"ဒေ့ဗ်က အခါးသီးဆုံးပြိုင်ဘက်မဟုတ်ပါဘူး"

"ဒေ့ဗ်က အခါးသီးဆုံးပြိုင်ဘက်မဟုတ်ပါဘူး"
Photo : EMG
Photo : EMG
Published 15 December 2018

ထွန်းထွန်းမင်းနှင့် တွေ့ဆုံခြင်း

မေး - ဒေ့ဗ်နဲ့ပွဲအတွက် အဆင်သင့်ဖြစ်ပြီလား။

ဖြေ - ဒီပွဲအတွက် ကျွန်တော် (၃)လလောက် လေ့ကျင့်ခဲ့တယ်။ အဓိကပြင်ဆင်လိုက်ရတာကတော့ ကျွန်တော့်ရဲ့စိတ်ဓာတ်ပိုင်းနဲ့ ကြံ့ခိုင်မှုပါပဲ။ လက်ဝှေ့လောကကနေ တစ်နှစ်လောက် အနား ယူလိုက်ရတယ်။ ဆရာဝန်ကလည်း အပေါ့စားလေ့ကျင့်မှုတောင် မလုပ်ခိုင်းတော့ ကြံ့ခိုင်မှုပိုင်းမှာ လိုအပ်ချက်ရှိတယ်။ အဲဒီအပိုင်း ကို ပြန်လုပ်တယ်။ စိတ်ဓာတ်ပိုင်းကိုလည်း အများကြီးပြုပြင်ပြီး ပြင်ဆင်ထားတယ်။ ပွဲအတွက်ကတော့ အဆင်သင့်ပါပဲ။

မေး - ဒီပွဲမှာ ထွန်းထွန်းမင်းက ဒေ့ဗ်ကို ခက်ခက်ခဲခဲယှဉ်ပြိုင်ရမယ်လို့ သုံးသပ်နေကြတဲ့အပေါ် ဘာပြောချင်သလဲ။

ဖြေ - ပြိုင်ပွဲတိုင်းမှာ ဘယ်ပြိုင်ဘက်ကိုမှ အထင်သေးလို့မရပါ ဘူး။ သူနဲ့ နှစ်ပွဲထိုးဖူးတယ်။ ပထမပွဲမှာ သရေ၊ ဒုတိယပွဲမှာ ခြေထောက်အရွတ်ပြတ်ပြီး ရှုံးတယ်။ ပြောရရင် ဒေ့ဗ်က အကောင်းဆုံးပြိုင်ဘက်ထဲက တစ်ယောက်ပါ။ သူက မြန်မာလက်ဝှေ့ကို တော်တော်လေ့လာထားတယ်။ ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။

မေး - ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်နေကြတဲ့အပေါ်မှာရော ဘာပြော ချင်သလဲ။

ဖြေ - အွန်လိုင်းပေါ်ကကိစ္စတွေကို ကျွန်တော် ဂရုမစိုက်ဘူး။ ပေ (၂၀)ကြိုးဝိုင်းထဲမှာ ယောကျ်ားချင်းတွေ့မှာပါ။ ဘာလုပ်ပြနိုင်မလဲဆိုတာက အရေးကြီးပါတယ်။ အကြံ့ခိုင်ဆုံးနဲ့ အကောင်းဆုံးလုပ်ပြနိုင်တဲ့သူက သူရဲကောင်းပါ။ ဒီအချိန်မှာ ဘာမှမတုံ့ပြန် ချင်ဘူး။ သူတို့ ပိုဝေဖန်တိုင်း ကျွန်တော် ပိုလေ့ကျင့်ခဲ့ပါတယ်။

မေး - ဒီပွဲမှာရှုံးပြီး လက်ဝှေ့လောကက အနားယူသွားမှာ စိုးရိမ်နေကြ တဲ့သူတွေ ရှိတယ်။ အဲဒီလိုအမြင်တွေကို ဘယ်လိုတုံ့ပြန်မလဲ။

ဖြေ - ပြိုင်ပွဲမစခင်မှာ ရှုံးတာ၊ နိုင်တာကို ကျွန်တော် မပြောချင်ဘူး။ ကစားသမားတိုင်းက မရှုံးချင်ဘူး။ ဒါပေမဲ့ လက်ဝှေ့မှာ ပွဲအလှည့်အပြောင်း၊ ကံကြမ္မာအလှည့်အပြောင်းမှာ ချွတ်ချော်သွားတာ ရှိပါတယ်။ ဒုတိယမြောက်ပွဲမှာ ကျွန်တော် ဒီလိုမျိုးနဲ့ ရှုံးခဲ့ရတာပါ။ ဒီပွဲမှာ ကျွန်တော် နိုင်အောင်ထိုးမယ်။ ပွဲပြီးတဲ့အထိ ကျွန်တော် အကောင်းဆုံးယှဉ်ပြိုင်မယ်။ ချန်ပီယံဆုကို ပြန်ယူမယ်။ အသက်သေချင်သေသွားပါစေ။ အနိုင်ရအောင် ရေကုန်ရေခန်းထိုးသတ်မှာပါ။ ဒီပြိုင်ပွဲအတွက်ပဲ ကျွန်တော် ယုံကြည်မှုကို အကောင်းဆုံးဖြစ်အောင် ပြန်တည်ဆောက်ထားတယ်။ ကျွန်တော် နိုင်ချင်တယ်။

မေး - နည်းဗျူဟာပိုင်း အပြောင်းအလဲ၊ ထိုးသတ်ပုံအပြောင်းအလဲကို ဒီပွဲမှာ မြင်တွေ့ရဖို့ရှိသလား။

ဖြေ - ထိုးသတ်ပုံကို မပြောင်းလဲပါဘူး။ ပုံမှန်အတိုင်းပဲ ထိုးသတ် မှာပါ။ အရင်ပုံစံအတိုင်းပဲကစားလည်း ဒေ့ဗ်ကို နိုင်တယ်။ စိတ်ဓာတ်ပိုင်းကိုတော့ ပြင်ဆင်ထားတယ်။ အရင်ပွဲတွေမှာ နိုင်ချင်စိတ် အရမ်းများတယ်။ လောတယ်။ ဒီအချက်ကို ကျွန်တော် ပြင်ဆင်ထားတယ်။ ဒေ့ဗ်ရဲ့အားသာချက်က ခြေတံလက်တံရှည်တာ။ ဒါပေမဲ့ အရင်ပွဲမှာထိုးခဲ့တဲ့ ဆိုင်းယော့လောက် ပညာလည်း မကောင်းသလို ပါ၀ါလည်း မကောင်းပါဘူး။ သူ့ရဲ့အားနည်းချက်က ကျွန်တော်တို့မြန်မာတွေလို ဆိုင်ထိုးဖို့ကြောက်တယ်။ ယှဉ်ထိုးဖို့ကြောက်တယ်။ ဒီအချက်ကို ပြင်ဆင်ထားပြီးသားပါ။ ဒေ့ဗ် ကို အနိုင်ရဖို့ပဲ အာရုံစိုက်ထားတယ်။

မေး - ဒေ့ဗ်က အွန်လိုင်းပေါ်မှာ ဒီပွဲအတွက် စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတဲ့အပေါ် ဘာပြောချင်သလဲ။

ဖြေ - ပွဲတစ်ပွဲမှာ ပြိုင်ဘက်ကို ဆွနိုင်တယ်ဆိုတာကတော့ သူ့ရဲ့အားသာချက်ပေါ့။ သူလုပ်နိုင်တယ်။ သူ့ကို ချီးကျူးရမှာပါ။ မိုဟာမက်အလီရဲ့စာအုပ်ထဲမှာ သူဟာ ပြိုင်ဘက်ကို ဆွပြီးကစားတယ်။ ပြိုင်ဘက်ကလည်း ဒေါသထွက်လာတဲ့အတွက် သူ့ကို အားသုံးပြီး ပြန်ယှဉ်ပြိုင်တယ်။ အဲဒီတော့ တစ်ဖက်ကစားသမားက မိုဟာမက်အလီရဲ့ စိတ်ဓာတ်စစ်ဆင်ရေးမှာ ကျရှုံးသွားတယ်။ ကျွန်တော်ကတော့ ဒီလိုမျိုးအဖြစ်ခံမှာမဟုတ်ပါဘူး။

မေး - ဖြတ်သန်းခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ ဒေ့ဗ်က အခါးသီးဆုံး ပြိုင်ဘက်ဖြစ်နေသလား။

ဖြေ - ဒေ့ဗ်က အခါးသီးဆုံးပြိုင်ဘက်နေရာမှာ မရှိဘူး။ ဒေ့ဗ် နဲ့ထိုးတဲ့အချိန်မှာ ကျွန်တော့်မျက်နှာမှာ ဘာမှမဖြစ်ခဲ့ဘူး။ ဒဏ်ရာလည်း ကြီးကြီးမားမားမရခဲ့ဘူး။ ခြေထောက်ဒဏ်ရာကလည်း သူ့ကြောင့် ရခဲ့တာမဟုတ်ဘူး။ ဟိုးအရင် ဆိုင်းယော့နဲ့ထိုးတုန်းက (၆)လလောက် အနားယူရတဲ့ အထိ ဒဏ်ရာပြင်းပြင်းထန်ထန်ရဖူးတယ်။

မေး - ဖြည့်စွက်ပြောချင်တာ ရှိသလား။

ဖြေ - ပေ(၂၀)ကြိုးဝိုင်းထဲမှာ အဖြေပေါ်အောင် ယှဉ် ပြိုင်ကြမှာပါ။ အားပေးနေတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ချန်ပီယံခါးပတ် ပြန်ယူဖို့ ကျွန်တော် အဆင်သင့်ပါပဲ။

Most Read

Most Recent