အိန္ဒိယက မြန်မာနိုင်ငံမှ ဘင်္ဂါလီ မွတ်စလင်များ ဝင်ရောက်လာမှုကို တားဆီးရန် ငရုတ်ရည်များနှင့် မျက်ရည်ယိုဗုံးများကို အသုံးပြု

အိန္ဒိယက မြန်မာနိုင်ငံမှ ဘင်္ဂါလီ မွတ်စလင်များ ဝင်ရောက်လာမှုကို တားဆီးရန် ငရုတ်ရည်များနှင့် မျက်ရည်ယိုဗုံးများကို အသုံးပြု
Published 24 September 2017

စက်တင်ဘာ ၁၈ ရက်က အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့ရှိ ဒုက္ခသည်စခန်း တစ်ခုတွင် အနားယူနေသော ဘင်္ဂါလီ မွတ်စလင်များ (Photo: AP)

အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နှင့် ကျယ်ပြောစွာ ထိစပ်နေသော နယ်စပ်တစ်လျှောက် လုံခြုံရေးမြှင့်တင်ကာ မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် အကြမ်းဖက်မှုမှ ထွက်ပြေးလာသော ဘင်္ဂါလီမွတ်စလင်များ ဝင်ရောက်မှုကို တားဆီးရန် ငရုတ်ရည်များနှင့် မျက်ရည်ယိုဗုံးများကို အသုံးပြုနေကြောင်း သက်ဆိုင်ရာ အာဏာပိုင်များက စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဟိန္ဒူဘာသာဝင် အများစု နေထိုင်သော အိန္ဒိယနိုင်ငံတွင် နယ်ခြားစောင့်တပ်ဖွဲ့ (BSF) အဖွဲ့ဝင်များအား နိုင်ငံတွင်းသို့ ခိုးဝင်ရန် ကြိုးပမ်းမှုများကို ရပ်တန့်ရန် ရက်စက်ကြမ်းတမ်းသော နည်းလမ်းများ အသုံးပြုရေးအတွက် အခွင့်အာဏာ ပေးထားကြောင်း သိရသည်။ အိန္ဒိယတွင် ရောက်ရှိနေနှင့်ပြီးဖြစ်သည့် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင် ၄၀,၀၀၀ ခန့်ကိုပင် လုံခြုံရေးဆိုင်ရာ အန္တရာယ်ရှိသည်ဟု ဆိုကာ ပြန်လည်မောင်းထုတ်ရန် လိုလားနေသည်။

“ကျွန်တော်တို့ အနေနဲ့ သူတို့ကို ဖမ်းဆီးဖို့ရော ပြင်းထန်တဲ့ဒဏ်ရာ ရစေဖို့ရော မလိုလားပါဘူး။ ဒါပေမဲ့ အိန္ဒိယမြေပေါ်မှာ ရိုဟင်ဂျာတွေကို သည်းမခံနိုင်ပါဘူး” ဟု နယ်စပ်လုံခြုံရေးတပ်ဖွဲ့ အကြီးတန်းအရာရှိ တစ်ဦးက နယူးဒေလီမြို့တွင် ပြောကြားခဲ့သည်။

“အိန္ဒိယနိုင်ငံထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းနေတဲ့ ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ရပ်တန့်ဖို့ ငရုတ်ရည်ပါတဲ့ ဗုံးတွေကို ကျွန်တော်တို့ အသုံးပြုနေပါတယ်။ အခြေအနေက တင်းမာနေပါတယ်” ဟု အမည်မဖော်လိုသူ အိန္ဒိယ အရာရှိက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အရှေ့ပိုင်းပြည်နယ် အနောက်ဘင်ဂေါတွင် ကင်းလှည့်နေသော BSF ၏ ဒုတိယရဲချုပ် အာပီအက်စ်ဂျက်စ်ဝဲက မြန်မာနိုင်ငံမှ ဘင်္ဂါလီ မွတ်စလင်များကို မောင်းထုတ်ရန် သူ၏ တပ်ဖွဲ့ဝင်များကို ငရုတ်ရည်ပါသော ဗုံးနှင့် မျက်ရည်ယိုဗုံး နှစ်မျိုးစလုံးကို အသုံးပြုရန် ပြောထားသည်ဟု ဆိုသည်။

ငရုတ်ရည်ဗုံးများ၌ ငရုတ်သီးမှုန့်တွင် သဘာဝအတိုင်း ပါဝင်သည့် ဓာတ်ပေါင်းများကို အသုံးပြုထားပြီး ပစ်မှတ်ထားခံရသူသည် အပြင်းအထန် မခံမရပ်နိုင်ဖြစ်ကာ ယာယီ ရွေ့လျားနိုင်စွမ်းမရှိ ဖြစ်သွားနိုင်သည်ဟု ဆိုသည်။

ဟိန္ဒူအမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် နရင်ဒရာမိုဒီ အစိုးရသည် အိန္ဒိယနိုင်ငံရှိ မြန်မာနိုင်ငံမှလာသော ဘင်္ဂါလီမွတ်စလင်များအပေါ် ပို၍ ပို၍ ရန်လိုလာနေပြီး ပြည်ထဲရေးဝန်ကြီး ရက်ချ်နက်ဆင်းက စက်တင်ဘာ ၂၂ ရက်တွင် ၎င်းတို့အား ခိုးဝင်လာသူများအဖြစ် သတ်မှတ်ကာ ပြန်လည်မောင်းထုတ်ရန် တောင်းဆိုထားသည်။

၎င်းတို့အား ပြန်လည်မောင်းထုတ်မည့် အစီအစဉ်ကို တရားဝင်ဖြစ်စေရန် ပြည်ထဲရေး ဝန်ကြီးဌာနက ယခုသီတင်းပတ်အတွင်း အထက်တရားရုံးသို့ တင်ပြထားပြီး မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များသည် ပါကစ္စတန် အခြေစိုက် အကြမ်းဖက်သမားများနှင့် ဆက်နွှယ်နေသည်ဟူသော ထောက်လှမ်းရေး အချက်အလက်များကိုပါ ပေးထားသည်။

Ref: Reuters

Most Read

Most Recent