ဒူးဒဏ်ရာကြောင့် ဆန်းချက်ဇ် (၆) ပတ်ခန့်အထိ နားရဖွယ်ရှိသည်ဟု ဆိုးလ်ရှား ပြောကြား

ဒူးဒဏ်ရာကြောင့် ဆန်းချက်ဇ် (၆) ပတ်ခန့်အထိ နားရဖွယ်ရှိသည်ဟု ဆိုးလ်ရှား ပြောကြား
Photo: Man Utd via Getty Images
Photo: Man Utd via Getty Images
Published 6 March 2019

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းတောင်ပံကစားသမား ဆန်းချက်ဇ်အနေဖြင့် ဒူးဒဏ်ရာကြောင့် (၄) ပတ်မှ (၆) ပတ်ခန့်အထိ အနားယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၃၀)နှစ်အရွယ်ရှိ ချီလီတောင်ပံကစားသမား ဆန်းချက်ဇ်သည် ဆောက်သမ်တန်အသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် (၅၂) မိနစ်တွင် ဒါလော့နှင့် လူစားလဲခဲ့ရသည်။

PSG အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲကြိုပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆိုးလ်ရှားက ဆန်းချက်ဇ်အနေဖြင့် ဒဏ်ရာမှ လျင်မြန်စွာပြန်လည်သက်သာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဆိုးလ်ရှားက "ဆန်းချက်ဇ်ရဲ့ ဒူးဒဏ်ရာက တော်တော်လေးတော့ ဆိုးပါတယ်။ ဒါကြောင့် သူ့အနေနဲ့ (၄) ပတ်ကနေ (၆) ပတ်လောက်အထိ အနားယူရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ ဆန်းချက်ဇ်ကို ဒဏ်ရာက အလျင်အမြန် ပြန်လည်သက်သာလာဖို့ မျှော်လင့်ပါတယ်"ဟု ပြောကြားခဲ့သည်။

ဆန်းချက်ဇ်သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်နေရသူဖြစ်သည်။

ဆန်းချက်ဇ်သည် မန်ယူအသင်းအတွက် ယခုရာသီပြိုင်ပွဲစုံ (၂၃) ပွဲတွင် (၂) ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။

Most Read

Most Recent