ပုဂံဟုဆိုလိုက်လျှင် အုတ်နီခဲရောင်များဖြင့် ပြည့်နှက်နေသည့် ပုဂံရှေးဟောင်း အဆောက်အအုံပေါင်းများစွာကို မြင်တွေ့ရမည် ဖြစ်သည်။ ဘုရားစေတီ၊ ရှေးဟောင်း အဆောက်အအုံပေါင်း ၃၈၃၇ ဆူရှိပါသည်။
နံရံဆေးရေးပန်းချီရှိသည့် ဘုရားပေါင်း ၄၁၆ ဆူအထိ ရှိသည်။ အဆောက်အအုံ၊ စေတီ၊ ပုထိုး၊ ဘုရားကျောင်းအများစုမှာ ၁၃ ရာစုမှ ၁၀ ရာစု လက်ရာများဖြစ်ပြီး ငါးရာစုနှစ်များအထိ ပါဝင်သည့်အဆောက်အအုံ အနည်းငယ်လည်းရှိသည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁၆ ရက်တွင် UNESCO က ပုဂံရှေးဟောင်းယဉ်ကျေးမှုမှု ဒေသတစ်ခုလုံးကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။
နှစ်ပေါင်း တစ်ထောင့်ငါးရာမှ အနည်းဆုံးနှစ်ပေါင်း ရှစ်ရာကျော် သက်တမ်းရှိခဲ့ပြီး ယခင်ကအဆောက်အအုံပေါ်တွင် မံထားသည့် သရွက်များမှာ ကွာကျကာ အုတ်နီရောင်အဆောက် အအုံများသာ ကျန်ရစ်တော့သည်။ ရာစုနှစ်ပေါင်းများစွာ မိုးနည်းခြောက်သွေ့ဒေသဖြစ်သည့်အတွက် အဆောက်အအုံပေါင်းများစွာ ယခုတိုင်အခြေမပျက် ကျန်ရစ်နေခြင်းဖြစ်သည်။
သို့ရာတွင် ယခုနောက်ဆုံးဆယ်စုနှစ်အတွင်း ပြောင်းလဲလာသည့်ရာသီကပ်ဘေးများက အဆိုပါအဆောက်အအုံများအတွက် တဖြည်းဖြည်းကြီးလာသည့် ရန်သူကြီးကို ရင်ဆိုင်နေကြရပြီဖြစ်သည်။
“အစွန်းရောက် မိုးလေဝသဘက် ပြောင်းနေသည့် ပုဂံ“
''ဒီနှစ်နွေပူလိုက်တာ။ ဘောစကိုင်း၊ တမာ၊ မန်ကျည်းရွက်တွေ အစိမ်းလိုက်ကြွေတာ။ ပူတာနေစရာနေရာ လည်းမရှိဘူး။ ပြောနေကြတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက ကန္တာရ ဖြစ်မှာဆိုလား။ အဲဒါတွေ တကယ်ဖြစ်လာနိုင် တယ်နော်'' ဟု ပုဂံအနီးက မင်းနန်းသူရွာဇာတိသား အသက် ၆၀ ကျော် တောင်သူဦးညိုက ဆိုသည်။
၂၀၂၄ ခုနှစ် ဧပြီလ တစ်လလုံး အပူချိန်မြင့်တက်ခဲ့ရာ ဧပြီ ၁၉ ရက်နေ့မှ စတင်ထိုးတက်လာသည့် အပူချိန်က ၂၈ ရက်နေ့တွင် ၄၆ ဒီဂရီ စင်တီဂရိတ် အထိရောက်ရှိခဲ့ပြီး စံချိန်ချိုးခဲ့သည်။ ညောင်ဦးမြို့ရှိ ပုဂံသည် ၂၀၂၄ ခုနှစ် ကမ္ဘာ့အပူဆုံး မြို့စာရင်းတွင် ၁၀ ရက်ကျော်ကြာ ရပ်တည်ခဲ့သည့် ချောက်မြို့နှင့်လည်း ၂၁ မိုင် သာဝေးသည်။ ပုဂံဒေသကိုယ်တိုင်ပင် ကမ္ဘာ့အပူဆုံးမြို့စာရင်းတွင် ယခုနှစ်တွင် ငါးရက်ပါဝင်ခဲ့သည်။
အပူပြင်းလာသည့် ရာသီဥတုအပြင် မိုးရွာသွန်းမှုပုံစံပြောင်းလာသည့်ဒဏ်ကိုလည်း ပုဂံက ခံနေရသည်။ ညောင်ဦး မိုးဇလရုံး၏ မှတ်တမ်းများအရ ၁၉၉၄ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ (၁၀ နှစ်တာကာလအတွင်း) ၂၄ နာရီအတွင်း မိုးရေချိန် သုံးလက်မအထက် (မိုးသည်းထန်) ရွာသွန်းမှုမှ နှစ်ကြိမ်သာရှိခဲ့ပြီး ၂၀၀၄ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဒုတိယ ၁၀ နှစ်ကာလတွင် ၂၄ နာရီအတွင်း သုံးလက်မအထက် ရွာသွန်းမှု ခြောက် ကြိမ်အထိ တိုးလာခဲ့သည်။
မိုးရွာရက်ကို ကြည့်လျှင် ပထမ ၁၀ နှစ်တာအတွင်း မိုးရွာရက် ၄၅၁ ရက်၊ မိုးရေချိန် ၂၂၄ ဒသမ ၃၄ လက်မရှိပြီး ဒုတိယ ၁၀ နှစ်တာတွင် မိုးရွာရက် ၄၄၂ ရက်၊ မိုးရေချိန် ၂၆၈ လက်မရှိသည်။
ပထမ ဆယ်စုနှစ်နှင့် ဒုတိယ ဆယ်စုနှစ် နှိုင်းယှဉ်ရာတွင် မိုးရွာရက်နည်းပါးလာသော်လည်း မိုးရေချိန် လက်မ တိုးလာသည်ကိုလည်း တွေ့ရသည်။ မိုးသည်းထန်ရွာသွန်းမှုအကြိမ်ရေလည်း များလာသည့်အပြင် မိုးရေချိန်လည်းတိုးလာခဲ့သည်။ ဤသည်မှာ ရာသီဥတုပြောင်းလဲသည့် ပုံစံတစ်ခုဖြစ်သည့် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာသည်ကို ပုဂံက ခံစားနေရကြောင်း သက်သေပြနေသည်။
ညောင်ဦး မိုးလေဝသနှင့် ဇလဗေဒဌာနတွင် နှစ်ပေါင်း လေးဆယ်ကျော် အမှုထမ်းခဲ့ပြီးနောက် အငြိမ်းစားယူခဲ့သူ ဦးသန်းညွန့်က ပုဂံ ရာသီဥတုပြောင်းခြင်းကို ၁၉၉၀ ဝန်းကျင်လောက်ကတည်းက ခံစားနေရကြောင်း ဆိုသည်။
''ဒီအရပ်က မိုးခေါင်ရေရှား အရပ်ကိုး။ မိုးရေချိန် ကိုးလက်မ ကျော်ရုံရတဲ့နှစ်တွေ ရှိတယ်။ နယ်တွေသွားရင် ထန်းရည်အဝသောက်ရတာ အားမနာရဘူး။ရေတစ်ခွက် တောင်းသောက်ရမှာ စိတ်လေးတယ်။ မိုးရေချိန် သုံးဆယ်လက်မကျော်တာ ဆယ်စုနှစ်ချီတယ်။ အခုက အပူချိန်တွေလည်း စံချိန်ချိုးလာတယ်။ မိုးရေချိန်လည်း လက်မ ၄၀ ကျော်တာတွေ သုံးလေးနှစ်ဖြစ်ကုန်ပြီ။ ၂၀၁၁ ခုနှစ်နောက်ပိုင်းမှ ဘုရားဝင်း ရေတင်တာ မြင်ဖူးတာ'' ဟု ပုဂံမြေ၏ ပြောင်းလဲလာသည့် အခြေအနေကို ပြောပြသည်။
နိုင်ငံအနှံ့ရေကြီးခဲ့သည့် ပြီးခဲ့သည့်ဇူလိုင်လတွင် ဧရာဝတီမြစ်ရေ၏ ညောင်ဦးမြို့စိုးရိမ်ရေမှတ်သည် ၂၁၂၀ စင်တီမီတာကို ကျော်လွန်ကာ ၁၅ ရက်အထိ ရေကြီးမှုဖြစ်ပေါ်ခဲ့သည်။
အမြင့်ဆုံးရေအမှတ်မှာ ၂၂၈၀ စင်တီမီတာဖြစ်ပြီး၂၀၁၆ ခုနှစ်က စံချိန်တင်ခဲ့သည့် ၂၂၉၂ စင်တီမီတာအောက် ၁၂ စင်စီမီသာ လျော့နည်းခဲ့သည်။
ထို့ကြောင့် အနိမ့်ပိုင်းရှိ ပုဂံရှေးဟောင်းဘုရားများ၏ စေတီငယ်အချို့တွင် ဘုရားဝင်းအတွင်း ရေဝင်ခဲ့ပြီး ကြီးမားသည့်ထိခိုက်မှုတော့ မရှိခဲ့ကြောင်း ရှေးဟောင်း သုတေသန ညွှန်ကြားမှု ဦးစီးဌာနက ဆိုသည်။
''မုန်တိုင်းနှင့် မိုးကြိုးဒဏ်ပါ ခံလာရ''
ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံပေါင်း ၃၈၃၇ အနက် ၄၁၆ ခုတွင်နံရံဆေးရေးပန်းချီများ ရှိသည်။ ရှေးဟောင်း မြန်မာ့ပန်းချီပညာရပ်ဖြစ်သည့် တစ်ကြောင်းဆွဲမျဉ်းဖြင့်ရေးခြယ်ထားခြင်းဖြစ်သည်။ ဂူဘုရား၊ သိမ်၊ အုတ်ကျောင်းတို့တွင် တွေ့ရသည်။ နံရံကို အင်္ဂတေကိုင်ပြီးနောက် ထုံးသုတ်ပြီး ပန်းခြယ်ထားခြင်းဖြစ်သည်။ မြေမှုန်ညက်သုတ်ပြီး ပန်းချီဆွဲသည်။
နှစ်ပေါင်း တစ်ထောင်ဝန်းကျင် ကြာမြင့်ခဲ့ပြီဖြစ်ရာ မြေငလျင်ကြောင့်လည်းကောင်း၊ မိုးရေကြောင့်လည်းကောင်း၊ အလင်းနှင့်လေကြောင့်လည်းကောင်း၊ သဒ္ဓါလွန်ကဲသူများ၏ ရွှေသင်္ကန်း၊ ထုံးသင်္ကန်း ထပ်မံသုတ်မှုကြောင့်လည်းကောင်း ပျက်စီးခဲ့သည်။
နံရံဆေးရေး ပန်းချီတို့၏သဘာဝ ရန်သူမှာ ငလျင်နှင့် မိုးရေဖြစ်သည်။ ငလျင်ကအဆောက်အအုံများကို အက်ကြောင်းများ ကျန်စေခဲ့သည်။ မိုးရေက စိမ့်ဝင်ကာ ယင်းပန်းချီလက်များကို မှေးမှိန်ပျောက်ကွယ် စေသည်။ ပြီးခဲ့သည့်နှစ်က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းအပြီးတွင် ဘုရားခြောက်ဆူရှိ နံရံပန်းချီများ ထိခိုက်ခဲ့သည်။
ပုဂံရှေးဟောင်းဘုရားများတွင် ရှေးဟောင်းသုသေတနညွှန်ကြားချက်နှင့်အညီဘုရားပန်းရံ လုပ်ကိုင်နေသူ ဦးဝင်းက ''မိုခါဝင်တော့မယ်ဆိုတော့ ရှိသမျှ အဖွဲ့တွေ အားလုံးနေ့၊ ညအသင့် နေရတာ။ ဒီက ပန်းရန်အဖွဲ့တွေ အားလုံး နေ့ညမနားကြရဘူး။ ကျွန်တော်က အာနန္ဒာအုတ်ကျောင်းမှာ စောင့်ရတာ။ သူက အရင်ကတည်းက အမိုးလုပ်ထားတော့ မထိဘူး။ အမိုးကို ထပ်ပြင်ရပေမယ့် မထိဘူး။ အခြားဘုရား (ကျောင်း) တွေကထိတာပေါ့။ ရေဝင်လိုက်၊ ရေငွေ့ ရိုက်လိုက်နဲ့။ တချို့အဆောက်အအုံတွေက အောက်ခြေလေးဘက်စလုံး ထိတော့ မြေပေါ်ပုံကျသွားတာလေ။ နောက်ထပ် ဒီလိုထပ်ဝင်ရင်တော့ အချို့အဆောက်အအုံတွေအတွက် မလွယ်ဘူးဗျ'' ဟု ဆိုသည်။
မိုခါဝင်သည့် တစ်ပတ်အတွင်း မီးသတ်အဖွဲ့ဝင်များ၊ လူငယ်အဖွဲ့များ နားချိန်မရခဲ့ကြောင်း မီးသတ်လူငယ်တစ်ဦးက ဆိုသည်။
''အညာအပင်တွေက အမြစ်တွေက အပေါ်ပိုင်းပဲပြန့်နေတာ။ ရေဝတော့ တစ်လမ်းကြောလုံးလည်းပိတ်။ အဲဒါရှင်းနေတုန်း တောင်ကျရေကြီး။ ဘုရားဝင်းတွေ ရေနစ်။ ဆက်တိုက်ကို ဖြစ်သွားတာ။ ဒီဌာနမှာတော့ အဲဒီလို အဖြစ်မျိုး ကြုံးဖူးကြတဲ့လူကို မရှိတာ'' ဟု ဆိုသည်။
ယခင်ကာလများက မုန်တိုင်းမိုးများ ရရှိခဲ့သော်လည်း ယခုကဲ့သို့ ရက်ရှည်မိုးကြီးခဲ့ခြင်းများ မရှိကြောင်း ဒေသခံများနှင့်မှတ်တမ်းများက ဆိုသည်။ ကနဦး ရှေးဟောင်းအဆောက်အအုံ ပျက်စီးမှု ရှစ်ဆူ၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှု ၄၅ ဆူ၊ နံရံပန်းချီနှင့် အင်္ဂတေပန်းထိခိုက်ပျက်စီးမှု ခြောက်ဆူ စုစုပေါင်းရှေးဟောင်းအဆောက် အအုံ၊ စေတီ ၅၉ ခု ထိခိုက်ခဲ့ပျက်စီးခဲ့သည်။
ဘုရားဝင်း ၁၅ ဝင်းတွင် ရေဝပ်ခဲ့ရပြီး ရေစုပ်စက်များဖြင့် စုပ်ထုတ်ခဲ့ရသည်။ ရှေးဟောင်းသုသေတန ဌာနက ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက '' ပြင်ဆင်တာကတော့ အားလုံးပြီးသွားပါပြီ။ အရင်ကတော့ ဒီလောက် အရေအတွက် မများခဲ့ဘူး။ ပုဂံအဆောက်အအုံတွေ ဘာကြောင့်နှစ်ပေါင်းများစွာ ကြာရှည်ခံသလဲဆိုတဲ့ အဖြေက မိုးနည်းရပ်ဝန်း ဒေသဖြစ်လို့ပါပဲ။ အဆောက်အအုံတွေ အားလုံးနီးပါးက အရင်က သရွက် (ပလာစတာ) အုပ်ခဲ့တယ်။ အခုတော့ နေဒဏ် ၊ မိုးဒဏ် တွေကြောင့် ကွာကျကုန်ပြီ။ ပူလွန်းတာ၊ မိုးများလာတာ ဘယ်လိုအစွန်းရောက်ရောက်ပြောင်းလဲတာတွေက ရှေးဟောင်း အဆောက်အအုံတွေ အတွက် အထိခိုက်အန္တရာယ် ရှိလာတာပေါ့” ဟုဆိုသည်။
ယင်းအပြင် ၂၀၂၃ ခုနှစ် ဇွန် ၆ ရက်နေ့တွင် ဗူးဘုရား၊ စက်တင်ဘာ ၁၇ ရက်နေ့တွင်ဓမ္မရာဇက စေတီတို့လည်း မိုးကြိုးပစ်ခံရသည်။ ယင်းဖြစ်စဉ်ကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဦးစီးဌာန၊ ရှေးဟောင်းသုသေတနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ညွှန်ကြားချက်အရ အထွေထွေ အုပ်ချုပ်ရေးနှင့် ဆက်စပ်ဌာနများ ကွင်းဆင်းခဲ့ရသည်။
ရှေးဟောင်းလက်ရာ ထူးခြားကျန်ရှိမှုနှင့် ဉာဏ်တော်မြင့်မားပြီး ထုထည်ကြီးသည့် ဘုရား ၂၂ ဆူအနက် ၁၁ ဆူတွင် မိုးကြိုးလွဲများတပ်ဆင်ခဲ့ရသည်။
''နံရံဆေးရေးပန်းချီများကို ခြိမ်းခြောက်နေသည့် ရေငွေ့နှင့် မိုးရေ''
''ဒီနံရံဆေးရေးတွေက ရေကို အကြောက်ဆုံးပဲ။ ရေထိရင် ဆေးပြယ်ပြီးဖြူသွားရော။ ဘာနည်းပညာနှင့်မှ ကယ်လို့ မရတော့ဘူး'' ဟု အမိုးခုံးအက်ကြောင်းမှ ရေဝင်ပြီး အဖြူကွက်ဖြစ်နေသည့် နေရာကို ဦးထွန်းနိုင်က ပြသသည်။
သူက ရွာဟောင်းကြီးဘုရားက နံရံဆေးရေးပန်းချီတွေကို အိန္ဒိယနိုင်ငံ SIR (ArchaeologicalSurvey of India) အကူအညီဖြင့် ပြုပြင်ထိန်းသိမ်းရေးမှာ ပါဝင်နေခြင်း ဖြစ်သည်။ ထိုလုပ်ငန်းမှာ ပါဝင်လုပ်ဆောင်နေသည်ပင် ဆယ်စုနှစ်ဝန်းကျင်ရောက်လာခဲ့ပြီဖြစ်သည်။
၁၁ ရာစု၊ ၁၂ ရာစု အစောပိုင်းဘုရားတွေက နံရံတွင် သရွက် (ပလာစတာ) ကိုင်ပြီးပါက ထုံးခံပြီးရေးဆွဲခြင်းဖြစ်ပြီး ၁၃ရာစု နောင်းပိုင်းကျသည့်ဘုရားများက မြေညက်မှုန့်ခံပြီး ရေးဆွဲကြောင်း သူက ရှင်းပြသည်။
''ရေငွေ့ကျတော့ မြေညက်မှုန့်က ပိုကြောက်တယ်။ ရေငွေ့ဝင်ပြီး ကန်လာရင်အဲဒီပန်းချီနေရာက ဖောင်းလာရော။ အဲဒါကို ကျွန်တော်တို့က နံရံနဲ့ ပန်းချီကြားမှာ ဆွဲဖို့ ဆေးထည့်ရတယ်။ ရေ၊ နေရောင်၊ လေတိုက်ရိုက်ကျတဲ့ ပန်းချီကတော့ ပျက်တာများတယ်'' ဟု ယင်းကဆိုသည်။
Myanmar Agricultural Statistics ၏ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၁၀ နှစ်တာ စစ်တမ်းတွင်လည်း ပုဂံ၊ ညောင်ဦးဒေသ၏ တစ်နှစ်ပျှမ်းမျှရေငွေ့စိုထိုင်းဆ (Mean Relative Humidity Percent) သည် ၅၀ ကျော်မှ ရဝကျော်အထိ ရောက်ရှိလာသည်ကိုလည်း တွေ့ရသည်။
တစ်နှစ်ပျှမ်းမျှ စိုးထိုင်းဆများကို ယင်းသုသေတနမှတ်တမ်းအရ ၂၀၁၄ ခုနှစ်တွင် ၅၆ ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်းကျော်အထိ ရောက်ရှိလာသည်ကိုတွေ့ရသည်။ စိုထိုင်းဆ များလာခြင်းမှာ ရေဝပ်ဧရိယာ မရှိခြင်းကြောင့် အငွေ့ပျံနိုင်ခြေများပြီး ပုဂံရှေးဟောင်းဇုန်အတွင်း ယခင်ထက်သစ်ပင်ပိုစိုက်ခြင်းကြောင့် ဖြစ်နိုင်သည့်အတွက်သုတေသန ပြုရန်လိုအပ်ကြောင်း ညောင်ဦးမိုးဇလဌာနက ဦးစီးမှူး ဒေါ်ခင်လှနုက ဆိုသည်။
''စိုထိုင်းဆတက်တာက သစ်ပင်တွေ ထူထပ်လာတာကြောင့်လည်း အကြောင်းအရင်းတစ်ခု ဖြစ်မယ်။ မကွေးလို ဒေသနဲ့ နှိုင်းယှဉ်ရင် အရင် ၁၀ နှစ်ကျော်ကတည်းက အဲဒီမှာ မပြောင်းပေမဲ့ ဒီပုဂံမှာတော့ အတက်ဘက်ကို သွားနေတယ်။ အခြားအကြောင်းတွေဖြစ်တဲ့ ဒေသတွင်း ဆက်စပ်ဧရိယာတွေရဲ့ ပြောင်းလဲမှု၊ ကမ္ဘာ့ရာသီ ပြောင်းလဲမှုတွေလည်း အသေးစိတ် လေ့လာဖို့လိုတယ်။ ဒီမှာက ပုပား္ပတောင် စိမ်းလန်းစိုပြည်ရေးတွေနဲ့လည်း တစ်ဆက်တစ်စပ်တည်း ဖြစ်သွားတယ်လေ ''ဟု ဆိုသည်။
ပုဂံနှင့် အတူ မြန်မာ့အပူပိုင်းဇုန်တွင် ကျရောက်နေသည့် မကွေးမြို့နှင့် နှိုင်းယှဉ်ပါက ပုဂံသည် မိုးရေချိန် နည်းသော်လည်း စိုးထိုင်းဆမှာ တစ်ဟုန်ထိုး တက်လာသည့် အခြေအနေဖြစ်သည်။ ပုဂံသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆယ်စုနှစ်အတွင်း မိုးရေချိန် ၆၃၈၇ မီလီမီတာ၊ တစ်နှစ် စိုထိုင်းဆ ပျှမ်းမျှ ၆၆ ဒသမ ၉ ရာခိုင်နှုန်းရှိသည်။ မကွေးမြို့သည် ယင်းဆယ်စုနှစ်အတွင်း မိုးရေချိန် ၉၉၁၅ မီလီမီတာ၊ တစ်နှစ် စိုထိုင်းဆ ပျမ်းမျှ ၆၇ ဒသမ ၉ ရာခိုင်နှုန်းသာရှိပြီး စိုးထိုင်းဆအနည်းဆုံးနှစ်မှာ ၆၅ ရာခိုင်နှုန်းဖြစ်ပြီး အများဆုံးမှာ ၆၉ ရာခိုင်နှုန်း (ငါးနှစ်ဆက်တိုက်) ဖြစ်ကြောင်း Myanmar Agricultural Statistics ၏ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၁၀ နှစ်တာ စစ်တမ်းတွင် ဖော်ပြထားသည်။
ကမ္ဘာ့အပူချိန်တိုးလာမှုကြောင့် (Climate Change) ရာသီပြောင်းလဲသည့် ဖြစ်စဉ်များကို တစ်ကမ္ဘာလုံး ခံစားနေကြရကြောင်း၊ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲခြင်းကြောင့် ထိခိုက်နိုင်မှုအမြင့်ဆုံးဖြစ်သည့် အဆင့် ၁ မှ ၅ ကြား နိုင်ငံများထဲတွင် နှစ်တိုင်းပါဝင်နေသည်။ ယင်းအပြင် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသမှာ မိုးရေချိန်ပိုမိုလာမည်ဖြစ်ကြောင်းကိုလည်း မြန်မာ့မိုးလေဝသပညာရှင်များက ပြောကြားထားကြသည်။
မိုးလေဝသ ပညာရှင် ဦးလှထွန်းက ''ပုဂံ အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်း မိုးနည်းရပ်ဝန်းတွေက ကမ္ဘာ့မိုးလေဝသပညာရှင်အဖွဲ့ ခန့်မှန်းချက်က နှစ်တစ်ရာအတွင်းမှာ မိုးများလာမယ်။ အခုနောက်ပိုင်း ပုဂံဘက်မိုးများလာတာက ပုပ္ပား၊ ကျောက်ပန်းတောင်း၊ ပုဂံဒေသမှာ စိမ်းလန်းစိုပြည်ရေးတွေ လုပ်လာကြတော့ ပိုပြီးသစ်ပင်တွေ ထူထပ်လာတာကြောင့်လည်း ပါတယ်။ မိုးများ၊ သစ်ပင်များရင် ရေငွေ့လည်း များလာတာပဲလေ'' ဟု ဆိုသည်။
ပုဂံဒေသအတွက် ထိန်းသိမ်းရေးလုပ်ဆောင်ပေးနေသည့် Future Bagan အဖွဲ့က ကိုမြင့်နိုင်က ''အဆောက်အအုံတွေက ရာသီဥတု ပြောင်းလဲမှုဒဏ်ကိုတော့ ခံရတယ်။ စံချိန်ချိုးအောင် ပူခဲ့တာမျိုးလည်း အရင်က မခံရဘူး။ စံချိန်တင် မိုးဒဏ်လည်း မခံရဘူးလေ။ မိုးရေကျတော့ အစ်ဆစ်၊ ဆား ပါမယ်။ ဘက်ပေါင်းစုံက စိမ့်မယ်။ ပူလာရင် ရတဲ့နေရာက တွန်းထွက်လာမယ်။ အဲဒီကျိတော့ နံရံ ဆေးရေးပန်းချီတွေက အရောင်းပြောင်းမယ်။ ကွာမယ်။ အခုနှစ်ပိုင်းတွေ ထူးခြားတာက ဘုရားတွေမှာ ရေညှိတက်တာ များလာတယ်။ ကြာလာတယ်'' ဟု သုံးသပ်သည်။
''မိုးကြီးလျှင် စိုးရိမ်နေရသည့် သဗ္ဗညု''
ပုဂံအတွက် ထင်ရှားသည့်ဆိုရိုးမှာ ''အနုမှာ အာနန္တာ၊ ထုမှာ ဓမ္မရံ၊ ဉာဏ်တော် သဗ္ဗညု '' ဖြစ်သည်။ အနုလက်ရာများတွင် အာနန္ဒာဘုရားက အကောင်းဆုံးနှင့် အထင်ရှားဆုံးဖြစ်သည်။ ထုထည်အကြီးဆုံးက ဓမ္မရံကြီးဘုရားဖြစ်သည်။ ဉာဏ်တော် အမြင့်ဆုံးမှာ သဗ္ဗညုဘုရား ဖြစ်သည်။ ဖိနပ်တော်မှ ငှက်မြတ်နားအထိ အမြင့်ပေ ၂၀၁ ပေရှိသည် ။ ပထမ စည်သူမင်း၏ ကောင်းမှုဖြစ်ပြီး ခရစ်နှစ် ၁၁၄၅ ခုနှစ်တွင် တည်သည်။
လေးထပ်ဖြစ်ပြီး အခြားစေတီ၊ ပုထိုးများကို လွှမ်းမိုးနေသည့် ပုံဖြစ်သောကြောင့် ပုဂံမျှော်စင်ဟု တင်စားကြသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သဗ္ဗညုဘုရား၏ အပေါ်ပိုင်းတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သောကြောင့် အထက်ပစ္စယံကို ငြမ်းဆင်ပြီး သံကြိုးနဲ့ တွဲထားရသည်။ ယင်း၏သက်ရောက်မှုများက အမြင့်နှင့် ထုထည်ကြီးသည့် သဗ္ဗညုဘုရားအတွက် အန္တရာယ်ရှိနိုင်သည့် အနေအထား ဖြစ်နေခြင်းဖြစ်သည်။
''ကျွန်တော်တို့က မိုးကြီးရင် ဘုရားကြီးထဲ မနေရဲကြဘူး။ ဘုရားကြီးက လေးဘက်လေးတန် သရွက်တွေက ဟနေကုန်ပြီ။ မိုးရွာရင် အထဲမှာ အုတ်ခဲတွေကို ပေါင်းထားသလို ဖြစ်တာပေါ့။ အခု မုတ်သုံ အဝင်လေး မိုးနည်းနည်းရွာတာ အထက်ပစ္စယံက သရွက်တွေ ကွာကျတယ်။ အောက်ခြေအုတ်တွေက မွနေတာ။ အပေါ်ပိုင်းကနေ အက်ကြောင်းတွေ ဆင်းလာတယ်။ အထက်ပစ္စယံကို ငြမ်းဆင်ပြီး သံကြိုးနဲ့ တွဲထားရတာ'' ဟု ဘုရားမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၂၀၁၈ ခုနှစ်က ထုတ်ဝေသည့် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဘက်စုံလုပ်ငန်းများ အစီအစဉ်မှတ်တမ်းတွင် သစ်ပင်များကြောင့် အရိပ်များရခြင်းနှင့်အတူ စိုးထိုင်းစများ တိုးပွားကာ သွယ်ဝိုက်ထိခိုက်မှုများ၊ မြေအောက်ရေ အတိအနက်ကို ထိခိုက်နိုင်ကြောင်း၊ ကမ္ဘာ့ရာသီဥတုဖောက်ပြန် မှုများ (ရေကြီးခြင်း၊ မုန်တိုင်းများနှင့် မိုးများခြင်း) တို့၏ သက်ရောက်မှုများကို စောင့်ကြည့်လေ့လာကြရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
''မိုးရေထိန်းဖို့ ကန်ဟောင်းကြီးတွေပြင်နေ''
ပုဂံမှာ ၂၀၁၁ မတိုင်မီက မိုးရေလွှမ်းသည့် ကိစ္စမှာ မကြုံဖူးသည်ကိစ္စဖြစ်သည်။ ၂၀၂၃ မိုခါမုန်တိုင်းကာလတွင် ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရသည်။ ယင်းဖြစ်ရပ်မျိုး ထပ်မံမကြုံတွေ့ရန် ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခု၏ ဆောင်ရွက်ရမည့် ရှေးဟောင်းရေစီမံခန့်ခွဲမှုဆိုင်ရာ သုတေသနလုပ်ငန်းအရနှင့် နိုင်ငံတော်၏ စီမံချက်အရ ကမ္ဘာ့အမွေအနှစ်ဒေသတွင်းရှိ ရှေးဟောင်းရေကန်များနှင့် ရေလမ်းကြောင်းများကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းပြုပြင်ရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း တွေ့ရသည်။
ယင်းလုပ်ငန်းစဉ်ကို ရှေးဟောင်းသုတေသနဌာနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနတို့ ပူးပေါင်းကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နိုဝင်ဘာမှ ဒီဇင်ဘာလအတွင်း ကွင်းဆင်းကာ ရေကန်ပေါင်း ၁၀၆ ကန်ကို အသေးစိတ် မှတ်တမ်းတင်ခဲ့ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။ ၁၀ ဧက အထက် ငါးကန်၊ ၁၀ ဧကနှင့် ငါးဧကကြား ခြောက်ကန်၊ ငါးဧကအောက် ရေကန် ၉၅ ကန် ဖြစ်ကြောင်း ရှေးဟောင်းသုတေသန မှတ်တမ်းအရ သိရသည်။
ပုဂံရှေးဟောင်း သုတေသနဌာနမှ ညွှန်ကြာရေးမှူး ဦးကျော်မျိုးဝင်းက ''မိုခါမုန်တိုင်းမှာ ရေဝပ်ဘုရားဝင်းတွေကို ရေဝပ်ရတဲ့ အကြောင်းအရာရှာပြီး ရေလွှဲမြောင်းလုပ်တယ်။ ရေထွက်ပေါက် ပိတ်တဲ့နေရာဖွင့်တယ်။ ရေစီးရေလာကောင်းအောင် လုပ်ထားခဲ့ပြီ။ ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်နိုင်တာတွေကို UNESCO နှင့် ပူးပေါင်းလုပ်တယ်။ မနှစ်က မိုးများပြီး အထိအခိုက်တွေ ဖြစ်တော့ ရှေးဟောင်းကန်တွေ ဆယ်တယ်။ သုတေသနတွေ လုပ်တယ်" ဟု ပြောကြားသည်။
ယင်းကဲ့သို့ ပြုပြင်ရာတွင် အီတလီနိုင်ငံ University of Marche မှ ရှေးခေတ်ရေစီမံခန့်ခွဲမှုကျွမ်းကျင်ပညာရှင် Dr.Massimo Sarti ၏ အကြံပြုချက်နှင့်အညီ ယဉ်ကျေးမှု အမွေအနှစ်ကိုလည်းကောင်း၊ ပတ်ဝန်းကျင် သဘာဝအမွေအနှစ်ကိုလည်းကောင်း၊ မြေဆီလွှာကိုလည်းကောင်း မထိခိုက်စေဘဲ ကမ္ဘာ့အမွေအနှစ်ဒေသများတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အမွေအနှစ် ထိခိုက်နိုင်မှုဆန်းစစ်ချက် (HeritageImpact Asseddment,HIA ) ဆောင်ရွက်ခြင်း၊မူလရေကန်၏ စစ်မှန်မှု သွင်ပြင်လက္ခဏာ မပျက်ယွင်းစေခြင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာ တန်ဖိုးမပျောက်ပျက်စေခြင်း၊ မြေဆီလွှာဆန်းစစ်ချက်ဆောင်ရွက်ခြင်း၊ စမ်းသပ်ကျင်းတူးဖော်ခြင်း၊ ယင်းရလဒ်များကို အခြေခံ၍ ယန္တရားငယ်၊ လူအင်အားဖြင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်နေကြောင်း ရှေးဟောင်း သုတေသနရုံးက မှတ်တမ်းတင်ထားသည်။
လက်ရှိတွင် ဟိုတယ်၊ ဘုန်းကြီးကျောင်း၊ အစိုးရ၊ ဘုရားဝင်းအတွင်းက ရေကန် ၁၂ ကန်ကို ချန်လှပ်ကာ ပထမ အဆင့် ကန် ၄၆ ကန်ကို ပြင်ဆင်နေပြီး ကျန် ၄၅ ကန်ကို ဒုတိယအဆင့် ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းကန်များ ဖော်ဆောင်ပြီးပါက ရာသီဥတုပြောင်းလဲခြင်းကြောင့် သောက်သုံးရေရှားပါးသည့် ဒေသခံများအတွက်လည်းကောင်း၊ စိုက်ပျိုးရေးအတွက်လည်းကောင်း၊ တိရစ္ဆာန်သောက်ရေအ ဖြစ်လည်းကောင်း အကျိုးရှိမည်ဖြစ်သည်။
''မနှစ်က ဒီအချိန် ဒီကန် (ကိုမောက်) က ရေတွေပြည့်နေတယ်။ ဒီနှစ်က ဇွန်လ ၁၀ ရက်ထဲရောက်ပြီရေ တစ်စက်မမရှိဘူး။ ဆိတ်ရေသောက်ဖို့ လေးမိုင်လောက်ဝေးတဲ့ ဧရာဝတီကို သွားနေရတယ်။ ဒီကန်တွေ ရေနေရင်တော့ အားလုံးအကျိုးရှိမယ်'' ဟု ကန်ထဲတွင် ဆိတ်ကျောင်းနေသည့် ဖွားစောရွာမှ ကိုမြင့်သူက ဆိုသည်။
ပုဂံရှိ လူမှုအဖွဲ့အစည်းများကလည်း ဘုရားသန့်ရှင်းရေးလုပ်ငန်းနှင့် အမှိုက်လျှော့ချရေးလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းပါဝင်နေကြောင်းဆိုသည်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဘက်စုံလုပ်ငန်းများ အစီအစဉ်တွင် ခရီးသွားလုပ်ငန်း၏ ဆိုးကျိုးများကို ထိန်းချုပ်ရန် လိုအပ်သကဲ့သို့ ကောင်းကျိုးပေးမည့် လုပ်ဆောင်ချက်များကိုလည်းမြှင့်တင်ပေရန် လမ်းညွှန်ထားသည်။
''ရှေးဟောင်း အဆောက် အအုံတွေ ထိန်းသိမ်း စောင့်ရှောက်တယ်ဆိုတာ သက်ကြီးလူမမာ ထိန်းသိမ်းစောင့်ရှောက်သလိုပဲ။ ဆက်လက် ရပ်တည်ဖို့ဆိုတာ ဘက်ပေါင်းစုံက ထောက်ထားရတာ။ ပြိုမှပြင်တာထက်မပြိုခင်ကတည်းက ကာကွယ်နိုင်ကြတာက ပိုကောင်းတာပေါ့။ ရှေးဟောင်းဒေသ ထိန်းသိမ်းတယ်ဆိုတာ ဒေသခံတွေလည်းပါမှ အောင်မြင်တာ။ အခုက ဒေသခံ အဖွဲ့အစည်းတွေ အားနည်းသေးတယ်။ စီးပွားရေးသမားတွေလည်း ပူးပေါင်းမှုနည်းသေးတယ်လို့မြင်တယ်'' ဟု Future Bagan အဖွဲ့ မှ ကိုမြင့်နိုင်က ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် ပုဂံကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအတွက် UNESCO နှင့်ပူးပေါင်းကာ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဘက်စုံလုပ်ငန်းများအစီအစဉ်ကို ၂၀၁၈ ခုနှစ် မတိုင်ခင်ကတည်းက သက်ဆိုင်ရာ ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူပေါင်းရေးဆွဲကာ အကောင်းအထည်ဖော်ဆောင်ရွက်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ပုဂံရှေးဟောင်း သုတေသန ညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ''UNESCO ကတော့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်တာနဲ့ နည်းပညာအကူအညီတွေပေးတယ်။ ဓာတ်ခွဲခန်းတွေ ထူထောင်ပေးတယ်။ ဝန်ထမ်းတွေကို ပညာသင်တွေ စဉ်ဆက်မပြတ်လုပ်နေတယ်။ နိုင်ငံရေးမူဝါဒ ကိုက်ညီတဲ့ နိုင်ငံတွေကလည်း သီးခြားထိန်းသိမ်းရေး ပူးပေါင်း ပါဝင်လာတာတွေလည်းရှိတယ်” ဟု ဆိုသည်။
ထိုသို့ပူးပေါင်းရာတွင် သဘာဝဘေးများနှင့် ပတ်သက်သည့် စီးမံချက်များတင်ပေးရသည်ရှိသော်လည်း ရာသီဥတုနှင့်ပတ်သက်ပြီး သီးခြားရေးဆွဲပေးရသည်များမရှိသေးကြောင်း ဆိုသည်။
ယခင်က ပညာရှင်ပူးပေါင်းမှုပညာပေးမှုအစီအစဉ်တွင် အမေရိက၊ အီတလီ၊ တရုတ်၊ ကိုးရီးယား၊ ဂျပန်၊ အိန္ဒိယာစသည့် နိုင်ငံများ လာရောက်ပူးပေါင်းမှုများ ရှိသော်လည်း ယခုနောက်ပိုင်း နိုင်ငံအလိုက်ပူးပေါင်းမှုနည်း လာသည်ဟုဆိုသည်။
ပုဂံရှေးဟောင်း အဆောက်အအုံများ ပျက်စီးစေသည့် အဓိကအကြောင်းရင်းတွင် ငလျင်၊ မီးလောင်၊ ရေကြီး၊ မွမ်းမံ၊ ခိုးယူ၊ စစ်ဒဏ်များ ပါဝင်ကြောင်း သမိုင်းသုတေသနနှင့် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ဆိုပါသည်။
နောက်ထပ် ထည့်ရမည့်ဘေးမှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲသည့် ဘေးဖြစ်မည်ထင်ပါသည်။