ပရိသတ် (၁၀၀၀၀၀) ဝင်ဆံ့မည့် မန်ယူအသင်း၏ ကွင်းသစ်စီမံကိန်း အကောင်အထည်ပေါ်ရန် ပိုမိုနီးစပ်လာ

ပရိသတ် (၁၀၀၀၀၀) ဝင်ဆံ့မည့် မန်ယူအသင်း၏ ကွင်းသစ်စီမံကိန်း အကောင်အထည်ပေါ်ရန် ပိုမိုနီးစပ်လာ
Photos: SPORTbible & ESPN
Photos: SPORTbible & ESPN
Published 11 September 2024

 

မန်ယူအသင်း၏ ပရိသတ်တစ်သိန်း ဝင်ဆံ့မည့် ကွင်းသစ်စီမံကိန်းသည် အကောင်အထည်ပေါ်လာရန် ပိုမိုနီးစပ်လာလျက်ရှိကြောင်း သိရသည်။ မန်ယူအသင်းက လာမည့်နှစ်အတွင်း စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားသည့် ကွင်းသစ်စီမံကိန်းကို ဒေသတွင်းတာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။

မန်ယူအသင်း၏ ရှယ်ယာရှင်အသစ်ဖြစ်လာပြီး ဘောလုံးဆိုင်ရာကိစ္စများကို စီမံဆောင်ရွက်ခွင့်ရရှိခဲ့သည့် ဆာဂျင်ရက်ကလစ်ဖ်သည် ပရိသတ် (၁၀၀၀၀၀)ဝင်ဆံ့သည့် ကွင်းသစ်တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်။ အဆိုပါကွင်း သစ်တည်ဆောက်မှုမှာ ပေါင် (၂)ဘီလီယံဝန်းကျင် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး လက်ရှိ အိုးလ်ထရက်ဖို့ဒ်ကွင်းအား ပြင်ဆင်တည်ဆောက်ခြင်း သို့မဟုတ် အခြားနေရာသစ်၌ ကွင်းသစ်တည်ဆောက်ခြင်း ပြုလုပ်သွားရန် ရည်ရွယ်ထားရာ ယခုနှစ်ကုန်ပိုင်းတွင် ဆုံးဖြတ်ချက်ချမှတ်သွားနိုင်ရန် ဆာဂျင်ရက်ကလစ်ဖ်က လိုလားနေကြောင်း သိရသည်။ 

ယင်းအတွက် စတင်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိရာ ထရက်ဖို့ဒ်ကောင်စီနှင့် ဂရိတ်တားမန်ချက်စတာကောင်တီတို့က ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထရက်ဖို့ဒ်ကောင်စီ၏ အကြီးအကဲဖြစ်သူ ဆီဘက်စတီယန်ကိုးက ဒေသတွင်း တိုးတက်ဖွံ့ဖြိုးမှုရှိလာပြီး အကျိုးအမြတ်ဖြစ်ထွန်းစေမည့် စီမံကိန်းဖြစ်သောကြောင့် မန်ယူအသင်း၏ ကွင်းသစ်စီမံကိန်းကို ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ဂရိတ်တားမန်ချက်စတာ၏ မြို့တော်ဝန်ဖြစ်သူ အန်ဒီဘန်းဟမ်းကလည်း မိမိတို့ဒေသသည် ကမ္ဘာ့အကြီးဆုံး ဘောလုံးမြို့တော်တစ်ခု ဖြစ်လာရန် နီးစပ်နေကြောင်းနှင့် အိုးလ်ထရက်ဖို့ဒ်၏အနာဂတ်သည် နောက်ထပ်စာမျက်နှာသစ် ဖြစ်လာမည်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

မန်ယူအသင်း လက်ရှိအသုံးပြုနေသော အိုးလ်ထရက်ဖို့ဒ်ကွင်းသည် ပရီးမီးယားလိဂ်တွင် ပရိသတ်အများဆုံးဝင်ဆံ့သည့်ကွင်းအဖြစ် ရပ်တည်နေသော်လည်း ဆာဂျင်ရက်ကလစ်ဖ်က ဝင်ဘလေကွင်းနည်းတူ ပရိသတ် (၁၀၀၀၀၀)ကျော် ဝင်ဆံ့သည့်ကွင်းအဖြစ် တည်ဆောက်သွားရန် စီစဉ်နေခြင်း ဖြစ်သည်။ 

၎င်းက အင်္ဂလန်မြောက်ပိုင်း၏ ဝင်ဘလေကွင်းအဖြစ် တည်ဆောက်သွားရန် ရည်ရွယ်ထားခြင်းကြောင့် ကွင်းသစ်စီမံကိန်းကို "Wembley of the North" ဟုလည်း တင်စားနေကြသည်။ ကွင်းသစ်ကို နောက်ဆုံးပေါ်နည်းပညာများဖြင့် တည်ဆောက်သွားမည်ဟုလည်း သိရသည်။

Most Read

Most Recent