မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် သွေးသစ်ဝင်းလှိုင် ONE Friday Fight 66 တွင် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာနှင့် ထိုးသတ်မည်

မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် သွေးသစ်ဝင်းလှိုင် ONE Friday Fight 66 တွင် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာနှင့် ထိုးသတ်မည်
Photo: ONE
Photo: ONE
Published 3 June 2024

မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် သွေးသစ်ဝင်းလှိုင်သည် ONE Friday Fight 66 တွင် ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ONE Friday Fight 66 ပြိုင်ပွဲကို လာမည့်ဇွန် ၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် တွဲဆိုင်း(၁၂) ဆိုင်း ပါဝင်မည်ဖြစ်ပြီး သွေးသစ်ဝင်းလှိုင်နှင့် ထိုင်းဖိုက်တာတို့၏ တွဲဆိုင်းမှာ ပွဲစဉ်(၅) တွင် ဖယ်သာဝိတ် (၁၅၇) ပေါင်တန်း၌ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်သည်။

ထို့ ကြောင့် သွေးသစ်ဝင်းလှိုင်၏ တွဲဆိုင်းမှာ ခန့်မှန်းမြန်မာစံတော်ချိန် ည ၈ နာ ရီခွဲဝန်းကျင်တွင် ယှဉ်ပြိုင်ထိုးသတ်ရဖွယ်ရှိနေသည်။

သွေးသစ်ဝင်းလှိုင်သည် ၎င်း၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် ONE Championship နှင့် လက်တွဲထိုးသတ်ခြင်းဖြစ်ကြောင်း သိရသည်။

ထွက် ပေါ်နေသည့်သတင်းများအရ ONE Championship ၏ CEO ဖြစ်သူ ချက်ထရီသည် ယခုပွဲတွင် သွေးသစ်ဝင်းလှိုင် အလဲထိုးဖြင့် အနိုင်ရရှိပါက အမေရိကန်ဒေါ်လာ(၁) သိန်းတန် စာချုပ်ချုပ်ဆိုဖွယ်ရှိနေကြောင်း သိရသည်။

သွေးသစ်ဝင်းလှိုင်သည် ယင်းပွဲထိုးသတ်ရန်အတွက် ပြီးခဲ့သည့်ဇွန် ၁ ရက်ကတည်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီး လေ့ကျင့်မှုများပြုလုပ်နေကြောင်း သိရသည်။

သွေးသစ်ဝင်းလှိုင်သည် နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့်ဧပြီ ၁၆ ရက်က မြဝတီမြို့ တွင် ကျင်းပပြုလုပ်သည့် မြန်မာ- ထိုင်း ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် အီရန်ဖိုက်တာ အလီခိုဒါရာမီနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

သွေးသစ်ဝင်းလှိုင်သည် ထိုင်းနိုင်ငံသားမွေထိုင်းဖိုက်တာနှင့် နောက်ဆုံးထိုးသတ်ခဲ့သည်မှာ ပြီးခဲ့သည့်ဇန်နဝါရီအတွင်းကဖြစ်သည်။

သွေးသစ်ဝင်းလှိုင်သည် ပြီးခဲ့သည့်ဇန်နဝါရီအတွင်း မြဝတီမြို့၌ ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် ထိုင်းဖိုက်တာ အိုရန်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

သွေးသစ်ဝင်းလှိုင်သည် နာမည်ကြီးမြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော် ထွန်းထွန်းမင်းနှင့် နှစ်ကြိမ်ထိုးသတ်ထားရာ အမှတ်ဖြင့် တစ်ကြိမ်အနိုင်ရပြီး တစ်ကြိမ်သရေကျထားသည်။

ထို့ကြောင့် မြန်မာ့ရိုးရာလက်ဝှေ့အသိုင်းအဝိုင်းက သွေးသစ်ဝင်းလှိုင်ကို လက်ရှိမြန်မာပြည်ချန်ပီယံအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

သွေးသစ်ဝင်းလှိုင်သည် ယခုနောက်ပိုင်း နာမည်ရလာသည့် လူငယ်မြန်မာ့ရိုးရာလက်ဝှေ့သမား ကျော်စွာဝင်းနှင့် နှစ်ကြိမ်ထိုးသတ်ထားရာ နှစ်ကြိမ်စလုံး သရေကျထားကြောင်း သိရသည်။

သွေးသစ်ဝင်းလှိုင်သည် မြန်မာ့ရိုးရာလက်ဝှေ့ ပွဲပေါင်း(၉၄) ပွဲ ထိုးသတ်ထားရာ (၅၁) ပွဲနိုင်၊ (၄၂) ပွဲသရေ၊  (၁) ပွဲရှုံး ရလဒ်ရရှိထားကြောင်း သိရသည်။

ယခုနောက်ပိုင်းတွင် ရိုးရာလက်ဝှေ့ကစားသမားများမှာ ONE Friday Fight တွင် သွားရောက်ထိုးသတ်လျက်ရှိသည်။

 

Most Read

Most Recent