စစ်တောင်းမြစ်ရေကြီးခြင်းကြောင့် ရေတာရှည်မြို့နယ် သာဂရနှင့် ဆွာမြို့အကြား ရန်ကုန်-မန္တလေးကားလမ်းမ ပေါ်သို့ ရေကျော်မှု ဖြစ်ပွား

စစ်တောင်းမြစ်ရေကြီးခြင်းကြောင့် ရေတာရှည်မြို့နယ် သာဂရနှင့် ဆွာမြို့အကြား ရန်ကုန်-မန္တလေးကားလမ်းမ ပေါ်သို့ ရေကျော်မှု ဖြစ်ပွား
Published 12 September 2024

စစ်တောင်းမြစ်ရေကြီးခြင်းကြောင့် စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီခန့်မှစတင်၍ တောင်ငူခရိုင် ရေတာရှည်မြို့နယ် သာဂရနှင့် ဆွာမြို့ကြားရှိ ရန်ကုန်-မန္တလေး ကားလမ်းမဟောင်းပေါ်သို့ မြစ်ရေများ ကျော်လွန်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

လတ်တလောတွင် စစ်တောင်းမြစ်ရေမှာ ကားလမ်းမပေါ်သို့ ဒူးအနေအထားလောက်အထိ ကျော်လွန်ရောက်ရှိနေကာ မော်တော်ဆိုင်ကယ်များနှင့် အိမ်စီး ကားငယ်များ သွားလာနိုင်ရန် အဆင်မပြေဘဲ မော်တော်ယာဉ်ကြီးများသာ သွားလာ၍ ရကြောင်း ဒေသခံထံမှ သိရသည်။

ကားလမ်းမဟောင်းပေါ်ရေကျော်လွန်လာသည့်အခြေအနေနှင့်ပတ်သက်ပြီး

“ရေကျော်နေတာက သာဂရနဲ့ဆွာမြို့ကြား၊ သာဂရအဝင်နားက ကားလမ်းမပေါ်ကျော်နေတာပေါ့၊ အိမ်စီးကားတွေ သွားလို့မရတော့ဘူး၊ ဆိုင်ကယ်တွေလည်း သွားလို့မရတော့ဘူး၊ ဆိုင်ကယ်တွေကတော့ သွားချင်ရင် မောင်းပြီးသွားဖို့မလွယ်တာပေါ့၊ တွန်းပြီးသွားရင်တော့ ရသေးတယ်၊ အခုကတော့ ကားကြီးတွေပဲ သွားလို့အဆင်ပြေ ပါတော့တယ် ၊ တာဝန်ရှိတဲ့သူတွေလည်း ရေကျော်တဲ့နားမှာ ကူညီဆောင်ရွက်ပေးနေကြပါတယ်” ဟု သာဂရမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

တောင်ငူခရိုင်အတွင်း စစ်တောင်းမြစ်ရေမှာ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတိုင်းထွာချက်အရ ၅၈၂ စင်တီမီတာရှိရာမှ တဖြည်းဖြည်းမြင့်တက်လာကာ စက်တင်ဘာ ၁၂ ရက် နေ့လည် ၁၂ နာရီခွဲအချိန်တိုင်းထွာချက်အရ ၆၅၆ စင်တီမီတာအထိရှိလာပြီး တောင်ငူမြို့၏ စစ်တောင်းမြစ် စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာအထက် ၅၆ စင်တီမီတာ(၂ ပေခန့်) အထိ မြင့်တက်လာခဲ့သည်။

စက်တင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းမှစတင်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မြို့ခံပရဟိတအသင်းအဖွဲ့များက ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရပြီး အချို့ကျေးရွာနေပြည်သူများအား ညတွင်းချင်း ရွှေ့ပြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ရကြောင်း၊ စက်တင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းတွင် တောင်ငူမြို့နှင့် ထန်းတပင်မြို့သို့ဆက်သွယ်ထားသော ကားလမ်းမပေါ်နှင့် ကျေးရွာလမ်းများအထိ ရေကျော်လွန် ရောက်ရှိခဲ့ပြီး  စက်တင်ဘာ ၁၂ ရက်နေ့၌ မြစ်ရေထပ်မံမြင့်တက်လာကာ ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းမဟောင်းပေါ်အထိ ရေကျော်လွန်ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၏ စစ်တောင်းမြစ်ရေမှာ လတ်တလောတွင် စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာအထက် ၂ ပေခန့်ကျော်လွန်ရောက်ရှိနေပြီး တိုင်းတာမှုများအရ တစ်နာရီကြာလျှင် ၁ စင်တီမီတာခန့်တိုးလာ၍ မြစ်ရေမှာ ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးဇလတာဝန်ရှိသူမှခန့်မှန်းထားကြောင်း သိရသည်။

ထို့အပြင် တောင်ငူ စစ်တောင်းမြစ်အထက် ရေနီဇလဗေဒစခန်း၏ စက်တင်ဘာ ၁၂ ရက် နံနက် ၆ နာရီခွဲတိုင်းထွာချက် မှာ ၉၀၀ စင်တီမီတာ

ဖြစ်ပြီး နေ့လည် ၁၂ နာရီခွဲအချိန်တိုင်းထွာချက်မှာ ၉၆၅ စင်တီမီတာဖြစ်သောကြောင့် အချိန် ၆ နာရီခြားပြီးချိန် မြစ်ရေပြောင်းလဲမှုမှာ ၆၅ စင်တီမီတာ( ၂ ပေခန့်) ရှိကြောင်း၊ အထက်ရေနီမှ မြစ်ရေများ တောင်ငူသို့ရောက်ရှိရန် ကြာချိန်မှာ ယခုလိုမြစ်ရေအမြင့်ဆုံးအချိန်၌ ၈ နာရီမှ ၁၆ နာရီအတွင်း ဖြစ်ကြောင်း

တောင်ငူ စစ်တောင်းမြစ်အတွင်း မြစ်ရေထပ်မံဝင်ရောက်လာနိုင်သည့် အခြေအနေအား မိုးဇလတာဝန်ရှိသူမှ သုံးသပ်ထားသည်။

ဇော်ဝင်းချစ်(တောင်ငူ)

ပုံစာ - ရေတာရှည်မြို့နယ် ဆွာမြို့နှင့် သာဂရအကြား ရန်ကုန်-မန္တလေး ကားလမ်းမဟောင်းပေါ်သို့ ရေကျော်လွန်ရောက်ရှိနေသည်ကို စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီခန့် က တွေ့ရစဉ်။

Most Read

Most Recent