင်ရေးကို စနစ်တကျဆောင်ရွက်လျက်ရှိကြောင်း၊ BPI အမှတ်တံဆိပ်မူပိုင်ခွင့်ကို နိုင်ငံပိုင်သတင်းစာများတွင် ကြေညာပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်လျက်ရှိသည့် မြွေဆိပ်ဖြေဆေးကို ယခုအခါတွင် ပိုလျှံအောင် ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ပင် တင်ပို့ရောင်းချလျက်ရှိကြောင်း၊ မြွေဆိပ်ဖြေဆေးအပါအဝင် အခြားဆေးဝါးများကို အယ်လ်ဂျီးရီးယားနိုင်ငံမှ မှာယူထားသည့်အတွက် စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သုံးစွဲသူများထံ ဆေးဝါးအစစ်အမှန်များ အမှန်တကယ်ရောက်ရှိမှု အခြေအနေကိုလည်း ပူးပေါင်းအဖွဲ့ဖြင့် စောင့်ကြည့်၍ စီမံချက်များချမှတ်ကာ ထိန်းချုပ်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ် ပြုပြင်ပြီး ခန့်မှန်းခြေ ဘတ်ဂျက်တွင် အမြတ်ကျပ် ၆၂၀ ဒသမ ၃၂၅ သန်းဖြင့် လျာထားရေးဆွဲခဲ့ခြင်းမှာ မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် အမှာစာများအရသာ ထုတ်လုပ်မှုကို လျာထား၍လည်းကောင်း၊ ကမ္ဘာ့ဆေးဝါးကုန်ကြမ်းများ ဝယ်ယူရာတွင် ဈေးနှုန်းမြင့်တက်နေမှုများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်နေမှုများအပေါ် အခြေခံ၍လည်းကောင်း အမြတ်ရရှိမှုကို လျော့နည်းလျာထားခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လဘတ်ဂျက်ကာလအတွင်း မြန်မာ့ဆေးဝါးလုပ်ငန်း ကိုယ်ပိုင်ရန်ပုံငွေ ခေါင်းစဉ်အောက်မှ ဆေးဝါးများထုတ်လုပ်ရန်အတွက် လိုအပ်သည့်ပြည်တွင်းပြည်ပ ကုန်ကြမ်းများဝယ်ယူရန် လျာထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။

Most Read

Most Recent