ဦးဆောင်ဂိုးတွေကို မထိန်းနိုင်ခဲ့တဲ့ ဗီယက်နမ်

ဦးဆောင်ဂိုးတွေကို မထိန်းနိုင်ခဲ့တဲ့ ဗီယက်နမ်
Photo: AFP
Photo: AFP
Published 11 December 2018

 

■  မလေးရှား ၂-၂ ဗီယက်နမ်

၂၀၁၈ ဆူဇူကီးဖလား ပ-ကျော့ပွဲစဉ်မှာတော့ ဗီယက်နမ်အသင်းဟာ အဝေးကွင်းမှာ ဦးဆောင်ဂိုးတွေရခဲ့ပေမယ့် အိမ်ရှင် မလေးရှားအသင်းကို ချေပဂိုးတွေ ပြန်ပေးခဲ့ရပြီး (၂-၂)ဂိုးနဲ့ သရေကျခဲ့ပါတယ်။

မလေးရှားအသင်းဟာ အိမ်ကွင်းမှာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်တွေ ပိုရခဲ့တာဟာ ဗီယက်နမ်အသင်း ဖြစ်ပါတယ်။ ဗီယက်နမ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၂၂)မိနစ်မှာ ကွင်းလယ်လူ နုယင်ဟူဟွန်က ဂိုးဧရိယာအတွင်းထဲက ညာခြေနဲ့ ကန်သွင်းယူခဲ့ပါတယ်။

အဲဒီနောက် (၃)မိနစ်အကြာဖြစ်တဲ့ (၂၅)မိနစ်မှာ ဗီယက်နမ်တို့ ဒုတိယဦးဆောင်ဂိုးရခဲ့ပြန်ပါတယ်။ ကွင်းလယ်လူဖြစ်တဲ့ ဖန်ဒူဟူက သွင်းယူခဲ့တာ ဖြစ်ပါတယ်။

(၂)ဂိုးပေးလိုက်ရပြီးနောက်မှာတော့ မလေးရှားအသင်း တင်ကစားလာခဲ့ပြီး ပွဲချိန် (၃၆)မိနစ်မှာ ပထမချေပဂိုးရရှိခဲ့ပါတယ်။ ထောင့်ကန်ဘောကနေ ရှဟူဆက်ဒ်က ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ပထမပိုင်းမှာ မလေးရှားအသင်း အခွင့်အရေးတွေ ထပ်ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိလို့ ဗီယက်နမ်အသင်းက (၂-၁)ဂိုးနဲ့ ဦးဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ အိမ်ရှင် မလေးရှားအသင်းဟာ ချေပဂိုးရဖို့အတွက် ပိုမိုဖိကစားလာခဲ့တာကြောင့် ဗီယက်နမ်တို့ ခံစစ်ကို သေချာဂရုပြုကစားခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ပွဲချိန်မိနစ် (၆၀)မှာတော့ ဗီယက်နမ်တို့ အိမ်ရှင် မလေးရှားအသင်းကို ချေပဂိုး ပေးလိုက်ရပါတယ်။ 

မူဟာမတ်ဆဖာဝီရဲ့ ဖရီးကစ်ကန်ချက်ဟာ အရမ်းကောင်းမွန်ခဲ့တာကြောင့် ဗီယက်နမ်ဂိုးသမား တားဆီးနိုင်ခြင်းမရှိဘဲ ချေပဂိုး ပေးလိုက်ရတာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း နှစ်သင်းစလုံးဂိုးရဖို့ တိုက်စစ်ဖွင့် ကစားခဲ့ကြလို့ ပွဲဟာ ကြည့်ကောင်းခဲ့ပြီး ဗီယက်နမ်အသင်းက အခွင့်အရေးတွေရခဲ့သလို မလေးရှားအသင်းကလည်း အခွင့်အရေး ရခဲ့ပါတယ်။

ဒါပေမဲ့ နှစ်သင်းစလုံး မသုံးမချနိုင်လို့ (၂-၂)ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ ဗီယက်နမ်တို့ ဦးဆောင်ဂိုးတွေ ရပြီးမှ သရေကျခဲ့တာ စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် အဝေးဂိုး (၂)ဂိုး ရခဲ့တာကြောင့် အိမ်ကွင်းမှာ ကစားမယ့် ဒု-ကျော့ပွဲစဉ်အတွက် အခွင့်အရေး ပိုကောင်းသွားခဲ့ပြီဖြစ်ပါတယ်။

ဆူဇူကီးဖလားဗိုလ်လုပွဲ ဒု-ကျော့ပွဲစဉ်ကို ဒီဇင်ဘာ (၁၅)ရက်နေ့၊ ဗီယက်နမ်နိုင်ငံမှာ ကစားမှာ ဖြစ်ပါတယ်။

Most Read

Most Recent